ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရေးနှင့် လန်စီဝက်

07/06/2024 16:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

အခုနောက်ပိုင်း နိုင်ငံအချို့မှာ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ပြည်ပက သွင်းကုန်ကို အားမကိုးဘဲ ပြည်တွင်းမှာ လုံလောက်အောင် ထုတ်လုပ်ဖို့ ပြောလာကြတယ်။ "ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရေး" ဆိုတဲ့စကား ခေတ်စားလာတယ်။ အထူးသဖြင့်တော့ စင်ကာပူလို စိုက်ပျိုးမြေ မလုံလောက်တဲ့ နိုင်ငံ၊ တရုတ်လို ပထဝီနိုင်ငံရေး စိန်ခေါ်မှုကြီးတဲ့နိုင်ငံတွေပေါ့။ မြန်မာနိုင်ငံကလည်း နိုင်ငံခြားသုံးငွေ အခက်အခဲနဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ပြည်ပသွင်းကုန်လျော့ချဖို့ အကြောင်းဖန်လာပြီး တချို့က "ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရေး" ကို တွင်တွင် ပြောလာကြပါပြီ။

ဒါပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရေးဆိုတာ လွယ်လွယ်နဲ့ ရနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ဘာတွေ လိုအပ်သလဲဆိုတာကို တရုတ်ပြည်ကလာတဲ့ သတင်းတစ်ပုဒ်နဲ့ ဥပမာဆောင်ပြီး တင်ပြချင်ပါတယ်။ 

တရုတ်သိပ္ပံပညာရှင်တွေက လန်စီ (Lansi) လို့ခေါ်တဲ့ အရည်အသွေးမြင့် ဝက်မျိုးသစ် တစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း မေလအတွင်းက ကြေညာခဲ့ပါတယ်။ 

Shenzhen မြို့မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မျိုးဗီဇသုတေသန အင်စတီကျူ့ (Agricultural Genomics Institute) မှာ သုတေသီ Li Kui ဦးဆောင်တဲ့ အဖွဲ့က ၁၄ နှစ်ကြာ သုတေသနပြုပြီးတဲ့နောက် လန်စီကို ဝက်မျိုးသစ်အဖြစ် ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဝက်မျိုးကို တရုတ်အစိုးရ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အဆင့် မွေးမြူရေးဆိုင်ရာ မျိုးဗီဇအရင်းအမြစ် ကော်မတီ (National Livestock and Poultry Genetic Resources Committee) က တရားဝင် အသိအမှတ်ပြုပြီး မွေးမြူထုတ်လုပ်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

အခုလို ကိုယ်ပိုင်ဝက်မျိုးသစ်ကို ထုတ်လုပ်နိုင်တဲ့အတွက် တရုတ်နိုင်ငံဟာ ဝက်မျိုးကောင်းမျိုးသန့်တွေ ပြည်ပက တင်သွင်းနေရတာကို လျှော့ချလာနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံး ဝက်သားထုတ်လုပ်မှုရဲ့ ၄၄ ရာခိုင်နှုန်းကို ထုတ်လုပ်နေပြီး ကမ္ဘာပေါ်မှာ ဝက်သားထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ တချိန်တည်းမှာ ကမ္ဘာ့ဝက်သားစားငုံးမှုာစုစုပေါင်းရဲ့ ၄၆ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ဝက်သားစားသုံးမှု အများဆုံးနိုင်ငံအဖြစ်လည်း ရပ်တည်နေပါတယ်။ ဒါပေမယ့် တရုတ်ပြည်မှာ မွေးမြူနေတဲ့ ဝက်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားက တင်သွင်းတဲ့ ဝက်မျိုးတွေအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။ 

ဒါကြောင့်ပဲ တရုတ် မွေးမြူရေးသုတေသီတွေက ကိုယ်ပိုင်ဝက်မျိုးထုတ်လုပ်နိုင်ရေး အစဉ်အဆက် ကြိုးစားခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်ကစတင်ပြီး သုတေသီ Li Kui နဲ့ အဖွဲ့ဟာ မော်လီကျူလာနည်းပညာအကူအညီနဲ့ မျိုးစပ်နည်းပညာအသစ်တွေကို အသုံးပြုပြီး၊ လက်ရှိ စီးပွားဖြစ်မွေးမြူနေတဲ့ ဝက်မျိုးတွေကို အခြေခံတဲ့ အရည်အသွေးမြင့် ဝက်မျိုးကို ရှာဖွေဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။  

သုတေသနအဖွဲ့ဟာ မျိုးဝက် အကောင် ၂၀၀၀ ကို ကနဦးရွေးချယ်ခဲ့ပြီး တစ်ဖက်မှာတော့ ဝက်တွေရဲ့ မျိုးဗီဇနဲ့ မျိုးစပ်ခြင်းဆိုင်ရာ အချက်အလက် Database ကို တည်ဆောက်ခဲ့ပါတယ်။ ရရှိတဲ့အချက်အလက်တွေကို  ဆန်းစစ်လေ့လာမယ့်  ဆော့ဖ်ဝဲကိုလည်း ရေးဆွဲ ဖန်တီးခဲ့ကြပါတယ်။ 

အဲဒီလို နည်းပညာအသုံးပြုပြီး ဆောင်ရွက်တဲ့အတွက် မျိုးစပ်တဲ့လုပ်ငန်းက ပိုမိုထိရောက်အောင်မြင်သလို တစ်သားနဲ့တစ်သားကြား ကြာချိန်လည်း တိုတောင်းသွားပါတယ်။ မျိုးစပ်လို့ ရလာတဲ့ ဝက်ကလေးတွေရဲ့ အရည်အသွေးကလည်း ပိုပြီး တိကျလာပါတယ်။ ၁၄ နှစ်အကြာ ၂၀၂၄ ခုနှစ်မှာတော့ လန်စီ ဝက်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ 

လန်စီဝက်မျိုးဟာ လက်ရှိ စီးပွားဖြစ်မွေးမြူနေတဲ့ ဝက်မျိုးတွေထက် အရည်အသွေးနဲ့ ထုတ်လုပ်မှုပိုင်းသာမက ရောဂါဒဏ်ခံနိုင်မှုမှာပါ သာလွန်တယ်လို့ ဆိုပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လန်စီဝက်မျိုးသစ်ရဲ့ ဇာတ်လမ်းကနေ တရုတ်နိုင်ငံအနေနဲ့ ပြည်ပကို မှီခိုနေရမှု လျှော့ချရာမှာ ဘယ်အချက်တွေကို အာရုံစိုက်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ 

(၁) စားနပ်ရိက္ခာနဲ့ ပတ်သက်ရင် ပြည်ပကို မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တာဟာ အကောင်းဆုံးပါပဲ။ 

(၂) ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရေး ကြိုးစားရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ်။ ချက်ချင်း ဖြစ်ရမယ်ဆိုပြီး စိတ်ကူး မယဉ်သင့်ဘူး။ လန်စီဝက်မျိုး ပေါ်လာဖို့ အချိန် ၁၄ နှစ် ကြာခဲ့တာကို သတိပြုရမယ်။ 

(၃) အချိန်ယူပြီး ဘာမှ မလုပ်ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်လို့ မရပါဘူး။ ‌လန်စီဝက်မျိုး ပေါ်ပေါက်လာဖို့ Shenzhen မြို့က စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မျိုးဗီဇသုတေသန အင်စတီကျူ့မှာ ပညာရှင်တွေ မနေမနား ကြိုးစားခဲ့ရတယ်။ တရုတ်အစိုးရက လိုအပ်တဲ့ မကူအညီတွေ မပြတ်ပံ့ပိုးခဲ့ရတယ်။ 

(၄) ကိုယ့်ခြေထောက်ဖော်ကိုယ်ရပ်ဖို့ ကြိုးစားရာမှာ "အားလုံးကို အသစ်က ပြန်စကြ (Zero setting)" ဆိုပြီး လုပ်လို့ မရဘူး။ ရှိနှင့်နေပြီးသား အရင်းအမြစ်တွေ အပေါ်ကနေ ဘယ်လို ပိုကောင်းအောင် လုပ်မလဲလို့ စဉ်းစားရတာ ဖြစ်ပါတယ်။ Li Kui တို့ သုတေသီအဖွဲ့ဟာ နိုင်ငံခြားဝက်မျိုးတွေကို အားမကိုးရဖို့ တရုတ်ပြည်က တောဝက်တွေဖမ်းပြီး သုတေသနလုပ်တာ မဟုတ်ပါဘူး။ လက်ရှိမွေးနေတဲ့ ဝက်တွေကိုပဲ အဆင့်မြှင့်ခဲ့တာ ဖြစ်ပါတယ်။ 

(၅) ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ သိပ္ပံပညာကို အားကိုးအားထားပြုရမယ်။ သိပ္ပံနည်းကျမဟုတ်ရင်၊ နည်းပညာအကူအညီ မယူရင်၊ အချိန် ၁၄ နှစ်အတွင်း ဝက်မျိုးသစ် တစ်ခု ပေါ်ထွက်ဖို့ မလွယ်ကူနိုင်ပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရေးဆိုတာ စာရွက်ပေါ် အမိန့်တွေ ထုတ်ရုံ၊ ကြွေးကြော်သံတွေ ဟစ်အော်နေရုံ၊ မိန့်ခွန်းတွေထဲ ထည့်ပြောရုံနဲ့ ဖြစ်လာနိုင်တာမျိုး မဟုတ်ပါဘူး။ 

(၆) ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ အဖွဲ့အစည်း (institutions) တွေ ခိုင်မာအားကောင်းဖို့ လိုပါတယ်။ Shenzhen စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မျိုးဗီဇသုတေသန အင်စတီကျူ့ က သုတေသီတွေက သုတေသနပြု ရှာဖွေဖော်ထုတ်တာကို ပြန်လည်အကဲဖြတ်စစ်ဆေးတဲ့ နိုင်ငံတော်အဆင့် မွေးမြူရေးဆိုင်ရာ မျိုးဗီဇအရင်းအမြစ် ကော်မတီ ဖွဲ့စည်းဆောင်ရွက်တာဟာ အတုယူဖွယ် ဖြစ်ပါတယ်။ 

အနှစ်ချုပ်အနေကတော့ "ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရေး" ဆိုတာ "မျိုးချစ်စိတ်" တစ်ခုတည်းနဲ့ ပြီးမြောက်နိုင်တဲ့ အလုပ်မဟုတ်ဘဲ "ဉာဏ်ပညာ"၊ "ငွေကြေး"၊ "အတတ်ပညာ"၊ "စိတ်ရှည်သီးခံမှု"၊ "ခိုင်မာအားကောင်းတဲ့ စုဖွဲ့လုပ်ဆောင်မှု" "ပြည်သူ့အကျိုး အမှန်တကယ် လိုလားမှု" တွေ ပေါင်းစပ်မှသာ တဖြေးဖြေးချင်း ပြီးမြောက်လာစေနိုင်တဲ့ ကိစ္စဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်