တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (၇) ၊ ယူရီးယားမြေဩဇာ ဘယ်လိုလျှော့ချသုံးစွဲမလဲ

18/08/2022 11:11 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ရှေးလူကြီးများကတော့ ‘ ဝါဆို ဝါခေါင်၊ ရေဖောင်ဖောင် ’ လို့ ဆိုကြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ရာသီဥတုတွေ ပြောင်းလဲလာတာနဲ့အမျှ မိုးရွာသွန်းမှုတွေ ပုံမမှန်တော့တာ တွေ့ရပါတယ်။

ဒီနှစ်ကတော့ မြေလတ်ဒေသနဲ့ အလယ်ပိုင်းဒေသတွေမှာ ဝါဆိုရေမဖောင်ဘဲ မိုးခေါင်ကာလ ကြာမြင့်ခဲ့တော့ ဒီနှစ် မိုးစပါးစိုက်ချိန် နည်းနည်းနောက်ကျတယ်လို့ တပ်ကုန်းမြို့နယ်ထဲက တောင်သူကြီး ဦးမောင်ညိုက ပြောပါတယ်။

ဒီတခေါက် စာရေးသူ တောင်သူဆွေးနွေးပွဲ ပြုလုပ်တဲ့ ဒေသက တပ်ကုန်းမြို့ အရှေ့ဖက်၊ ဘော်ရွာမှာပါ။

ကျင်းပတဲ့နေရာကလည်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ (Knowwdge center) KC ရုံးမှာဆိုတော့၊ နေရာအခင်းအကျင်း အတော်အဆင်ပြေပါတယ်။

KC ရုံးမှာ တောင်သူများ လေ့လာစရာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စိုက်ပျိုးရေး နည်းစနစ် စာအုပ်များနဲ့ အခြားဗဟုသုတရဖွယ်၊ မှိုစိုက်နည်း၊ ကိုင်းကူးနည်း အပါအဝင် စုံလင်စွာ တွေ့ရပါတယ်။

ဆွေးနွေးပွဲမှာတော့ ထုံးစံအတိုင်း အမျိုးသမီးပရိသတ်က ထက်ဝက်ပေါ့။

အဓိကသီးနှံကတော့ ဝါနဲ့ စပါး အကြောင်းပါပဲ။ တောင်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို မေးကြည့်တော့..

- ဝါမှာ ဖြုတ်စိမ်းကျရောက်ခြင်း

- စပါးမှာ တိုက်ရိုက်စိုက်ခင်းများလာတော့ ပေါင်းမြက်မနိုင်ခြင်း။ ( မုန်ညင်းအုပ်စု များပါတယ်)

- စပါးဖြုတ်ညို ဆိုးရွားစွာ ကျရောက်ခြင်း

- အနှံထွက်နောက်ပိုင်း စပါးမှိုသီးရောဂါ ကျရောက်ခြင်း။

စတဲ့ ပိုးမွှားရောဂါ ကျရောက်မှုတွေကို မနှစ်က အတွေ့အကြုံတွေအရ ပြောပြကြပါတယ်။

စာရေးသူလည်း Power point နဲ့ ကြိုတင်ပြင်ဆင်ခဲ့ပြီးသားမို့ Projecter မှာ ပြဿနာ တခုချင်းအတွက်..

  • ဖြစ်စေတဲ့ အကြောင်းရင်း၊
  • မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း
  • ဖြစ်လျှင်ဖြစ်ချင်း ကုသနည်းလမ်းများကို ..

သဘာဝနည်း၊ ဓာတုနည်းများ၊ ကုမ္ပဏီဆေးများ စနစ်တကျ သုံးစွဲနည်းများကို ပုံနဲ့တကွ အသေးစိတ် ရှင်းလင်းပြသပေးရပါတယ်။

ဒါတွေကတော့.. တောင်သူပညာပေး ဆွေးနွေးပွဲတိုင်းမှာ လုပ်ရိုးလုပ်စဥ်အတိုင်းပါပဲ။

ပြီးတာနဲ့  မရှင်းတာ၊ သိလိုတာ ပြန်လည်မေးမြန်း ဆွေးနွေးပေးရပါတယ်။

ဒီဆောင်းပါးလေးမှာ အဓိက ပြောချင်တာလေးက အခုမှ စတာပါ။

"ဆရာ..ကျနော် မေးသင့်မမေးသင့်စဥ်းစားနေတာ..ဗျ” ဆိုပြီး..

ဆွေးနွေးပွဲ ပြီးခါနီးမှ.. တောင်သူတယောက်က ထမေးပါတယ်။ 

"မေးလည်း မေးချင်၊ အမေးမှားမှာလည်းစိုးလို့"..တဲ့။

ဦးမောင်ညိုရယ်၊ မေးစရာရှိတာ မေးသာမေးပါ။

အခုလို ပလ္လင်ခံနေမှ ပိုတောင် စိတ်လှုပ်ရှားသွားတယ်။

"ဒီလိုပါ ဆရာ..ဆရာတို့ ဆေးကုမ္ပဏီ၊ မြေသြဇာကုမ္ပဏီတွေက၊ ဓာတ်မြေသြဇာသုံးစွဲဖို့ တွင်တွင်သာ ပြောနေကြပေမယ့်...

အခုလို မြေသြဇာတအိတ် တသိန်းကျော်ဆိုတော့..တောင်သူတွေ ဝယ်သုံးဖို့ အတော်စဥ်းစားနေရပါတယ်။

ဒီအချိန်မှာ..ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနည်းတွေကို ဘယ်သူမှ မပြောကြဘူးဆရာ၊

ကျနော်တို့ တောင်သူတွေကို ငဲ့သောအားဖြင့် ဆရာတို့ အကြံပေးစေချင်ပါတယ်” ..တဲ့ဗျား။

အလွန်အင်မတန်ကောင်းပြီး တောင်သူတွေအတွက် တကယ်အရေးကြီးတဲ့ မေးခွန်းပါ။

ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနည်းကို သီးသန့် မဆွေးနွေးတာကလည်း အခုလို မေးသူမရှိတာလည်း ပါပါတယ်။ အချိန်ကို ငဲ့ရတာလည်း ပါပါတယ်။

ကဲ..ဦးမောင်ညို မေးတဲ့ မေးခွန်းလေးကို ကျနော်တခါတည်း ဖြေပေးလိုက်ပါမယ်။

သိပ်ခဲခဲယဥ်းယဥ်း မဟုတ်ပါဘူး၊ တကယ်လုပ်ဖြစ်ဖို့ပဲ လိုပါတယ်။

စာရေးသူ စိုက်ပျိုးရေးဝန်ထမ်း ဘ၀တုန်းက လက်တွေ့ပြုလုပ်နည်းလေးပါ။

ဓာတ်မြေသြဇာ ဘယ်လို လျှော့ချသုံးစွဲမလဲ?

စပါး၊ ပြောင်း၊ ဂျုံ စတဲ့ နှံစားသီးနှံတွေက ယူရီးယားခေါ်  နိုက်ထြိုဂျင်မြေသြဇာကို ကြိုက်တာအမှန်ပါပဲ။

မကျွေးလို့လည်း မရပါဘူး။

ကျွေးပြန်ရင်လည်း၊ မြေသြဇာစျေးနဲ့ ရလာမယ့် သီးနှံစျေးနဲ့ တွက်ချေမကိုက်ဖြစ်နိုင်ပါတယ်။

ဒီတော့...

နှစ်တိုင်း ယူရီးယားကို တဧက/တအိတ် သုံးတယ်ဆိုရင် တဝက်လျှော့သုံးကြည့်မယ်။

(တအိတ်မှာ =၂၄ ပြည်ပါရင် >> ၁၂ ပြည်ပဲ သုံးမယ်ပေါ့)

သို့သော် ယူရီးယားချည်း သီးသန့်မသုံးရပါဘူး။

(ယူရီးယား သီးသန့်သုံးရင် အငွေ့ပျံလွယ်တာရယ်၊ မြေထဲ၊ ရေထဲ ပျော်ဝင်ဆုံးရှုံးတာရယ်နဲ့ စပါးပင်က ၃၀% ပဲ စားရပါသတဲ့)

ဆိုတော့ကား..

ပါဝင်ပစ္စည်း ၃ - မျိုး ရောပြီး သုံးရပါမယ်။

ဘာတွေပါမလဲ..?

  • ၁။   သဘာဝမြေဆွေး (နွားချေး/ ကြက်ချေး/ ဆိတ်ချေး/ သစ်ရွက်ဆွေး)
  • ၂။  ဂျစ်ဆန် (Pure gypsum = Ca ,24%+ S ,17%)
  • ၃။ ယူရီးယား ( N - 46% = အိတ်ဝက်)

စပါးတဧကစာအတွက် ပြုလုပ်နည်း

  • နွားချေးမှုန့်(သဘာဝ မြေသြဇာ)  ပီနံအိတ် ၆ အိတ်စာ အဆင်သင့်လုပ်ထားပါ။
  • ဂျစ်ဆန်မှုန့် (25 kg) အိတ်ဝက် ထည့်ရပါမယ်။
  • ယူရီးယား အိတ်ဝက်(၁၂ ပြည်ခန့်)

(၁ ဧကစာကို  ၃ကြိမ် ခွဲပက် ကျွေးရပါမယ်)

ပထမတကြိမ်အတွက် နှုန်းထားမှာ...

မြေကွက်လပ်ပေါ်မှာ ..

  • နွားချေး (သဘာဝမြေဆွေး) ၂ အိတ်စာ ပုံပါ။
  • ဂျစ်ဆန် (25kg) တအိတ်ရဲ့ သုံးပုံတပုံ ခွဲထည့်ပါ။
  • နောက်ဆုံးမှာ ယူရီးယားအိတ်ဝက်ရဲ့ သုံးပုံတပုံ (၄ ပြည်ခန့်) ထည့်ပြီး ရောသမမွှေပါ။
  • မွှေပြီးရင် ပီနံအိတ်ထဲထည့်ပြီး ကြိုးစည်းပါ။
  • တည သိပ်ထားပြီးမှ နံနက်ခင်း (သို့မဟုတ်) ညနေ နေအေးချိန်၊ ရေစပ်စပ်မှာ ပက်ကျွေးပါ။

၃ ကြိမ်ဆိုတာ၊ ဘယ်အချိန်တွေ ကျွေးရမလဲ?

  • ပထမအကြိမ် - ကောက်ပင်လှန်ချိန် (သို့မဟုတ်) စပါးကြဲပြီး ၁၅ -၂၀ ရက်သားအရွယ်
  • ဒုတိယအကြိမ် - အပင်ပွားစည်းချိန် (သို့မဟုတ်) စပါးကြဲပြီး  ၂၅ - ၃၀ ရက်သားအရွယ်
  • တတိယအကြိမ် - ဖုံးတုံးလုံးတုံးအချိန်(သို့မဟုတ်) စပါးကြဲပြီး ၄၀ - ၄၅ ရက်

(မှတ်ချက် >> စပါးမျိုးအလိုက်၊ အသက်ရက်အလိုက် မြေသြဇာကျွေးချိန် ပြောင်းလဲပေးပါ။)

ဘယ်လိုအာဟာရဓာတ်တွေပါသလဲ?

နွားချေးထဲမှာ N,P,K အပြင် Ca,Mg, S တွေဆိုတဲ့ ဓာတ်ပိုင်းဆိုင်ရာအပြင် မြေကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာပါ ပြုပြင်ပေးတယ်ဗျာ။

ဂျစ်ဆန်ထဲမှာလည်း Ca, နဲ့ S ဓာတ်ပါသေးတယ်ဗျာ။

ယူရီးယားထဲမှာတော့ N 46% ပါတယ်ဆိုတာ သိကြပြီးသား .. နော။

ဒါလည်း သဘာဝကွန်ပေါင်းမြေသြဇာ တမျိုးပဲပေါ့။

ရရှိစေမယ့်အကျိုးအာနိသင်များ

စပါးခင်းကို ယူရီးယားတမျိုးတည်းသုံးရင် ခဏပဲစိမ်းမယ်။ ၇ ရက်လောက်ဆို ပြန်ဝါလာမှာ။

အခုလို သဘာဝ မြေသြဇာမှာ တညနှပ်ထားတော့...

ယူရီးယားထဲက N ဓာတ်တွေကို နွားချေးနဲ့ ဂျစ်ဆန်က စုပ်ယူထိန်းသိမ်းထားပါတယ်။

(အပင်စားနိုင်တဲ့အဆင့်နိုက်ထြိတ်ပုံစံ ပြောင်းပေးပြီးသား ဖြစ်စေပါတယ်)

စပါးပင်ကို ကျွေးရာမှာလည်း Slow release action( ဖြည်းဖြည်း၊ နည်းနည်းချင်း စားသုံးခြင်း)ဖြစ်လို့ အစိမ်းရောင် ကြာရှည်ခံပါတယ်။

လက်တွေ့ စမ်းသပ်သုံးစွဲကြည့်ကြပေါ့ဗျာ..

ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းနဲ့ အရည်အသွေး ကောင်းဖို့ပဲ လိုပါတယ်။

ဒီတပတ်တော့  ဒီလောက်နဲ့ပဲ  နားကြဦးစို့ ..

အားလုံး ကျန်းမာချမ်းသာကြပါစေ..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်