ငါးမွေးမြူရေးအတွက် ငါးမွေးကန်များတူးဖော်ပြုလုပ်မည်ဆိုသော် (၃) - ပတတ်စတစ်ခင်းကန်၊ ခြံခတ်မွေးမြူခြင်း

18/05/2023 14:38 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

(ဂ) ပလတ်စတစ်ခင်းကန်

တစ်နိုင်တပိုင် အသေးစားငါးမွေးမြူရာတွင် ပလတ်စတစ်ခင်းကန်များကိုလည်း အသုံးပြုကြပါသည်။ ၎င်းပလတ်စတစ်ခင်းကန်များသည် အရွယ်အစားအားဖြင့် သေးငယ်သော ကန်များသာဖြစ်ကြပါသည်။

သို့ရာတွင် စီးပွားဖြစ် ရေငန်ပုစွန် အထူးဂရုစိုက်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသောပလတ်စတစ်ခင်းကန်များတွင်မူ ၂ ဧကအရွယ်အထိ ကြီးမားပြီး အထူးပြုလုပ်ထားသော (HDPE) ပလတ်စတစ်အခင်းစများကို အသုံးပြုပါသည်။

ပလတ်စတစ်ခင်းကန်များ၏အားသာချက်မှာ အောက်ခြေမြေသား၏ သဲပါဝင်မှုအား အလေးအနက်ထားရန်မလိုအပ်ခြင်းဖြစ်ပြီး ၎င်းကန်ငယ်များအား ပြင်ပ(Outdoor) တွင်သာမက အိမ်တွင်း (Indoor)တွင်ပင် တည်ဆောက်အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။

၎င်းကန်များအား မွေးကာလတစ်လျှောက်လုံး ရေသွင်းရေထုတ်အမြဲပြုလုပ်နေသော ရေရှင်စနစ် (Raceway)ကန်များအဖြစ်လည်း ပြုပြင်အသုံးပြုနိုင်ပါသည်။ ၎င်းရေရှင်စနစ်သုံးကန်များအား ရေ၏အရည်အသွေးအထူးကောင်းမွန်ရန် လိုအပ်သောငါးနှင့် အခြားရေသတ္တဝါများ မွေးမြူရာတွင် အသုံးပြုပါသည်။

ပလတ်စတစ်ခင်းကန်များအား မြေသားအားတူးဖော်၍လည်းကောင်း၊ မြေသားဖြင့် ဘောင်တင်ထားသော ကန်များအဖြစ်လည်းကောင်း၊ အုတ်ခဲ(သို့မဟုတ်)သစ်သားဖြင့် ကာရံထားသောကန်များ အဖြစ်လည်းကောင်း တွေ့ရလေ့ရှိပါသည်။ အမြင့်အားဖြင့် ၃ ပေအမြင့်ခန့် ပြုလုပ်လေ့ရှိပါသည်။

ပလတ်စတစ်ခင်းကန်များ၏ အဓိကအားနည်းချက်မှာ မြေသားနှင့်မွေးကန်၏ရေတိုက်ရိုက်ထိတွေ့မှု မရှိသဖြင့် မြေသားကန်များကဲ့သို့ သဘာဝအလျောက် ရေအား ပြန်လည်သန့်စင်သောစနစ် မရှိသည့်အတွက် ရေလဲလှယ်မှုမရှိပါက မွေးကန်၏ရေအရည်အသွေး ကျဆင်းမှုမြန်ဆန်ခြင်း ဖြစ်ပါ သည်။ 

(ဃ) ခြံခတ်မွေးမြူရေး(Pen culture)

ခြံခတ်မွေးမြူရေးနည်းစနစ်သည် လှောင်အိမ်ဖြင့် မွေးမြူသည့်နည်းစနစ်ကဲ့သို့ပင် အသေးစားရေနေသတ္တဝါမွေးမြူသူများ၊ အထူးသဖြင့် ကန်တူးရန်မြေပိုင်ဆိုင်မှု မရှိကြသူများ၊ ရေလုပ်သားများအတွက် အထူးသင့်လျော်သောလုပ်ငန်းရပ်တစ်ခုဖြစ်ပါသည်။

ခြံခတ်မွေးမြူရေး၏ အခြေခံသဘောတရားမှာ ရေအတက်အကျ၊ အဝင်အထွက်ရှိသော သြဇာဓာတ်ကောင်းမွန်သည့် ဒီရေတောကဲ့သို့သော မြေနိမ့်ရေရောက် ဒေသအတွင်းတွင် ပိုက်ဖြင့်သော် လည်းကောင်း၊ ဆန်ခါစများဖြင့်သော်လည်းကောင်း ခြံခတ်၍ ရေသတ္တဝါများအား လှောင်အိမ်အကြီးစားများကဲ့သို့ မွေးမြူခြင်းဖြစ်ရာ လှောင်အိမ်မွေးမြူရေးနှင့် အခြေခံသဘောတရားအားဖြင့် တူညီပါသည်။

ခြံခတ်မွေးမြူရေးသည် အသေးစားငါးမွေးမြူသူများအကြားတွင် များစွာတွင်ကျယ်ရေပန်းစားခြင်းမရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ကမ်းခြေဒေသတချို့၌ ကဏန်းအား ခြံခတ်မွေးမြူခြင်းကို ဆောင်ရွက်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

ခြံခတ်မွေးမြူရေးအတွက်နေရာအား ရွေးချယ်ရာတွင် ရေ၏အရည်အသွေး၊ ရေအနက်နှင့် ရေစီးအား အပြင်းအပျော့ပေါ်တွင်မူတည်၍ ရွေးချယ်ရမည်ဖြစ်ပါသည်။ ခြံခတ်မွေးမြူရေးအတွက် နေရာရွေးချယ်ရာတွင် မွေးမြူမည့်သတ္တဝါ၏လိုအပ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

ရေ၏အရည်အသွေးများဖြစ်သော ရေ၏အငန်နှုန်း၊ ချဉ်ဖန်နှုန်း၊ အပူချိန်၊ ပျော်ဝင်အာက်ဆီဂျင် စသည်တို့သည် မွေးမြူမည့်သတ္တဝါ၏လိုအပ်ချက်နှင့် ကိုက်ညီနေရမည်ဖြစ်ပါသည်။ ရေအနက်အနေဖြင့် ၉ ပေခန့်ရှိသင့်ပြီး အောက်ခြေမြေသားသည် အလွန်အမင်း ဗွက်ထူသောနေရာမဖြစ်သင့်ပါ။

အော်ဂဲနစ်အနည်အနှစ်များ မြင့်မားနေပါကလည်း ရေ၏အရည်အသွေးကို လျင်မြန်စွာကျဆင်းစေတတ်ပါသည်။ ရေစီးနှုန်းအနေဖြင့် တစ်စက္ကန့်လျှင် ၁၅ လက်မထက်ပိုမိုသောနေရာများအား မရွေးချယ်သင့်ပါ။ တစ်စက္ကန့်လျှင် ၄ လက်မမှ ၈ လက်မခန့် ရေစီးနှုန်းရှိသောနေရာများသည် အသင့်လျော်ဆုံးဖြစ်ပါသည်။

ခြံခတ်မွေးမြူရေးအမျိုးအစားအနေဖြင့် မွေးမြူမည့်ရေသတ္တဝါအပေါ်မူတည်၍ ကွဲလွဲမှုအမျိုးအစားများစွာရှိပါသည်။ ခြံခတ်မွေးမြူရေးနည်းစနစ်ဆိုင်ရာ နမူနာအနေဖြင့် တစ်နိုင်တပိုင် မိသားစုများနှင့် ကိုက်ညီမှုရှိသောကဏန်းအား ခြံခတ်မွေးမြူမည့်နည်းစနစ်အား ဖော်ပြအပ်ပါသည်။

ကဏန်းအား ခြံခတ်(သို့မဟုတ်)ခြံလှောင်စနစ်ဖြင့် အသားတိုးမြန်မွေးမြူနည်းစနစ်သည် ဒီရေရောက်သစ်တောများအတွင်း သဘာဝသစ်ပင်သစ်တောများအား ထိခိုက်ပြုန်းတီးမှုမရှိဘဲ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရစေသော လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ပါသည်။ ဒီရေတောအတွင်း သဘာဝရေပြင်တွင် မွေးမြူခြင်းဖြစ်သည့်အတွက် ရေ၏အရည်အသွေးကျဆင်းခြင်းကဲ့သို့သော မလိုလားအပ်သည့် ပြဿနာများ မရှိသလောက်နည်းပါးပါသည်။

ခြံတည်ဆောက်မည့်မြေနေရာသည်...

သစ်ပင်အရိပ်အာဝါသရှိ၍ ဒီရေအဝင်အထွက်ရှိသည့်ချောင်းရိုး၊ လတာပြင်ကဲ့သို့သော မြေနိမ့်ရာနေရာ ဖြစ်ရပါမည်။

လုံခြုံရေးစိတ်ချရသောနေရာ ဖြစ်ရပါမည်။

သားပေါက်များအား အလွယ်တကူဝယ်ယူ/စုဆောင်းနိုင်သောနေရာလည်း ဖြစ်ရပါမည်။

ကဏန်းမွေးမြူမည့်ခြံအကျယ်ကို မိမိ၏မတည်ရင်းနှီးနိုင်မှုငွေကြေးနှင့် လူအင်အားပမာဏ၊ မြေနေရာရရှိနိုင်မှုတို့အပေါ်မူတည်ပြီး ခြံခတ်သတ်မှတ်ဆောင်ရွက်ရပါမည်။

အများအားဖြင့် တစ်နိုင်တပိုင်အတွက် ၃၀ ပေ ပတ်လည်ရှိခြံမှ စီးပွားဖြစ်လုပ်ငန်းအတွက် ၁ ဧကမှ ၂ ဧကခန့်(သို့မဟုတ်) ၎င်းထက်ကြီးမားသော နေရာအကျယ်အဝန်းအား ခြံခတ်သတ်မှတ်ဆောင်ရွက်နိုင်ပါသည်။

ခြံတည်ဆောက်ရာတွင် ခြံအား(၁/၂ လက်မ)အပေါက် အရွယ်အစားရှိသော ပလတ်စတစ်ဆန်ခါ၊ ပိုက်သားဖြင့် ကာရံမည်ဆိုပါက အမြင့် ၆ ပေရှိ ပိုက်သား၏အထက် အပေါ်ဘက်တွင် ၁ ပေခွဲခန့်ရှိ ပလတ်စတစ်အထူသားကို အလျားလိုက် ပူးတွဲချုပ်လုပ်တပ်ဆင်ထားပြီး အောက်ခြေနှင့် အပေါ်ထိပ်တစ်လျှောက်တွင် ၂ မီလီမီတာ ပလတ်စတစ်ဆိုင်းကြိုးကို တပ်ဆင်ပေးရမည်။

မိမိခြံကာမည့် ဧရိယာတစ်လျှောက်တွင် အနည်းဆုံး ၉ ပေခြားဖြင့် ခြံတိုင်များကို ခိုင်မြဲစွာစိုက်ထူထားရပါမည်။

ပိုက်သားအားတပ်ဆင်ရာတွင် ခြံအောက်ခြေလိုင်းတစ်လျှောက်ကို အနက် ၆ လက်မထက် မနည်းသော သပ်မြောင်းအားတူးဖော်ပြီး ပိုက်၏အောက်ခြေ အနားသားကို ၉ လက်မအရှည်ရှိသော ဝါးငုတ်များဖြင့် သပ်မြောင်းအတွင်းစိုက်မြှုပ်ကာ မြေကြီး/ရွှံ့ကို ခြေဖြင့်နင်းပြီး ဖိသိပ်၍ ပြန်ဖို့ထားရပါမည်။

ပိုက်သား၏အပေါ်အနားသားကို ပိုက်သားတင်းစေရန်ဆွဲယူလျက် တိုင်တွင်ချိတ်ဆွဲချည်နှောင်ထားရပါမည်။ တိုင်များ၏ ခါးလည်ပိုင်းများတွင်လည်း ပိုက်သားအားမြဲစေရန် ပူးတွဲချည်နှောင်ထားရန် လိုအပ်ပါသည်။

ခြံအတွင်းတွင် ဒီရေလုံးဝစစ်သောအချိန်၌ ကဏန်းများ ခိုအောင်းနိုင်ရန်အတွက် ၁ ပေ - ၁ ပေ ခွဲနက်ပြီး ၂ ပေပတ်လည်ခန့်ကျယ်ဝန်းသောမြေကျင်းများကိုလည်း ၁၀ ပေပတ်လည်တွင် တစ်ကျင်းနှုန်းဖြင့် တူးဖော်ပေးထားပြီး အစာကျွေးရန်နှင့် စစ်ဆေးရန်အတွက် လူလျှောက်လမ်းကိုလည်းတည်ဆောက်ထားရန် လိုအပ်ပါသည်။

မွေးမြူနည်းစနစ် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မိမိမွေးမြူမည့်ကဏန်းများ၏ အထီး၊ အမကောင်ရေနှင့် အလေးချိန်ကို ကန်အတွင်း မထည့်သွင်းမီ ချိန်တွယ်မှတ်သားထားပါ။

သားပေါက်အရွယ်အစား - ကိုယ်ထည်ကန့်လန့်ဖြတ်အလျား ၄.၂ လက်မနှင့် ဒေါင်လိုက် ၃.၅ လက်မအရွယ်အောက်သေးငယ်သော ကဏန်းအထီး၊ အမများ။

သားပေါက်ထည့်သွင်းနှုန်း - ၃ ပေပတ်လည် အကျယ်အဝန်းအတွက် ၅ ကောင်မှ ၁၀ ကောင်အထိ။

ကျွေးမွေးသည့်အစာ - စွန့်ပစ်ငါး၊ အသားအမျိုးစုံ။

အစာကျွေးနှုန်း - တစ်နေ့လျှင် ကဏန်းများ၏စုစုပေါင်းကိုယ်အလေးချိန်၏ ၅% အား နေ့စဉ် မနက်နှင့် ညနေ (၂)ချိန်ခွဲ၍ ကျွေးမွေးရပါသည်။

ရေလဲလှယ်ခြင်း - ရေထရက်တိုင်း သဘာဝအတိုင်းရေလဲလှယ်သွားပါသည်။

မွေးမြူရေးကာလ - ၁၀ ရက်မှ ၂၀ ရက်တွင် တစ်ကြိမ်။

အငန်နှုန်းလိုအပ်ချက် - ၁၀ မှ ၂၅ ထောင်ခိုင်နှုန်း။

မွေးမြူထားသော ကဏန်းများအား ထောင်ချောက်များဖြင့်ဖမ်းဆီးပြီး စျေးကွက်ဝင်အရွယ်အစားရှိသည့် ကဏန်းများအား ရွေးချယ်ဖော်ထုတ်ရောင်းချပါသည်။ မိမိဖော်ထုတ်ရောင်းချသည့် အကောင်အရေအတွက်အတိုင်း ပြင်ပမှသားပေါက်များအား ထပ်မံဝယ်ယူထည့်သွင်းမွေးမြူသွားရန် ဖြစ်ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

အပိုင်း(၁) နှင့် (၂) တို့ကို ဖတ်ရှုလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Making_Fish_farm_1

https://greenwaymyanmar.com/posts/Fish_farming_cage_system

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်