စိုက်ပျိုးရေးတိုးတက်မှုနယ်ပယ် ကျယ်ပြန့်မှုအလိုက် မတူကွဲပြားသောချဉ်းကပ်မှုများ

17/08/2022 15:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

လယ်ကန်သင်းလေးဖက်လေးတန်အတွင်းရှိ စပါးအထွက်တိုးရေးကိုသာ လိုချင်သည်ဆိုလျှင် “မြေ၊ မျိုး၊ ပိုး၊ သွင်းအားစု၊ ရာသီမှန် စိုက်နည်းမှန်” ဟူသော နည်းပညာဆိုင်ရာချဉ်းကပ်မှုဖြင့် အစွမ်းပြ၍ ရပါသည်။

သို့ရာတွင် လယ်ကွက်တစ်ကွက်မှ မြို့နယ်တစ်ခုလုံးအထိ၊ မြို့နယ်မှ တိုင်းဒေသနိုင်ငံတစ်ခုလုံးအထိ ကျယ်ပြန့်သော သက်ရောက်မှု (Scaling up) လုပ်ရတော့မည်ဆိုလျှင် နည်းပညာချဉ်းကပ်မှု တစ်ခုတည်းဖြင့် မရနိုင်တော့ပေ။ 

နိုင်ငံနယ်နိမိတ်အပိုင်းအခြားတစ်ခုအတွက် အထွက်တိုးရေးကို ပြောရမည်ဆိုလျှင် နည်းပညာအသုံးချနိုင်မှုကို လွှမ်းမိုးချုပ်ကိုင်နေသော စိုက်ပျိုးရေးနှင့်ဆက်နွှယ်သည့်ကဏ္ဍများစွာကို ကိုင်တွယ်ရမည်။ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရမည်။ 

နိုင်ငံတစ်ဝန်းလုံးကို တာဝန်ခံစဉ်းစားရသူတစ်ဦးက ယနေ့စပါး စိုက်ဧကကို တစ်ဧကမျှော်မှန်း အထွက်နှုန်းနှင့် သုံးချက်တွက်နည်းဖြင့်တွက်ကြည့်ပြီး ထုတ်လုပ်မှုတိုးတက်အောင် လုပ်ပြမည်။ စီးပွားရေး ဦးမော့အောင်လုပ်ပြမည်ဟု ပြောလာလျှင် စိန်ခေါ်မှုများစွာကို ကနဦး ဖြေရှင်းပေးရန် လိုလာသည်။

နည်းပညာချဉ်းကပ်မှုထက် ရှုပ်ထွေးကျယ်ပြောသော ကဏ္ဍများစွာ ရှိနေသည်။ 

  • မက်ခရိုစီးပွားရေးနယ်ပယ်နှင့် ငွေကြေးကဏ္ဍတည်ငြိမ်လာစေရေး၊ 
  • လယ်ကွက်မှကမ္ဘာ့ဈေးကွက်ထိချိတ်ဆက်ထားရသော တန်ဖိုးကွင်းဆက်တစ်လျှောက် အထစ်အငေါ့ အဟန့်အတားများ လျှော့ချနိုင်ရေး
  • ၎င်းကွင်းဆက်အသီးသီးမှာ ပါဝင်နေသည့် အကျိုးသက်ဆိုင်သူအားလုံး သဟဇာတ သာတူညီမျှခွဲဝေခံစားနိုင်ရေးကို ထိန်းကျောင်းညှိနှိုင်းဆောင်ရွက်နိုင်မှု၊ 
  • လယ်ယာထွက်ကုန်ကို ဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်မှု၊ 
  • ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်သွယ်မှုအတွက်ငွေပင်ငွေရင်းလည်ပတ်နိုင်မှု၊ 
  • တာဝန်ယူစိတ်ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို အာမခံပေးနိုင်သောယုံကြည်မှုနှင့် တရားဥပဒေစိုးမိုးမှုကိုတည်ဆောက်ရေး၊ 
  • ဘက်ညီသောကစားကွင်း အခင်းအကျင်းနှင့် လုပ်နိုင်ကိုင်နိုင်လွယ်သော စီးပွားရေးဝန်းကျင်တို့ကို ဖန်တီးထားရှိနိုင်မှု၊ 
  • ရာသီဥတုအပြောင်းအလဲဒဏ်ကို ကြံ့ကြံ့ခံနိုင်မှု၊ 
  • ကျွမ်းကျင်မှုနှင့် စံချိန်မီနည်းပညာဝန်ဆောင်မှု၊ 
  • တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် စောင့်ကြည့်ထိန်းကျောင်းနိုင်သော အဖွဲ့အစည်းများ အားကောင်းလာမှု 

အစရှိသော အခင်းအကျင်းအားလုံးကို မပျက်မကွက် ဖြည့်ဆည်းပေးရန် လိုအပ်နေပါသည်။

ယခုကာလတွင် ဆိုခဲ့ပါကိစ္စရပ်များစွာမှာ ပြိုလဲစဖြစ်နေပါသည်။ အပြိုအပျက်ကြားထဲမှ တည်ဆောက်ရမည့် ဖွံ့ဖြိုးရေးရွက်ဖျင်တဲသည် သဘာဝအားဖြင့် ရေရှည်စွဲမြဲ သက်ရောက်နိုင်မှု အားနည်းနိုင်ပါသည်။

စိုက်ပျိုးရေးအပိုင်းကို ပြန်ဆက်ရလျှင် ယခုနှစ်ဇူလိုင်လကုန်ခန့်က “ခိုင်မြတ်” ဆိုသူ၏ Facebook ၌ ဖတ်ရှုလိုက်ရသော စီမံခန့်ခွဲမှုဆိုင်ရာ AMO သီအိုရီတစ်ခုကို သတိရသွားပါသည်။ ယင်းကို မှီငြမ်းပြောရလျှင် တောင်သူတစ်ဦး၏ ထုတ်လုပ်မှုစွမ်းဆောင်ရည်ဆိုသည်မှာ ထိုသူ၏လုပ်ကိုင်နိုင်စွမ်း (Ability)၊ လုပ်ချင်ကိုင်ချင်သော နိုးကြားစိတ် (Motivation) နှင့် ရရှိသောအခွင့်အလမ်း (Opportunity) စသည့် အကြောင်းအရာ ၃ ချက်၏ မြှောက်လဒ် ဖြစ်ပါသည်။ 

တောင်သူလယ်သမား၏အရွေ့ = စွမ်းဆောင်ရည် x စေ့ဆော်နိုးကြားမှု x အခွင့်အလမ်း

ယေဘုယျအားဖြင့် တောင်သူလယ်သမားတစ်ဦးတွင် လုပ်ရည်ကိုင်ရည်စွမ်းဆောင်ရည် (Ability / Capacity) ကောင်းကြပါသည်။

သို့ရာတွင် အထွက်တိုးရန်အားထုတ်လိုစိတ်၊ နိုးကြားစိတ်ထကြွလာရန်မှာ ၎င်းရနိုင်မည့်အမြတ်အစွန်းနှင့် ဈေးကွက်ဆွဲဆောင်မှုက အခရာ ကျပါသည်။ အခွင့်အလမ်းအနေဖြင့် စိုက်ပျိုးစရိတ်၊ ချေးငွေ၊ သင့်တင့်မျှတသောဈေးဖြင့် ရနိုင်မည့် အရည်အသွေးမီသွင်းအားစုရနိုင်မှု စသောအခွင့်အလမ်းများကို ပေးနိုင်ပါလျှင် အထူးတလည်ဖိအားပေးစရာလည်းမလို၊ စည်းရုံးစရာလည်းမလိုပဲ သူ့သဘောသူဆောင် အစွမ်းကုန် ကြိုးစားလုပ်ကိုင်သွားပါလိမ့်မည်။

စိုက်ပျိုးရေးနည်းပညာရှင်က မှန်ကန်သောလမ်းကြောင်းကို ချပေးရန် လိုပါလိမ့်မည်။ လယ်ယာစီးပွားရေးအပိုင်း (Agri-business) မှ အကျိုးအမြတ်ရရှိနိုင်မည့်နည်းလမ်းများကို ပြသပေးရန် လိုပါမည်။  ယင်းအခွင့်အလမ်းနှင့် လှုံ့ဆော်နိုးကြားစိတ်များ ထွက်ပေါ်လာရန်မှာ အထက်ကပြောခဲ့သော ဈေးကွက်နှင့်စီးပွားရေးပေါ်လစီဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရပါမည်။ ဖန်တီးပေးနိုင်သူများနှင့် ဆက်စပ်ပေါင်းစည်းဆောင်ရွက်နိုင်ရပါမည်။

လယ်ယာမြေတစ်ကွက်မှ နိုင်ငံအဆင့်အထိ အထက်တွင်ဆိုခဲ့ပါကိစ္စရပ်နှစ်ခုမှာ စတင်ဆောင်ရွက်ရသောတောင်သူလယ်သမားများနှင့် နိုင်ငံအဆင့်တာဝန်ခံရမည့်ထိပ်ဆုံးအလွှာ၏အခန်းကဏ္ဍကို ယေဘုယျ ရည်ညွှန်းပါသည်။ ကြားခံအဆင့်များစွာလည်း ကျန်နေပါသေးသည်။

အတွင်းအလွှာများ၌ ပြုပြင်ပြောင်းလဲပေးရမည့် နယ်ပယ်ကျယ်ဝန်းလာသည်နှင့်အမျှ ရာထူးအဆင့်များ ပိုမြင့်လာသော တာဝန်ခံများအနေဖြင့် နည်းပညာနယ်ပယ်လုပ်ငန်းကို အချိန်ပေးရမှုနည်းလာနိုင်သည်။ လူမှုရေး၊ စီးပွားရေး၊ ငွေကြေးကဏ္ဍနှင့် မက်ခရိုအဆင့်လုပ်ငန်း အမျိုးအစားများကို ပိုမိုကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်လာပါမည်။ ဤအတွက် လိုအပ်သော အောက်သက်ကြေမှု၊ ဝမ်းစာပြည့်မှုနှင့် ပြဿနာသစ်များအတွက် နားလည်ဆုပ်ကိုင်နိုင်စွမ်းရှိဖို့လိုပါမည်။

ယခုကာလလို လှိုင်းကြီးရေဆန် မုန်တိုင်းထန်နေသော အရေးအခင်းကြီးကို ဦးစွာလွန်မြောက်ရန် တခဲနက်သော ပြည်သူလူထု၏ လိုလိုလားလားယုံကြည်ကိုးစားမှုနှင့် ၎င်းတို့၏စွမ်းပကားကို ရယူရပါမည်။ သို့မှသာ ခရီးကြမ်းကို အချိန်တိုတိုနှင့် ကျော်ဖြတ်နိုင်ပါမည်။ တည်ငြိမ်အေးချမ်းသောအခြေအနေကို တည်ဆောက်နိုင်မည်။

တဆက်တည်းမှာပင် ပဲ့ကိုင်သူများအပိုင်းက ပျက်စီးဆုံးရှုံးမှုနေရာများတွင် ပြန်လည်ထူထောင်ရေးကို လုပ်နိုင်ပါမည်။ လယ်ယာကဏ္ဍအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖေါ်နိုင်ပါလိမ့်မည်။ အထက်တွင်ဆိုခဲ့သောကဏ္ဍများစွာကို အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်မှသာ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်ရလဒ်များသည် ရေရှည်တည်တံ့ပါလိမ့်မည်။

ဤအခြေအနေအရပ်ရပ်ကို ပြုပြင်စီရင်နိုင်ခြင်းမရှိလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ဆေးမြီးတို ကုထုံးများနှင့် နေရာကွက်ကြား၍ ဆောင်ရွက်နေရသောကိန်းကို ဆိုက်ရောက်သွားပါလိမ့်မည်။

ခေတ်အဆက်ဆက်တွင် နိုင်ငံအကြီးအကဲအချို့သည် ၎င်းတို့၏ စိတ်ကူးအိပ်မက်များနှင့် ချဉ်ခြင်းတပ်မှုများ (Whim and Whimsical) ပေါ်လာရာမှ အမိန့်၊ ညွှန်ကြားချက်များပေးခဲ့ကြရာ အာဏာစက် ကြီးလျှင်ကြီးသလို တိုင်းပြည်အတွက်ဝန်ထုပ်ဝန်ပိုး ကြီးစွာဖြစ်ခဲ့ဖူးပါသည်။ ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ လမ်းချော်သွားနိုင်သော အဆိုပါ ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ဖို့လိုအပ်မည်ဖြစ်ကြောင်း သမိုင်းသင်ခန်းစာများကို ပြန်ပြောင်းအောက်မေ့၍ ရေးသားလိုက်ရပါသည်။

စံသိန်း(စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်