သီးရောစိုက်ခြင်းက ပျားနဲ့ဝတ်မှုန်ကူးအင်းဆက်တွေကို ပိုဆွဲဆောင်နိုင်မလား

03/02/2023 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကမ္ဘာတဝန်းမှာရှိနေတဲ့ လူဦးရေ ၈ ဘီလီယံကို စားနပ်ရိက္ခာ လုံလောက်စွာ ကျွေးမွေးနိုင်ဖို့အတွက်ဆိုရင် သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။ သို့ပေမဲ့လည်း တဖက်မှာတော့ သီးနှံတွေစိုက်ပျိုးထုတ်လုပ်နေခြင်းကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေ ဆက်လက်ဆုံးရှုံးနေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာ ထိခိုက်နေတာဖြစ်ပါတယ်။ အထူးသဖြင့်  ပိုးသတ်ဆေးတွေနဲ့ အင်းဆက်သတ်ဆေးတွေဟာ အင်းဆက်ပိုးမွှားတွေအပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

စိုက်ပျိုးမြေအများစုမှာ ပန်းပွင့်တဲ့အပင်တွေကို စိုက်ပျိုးမှုနည်းပါးလာခြင်းဟာ ဝတ်မှုန်ကူးအင်းဆက်တွေ ကျဆင်းလာမှုကို ပိုဆိုးသွားစေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ သီးနှံတမျိုးတည်း သို့မဟုတ် အခြားပုံစံနဲ့စိုက်ပျိုးတာထက် ပဲနဲ့ ဂျုံကဲ့သို့ သီးနှံတွေကို ရောနှောစိုက်ပျိုးလိုက်ရင်တော့ စိုက်ခင်းပတ်ဝန်းကျင်မှာ ပျားကောင်ရေ တိုးလာစေဖို့ အပံ့အပိုး ဖြစ်စေသွားမှာပါ။ 

ဂျာမနီနိုင်ငံ Gottingen တက္ကသိုလ်မှ သုတေသီတွေဟာ ဂျုံနဲ့ပဲ ရောနှောစိုက်ပျိုးထားတဲ့နေရာနဲ့ ပဲတစ်မျိုးတည်းစိုက်ပျိုးထားတဲ့နေရာတွေမှာ ရှိနေတဲ့ ရိုးရိုးပျားတွေနဲ့ ပျားရိုင်းတွေရဲ့ အရေအတွက်ကို ရေတွက်ကြည့်ခဲ့ကြပြီးတဲ့နောက်မှာ အထက်ဖော်ပြပါအခြေအနေကို သိရှိနားလည်ခဲ့ကြတာဖြစ်ပါတယ်။ 

“ပန်းပွင့်တဲ့ အပင်နည်းနည်းကို သီးနှံတွေနဲ့ ရောစိုက်ထားခြင်းဟာ သီးနှံတမျိုးတည်းစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထက် ပျားတွေ နည်းနည်းပိုပြီး မကြာမကြာ လာရောက်ကျက်စားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြပါတယ်” လို့ တက္ကသိုလ်ရဲ့ Functional Agrobiodiversity သုတေသနအဖွဲ့မှ PhD ကျောင်းသား Felix Kirsch က ဆိုပါတယ်။ “ဒါပေမဲ့ အံ့ဩစရာကောင်းတာကတော့  ဒီအချက်(ပန်းပွင့်တွေကြောင့်) ဟာ အဓိကကျတဲ့အချက်တော့ ဟုတ်မနေဘူးဆိုတာပါပဲ”

ဒါ့ကြောင့် အဆိုပါအခြေအနေအတွက် အကြောင်းရင်းများစွာ ရှိနိုင်တယ်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။ 

" ကျွန်တော်တို့ရဲ့ သီးနှံရောနှောပြီးစိုက်ပျိုးတဲ့အလေ့အထဟာ သီးနှံတစ်မျိုးတည်းစိုက်ပျိုးတာထက်ကို သိသိသာသာ နည်းပါးနေတာကြောင့် ပန်းပွင့်တဲ့အပင်တွေနဲ့ ရောနှောစိုက်ပျိုးခြင်းဆိုတဲ့ အချက်က ပိုပြီးမြင်သာသွားစေတာပါ။ သီးနှံတွေကို အချင်းချင်းရောနှောစိုက်ပျိုးထားတဲ့စိုက်ခင်းတွေဟာလည်း အလားတူပျားအမြောက်အများကို ဆွဲဆောင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်” လို့ လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်ကြေငြာလေ့ရှိတဲ့ သုတေသနအဖွဲ့မှ ပါရဂူဘွဲ့လွန်သုတေသီ Annika Haß က ပြောပါတယ်။ 

“ထပ်ဖြည့်ပြောရရင် သီးနှံတွေကို ရောစိုက်လိုက်ခြင်းအားဖြင့် မျိုးတူပဲပင်တွေအချင်းချင်းထက် အစာရေစာပြိုင်ဆိုင်မှု လျော့နည်းသွားတော့ ပျားတွေကို ပိုဆွဲဆောင်နိုင်မဲ့ ဝတ်ရည်နဲ့ ဝတ်မှုန်ထုတ်လုပ်နိုင်မှုတွေ ပိုကောင်းသွားစေတာပေါ့" လို့လည်း အပင်မျိုးမွေးမြူရေးဆိုင်ရာ သုတေသနအဖွဲ့ရဲ့ အကြီးအကဲ ပါမောက္ခ Wolfgang Link က ဆိုပါတယ်။ 

အစောပိုင်း သုတေသနပြုချက်များအရဆိုရင်လည်း သီးနှံစိုက်ခင်းတွေမှာ ပန်းမျိုးကွဲအစုံအလင်ရှိနေခြင်းဟာ ပျားနဲ့ ပျားပိတုန်းတွေအပြင် အခြားသော ဝတ်မှုန်ကူးအင်းဆက်တွေအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ချေရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဂျုံနဲ့ပဲကို ရောနှောစိုက်ပျိုးခြင်းဟာ ပျားကဲ့သို့ ဝတ်မှုန်ကူးအင်းဆက်တွေရဲ့ အကောင်ဦးရေ တိုးလာအောင် ပံ့ပိုးကူညီပေးနိုင်တဲ့အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာလည်း အခြားသောအားသာချက်တွေ ရှိနေတာဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်း စိုက်ပျိုးတာထက် ရောစပ်စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေမှာ ပဲပင်တစ်ပင်ရဲ့ အထွက်နှုန်းက ပိုပြီးမြင့်မားတယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေက မှတ်ချက်ပြုပါတယ်။ 

ပဲတောင့်ရှည် ဒါမှမဟုတ် ပဲနီကလေးကဲ့သို့ ပဲအမျိုးမျိုးကို  ပေါင်းထည့် စိုက်ပျိုးခြင်းအားဖြင့် သီးနှံတွေရဲ့ ဂေဟဗေဒစနစ်ကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါအခြေအနေဟာ သီးနှံစိုက်ပျိုးထားတဲ့မြေမှာ ပန်းပွင့်တွေပေါများလာစေဖို့အတွက် အဖိုးတန်တဲ့ ပံ့ပိုးကူညီမှုတစ်ခု ဖြစ်စေနိုင်ပြီး ဝတ်မှုန်ကူးမှု ကျဆင်းတာမျိုးတွေကိုလည်း တွန်းလှန်နိုင်တာကြောင့် ဖြစ်ပါတယ်” လို့ Annika Haß က အကြံပြုထားပါတယ်။ 

ဇင်ထူးနိုင်

Ref: https://www.sustainability-times.com/environmental-protection/a-mixture-of-crops-can-be-a-blessing-for-bees-and-other-pollinators/ 

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်