၁၉၅၀ ပြည့်လွန်နှောင်းပိုင်းကာလများနှင့် ၁၉၆၀ ပြည့်လွန်အစောပိုင်းကာလများတွင် ဖြစ်သည်။ အင်္ဂလန်ရှိ ကြက်ဆင်မွေးမြူရေးခြံများ၌ ထူးဆန်းသည့် အမည်မသိရောဂါတစ်ခု အကြီးအကျယ် ကျရောက်ဖြစ်ပွားခဲ့သည်။ ကြက်ဆင်အကောင်ရေ တစ်သိန်းကျော်သေဆုံးခဲ့ရပြီးသည့်တိုင် ထို ရောဂါသည် မည်သို့သောအကြောင်းကြောင့် ဖြစ်ပွားလျက်ရှိသည်ကို တိရစ္ဆာန်ဆေးကုဆရာဝန်များရော၊ မွေးမြူသူများပါ မဖော်ထုတ်နိုင်ခဲ့ကြချေ။ ထို့ကြောင့်ပင် ကြက်ဆင်များတွင်ဖြစ်ပွားသည့် အမည်မသိရောဂါ (Trukey “X” disease) ဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။
ရောဂါဖြစ်ပွားသည့် ကြက်ဆင်အများစုမှာ အသက် ၄-၆ ပတ်သား အရွယ်များ ဖြစ်ကြပြီး ၁၀-၁၆ ပတ်သားအချို့လည်း ပါဝင်သည်ကို တွေ့ရသည်။ ရောဂါကူးစက်ဖြစ်ပွားသည့် ကြက်ဆင်ငယ်များ သည် ခြံအတွင်း အပူဓာတ်ရနိုင်သည့်နေရာများကို ရှာဖွေလာကြသည်။ နောက်ပိုင်း အားနည်းချိနဲ့ သည့်ပုံစံဖြစ်လာပြီး ကြမ်းပြင်တွင် ဝပ်သွားတော့သည်။ ထို့နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း သေဆုံးကုန်ကြသည်ဟု ဆိုသည်။
သေဆုံးနှုန်းမှာ တစ်ခြံနှင့်တစ်ခြံ ကွာခြားသော်လည်း ယေဘုယျအားဖြင့် သေဆုံးနှုန်း ၅၀-၉၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် သေဆုံးနှုန်းမြင့်မားသည်ဟု ဆိုရမည် ဖြစ်သည်။ အင်္ဂလန်နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှု အကြိမ်ပေါင်း ၅၀၀ ခန့် ရှိခဲ့ပြီး ကြက်ဆင်အကောင်ရေ ၂၀၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု မှတ်တမ်းအချို့က ဆိုသည်။ သေဆုံးသည့် ကြက်ဆင်များကို ခွဲစိတ်လေ့လာကြည့်သည့်အခါ အသည်းတွင် ပုံမှန်မဟုတ်သည့် လက္ခဏာများကို တွေ့ရှိခဲ့ကြရသည်။
ထိုစဉ်က အင်္ဂလန်ရှိ တိရစ္ဆာန်အစာစပ်ကုမ္ပဏီများအကြားတွင် ထင်ရှားသည့် ကြက်မွေးမြူရေး အတိုင်ပင်ခံ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး ရှိခဲ့သည်။ ဒေါက်တာဝီလျံဘလန့် (William Percy Blount) ဖြစ်သည်။ သူသည် ကြက်မွေးမြူရေးခြံများတွင်သာမက ဓာတ်ခွဲခန်းလုပ်ငန်းများကိုပါ ကျွမ်းကျင်ပြီး သုတေသနများစွာကို လုပ်ဆောင်နေသူလည်း ဖြစ်သည်။ သူက ကြက်ဆင်များတွင် ဖြစ်ပွားသည့် အမည်မသိရောဂါနှင့်ပတ်သက်သော ရောဂါလက္ခဏာများကို တိတိကျကျ ဖော်ထုတ်တင်ပြခဲ့သည်။ ထို့ပြင် ယင်းရောဂါမှာ ကူးစက်ရောဂါတစ်ခုဖြစ်နိုင်သည်ဟု အဆိုပြုခဲ့သည်။
သို့သော် မည်သည့်ရောဂါပိုးမွှားက ကြက်ဆင်များထံသို့ ကူးစက်ပြီး ရောဂါဖြစ်ပွားလျက်ရှိနေသည်ကိုမူ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။ ဖြစ်နိုင်ချေရှိသည့် ဗိုင်းရပ်စ်ရောဂါများ၊ ဗက်တီးရီး ယား ရောဂါများကို ဓာတ်ခွဲခန်းတွင် ရှာဖွေဖော်ထုတ်သော်လည်း ရလဒ်အဖြေများက ထိုရောဂါများ မဟုတ်ကြောင်း ဖော်ပြနေပြန်သည်။
ထို့ကြောင့် စဉ်းစားစရာ တစ်ခုသာ ကျန်ရှိတော့သည်။ ယင်းမှာ အဆိပ်သင့်ခြင်း (Poisoning) ဖြစ်သည်။ ပြဿနာမှာ ထိုခေတ်ထိုအခါက သိရှိထားသည့် အဆိပ်သင့်မှုနှင့် ပတ်သက်သော စစ်ဆေးစမ်းသပ်မှုများအားလုံးကို ဆောင်ရွက်ကြည့်သည့်အခါတွင်လည်း မည်သည့်အဆိပ် အတောက် (toxin) ကိုမျှ ရှာမတွေ့ခဲ့ခြင်းပင် ဖြစ်သည်။ ထို့ ကြောင့် Turkey “X” disease ကို ဖြစ်ပွားစေသော အဆိပ်အတောက်ကို Turkey “X” toxin ဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။
ဒေါက်တာဝီလျံက Turkey “X” disease သည် ကြက်စာထဲတွင် ပါဝင်တတ်သည့် အခြားသော ဓာတုအဆိပ်များ (ဥပမာ ပိုးသတ်ဆေးများ၊ အပင်ထွက် သဘာဝအဆိပ်အတောက်များ) ကြောင့် ဖြစ်ပွားခြင်းမဟုတ်သည်ကိုလည်းကောင်း၊ ကြက်စာကုမ္ပဏီက မရိုးသားသောရည်ရွယ်ချက်ဖြင့် ကြက်စာ ထဲသို့ ဓာတုပစ္စည်းတစ်ခုခု ရောနှောထည့်ခြင်းကြောင့် ဖြစ်ပွားခြင်း မဟုတ်သည်ကိုလည်းကောင်း၊ အတည်ပြုပေးနိုင်ခဲ့သည်။ သို့သော် ထိုရောဂါကို အမှန်တကယ်ဖြစ်ပွားစေသည့် အကြောင်းအရင်းကိုမူ အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
ဒေါက်တာဝီလျံ၏ ကြိုးပမ်းအားထုတ်မှုက ပြဿနာ၏ တရားခံကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသည့်တိုင် နောက်ဆက်တွဲ အဖြေမှန်ကို ရှာဖွေဖော်ထုတ်မှုများအတွက် လမ်းစဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် လန်ဒန်မြို့အနီးရှိ ကြက်ဆင်ခြံများတွင် ကြက်ဆင်များ ဆက်လက်သေဆုံးခဲ့သည်။ လေ့လာမှုများအရ ထိုကြက်ဆင်ခြံများတွင် ကျွေးမွေးသည့်အစာသည် ကုမ္ပဏီတစ်ခုတည်းမှ အစာဖြစ်နေပြီး အစာထဲတွင် ဘရာဇီးလ်နိုင်ငံမှ တင်သွင်းသော ပဲဖတ် (groundnut meal) ထည့်သွင်း ထားသည်ကို တွေ့ရှိရသည်။ အဆိုပါပဲဖတ် ပါဝင်သည့်အစာကို ကျွေးမွေးသော တိရစ္ဆာန်များတွင် Turkey “X” disease နှင့် အလားတူရောဂါများကို ကြက်ဆင်များတွင်သာမက စမ်းသပ်ကျွေးမွေး ကြည့်သည့် အခြားသောတိရစ္ဆာန်များ(ကြက်၊ ဘဲ၊ ခို၊ နွား၊ ကြွက်၊ ဝက်) တွင်ပါ တွေ့ရှိခဲ့ရသည်။ နောက်ထပ်လေ့လာမှုများအရ ပဲဖတ်သည် သံသယဖြစ်စရာအကောင်းဆုံး တရားခံဖြစ်လာတော့ သည်။
Turkey “X” disease သည် အဆိပ်အတောက် (Turkey “X” toxin) ကြောင့် ဖြစ်ပွားသည်မှာ ထင်ရှားပြီး ယင်းအဆိပ်အတောက်သည် ဘရာဇီးလ်နိုင်ငံမှတင်သွင်းသော ပဲဖတ်ထဲတွင်ပါဝင်သည်ကို သိရှိခဲ့ပြီးနောက် ယင်းအဆိပ်အတောက်ကို ရှာဖွေသည့် သုတေသနလုပ်ငန်းများ ဆက်လက်လုပ် ဆောင်ခဲ့ကြသည်။ နောက်ဆုံးတွင် ပဲဖတ်၌ အက်စပါးဂျီးလက်စ် ဖဲလ်ဗက်စ် (Aspergillus flavus) ဟူသော မှိုတစ်မျိုး ပေါက်ပွားနေပြီး ယင်းမှိုက ထုတ်လုပ်သော အဆိပ်အတောက် (toxin) က Turkey “X” disease ကို ဖြစ်ပွားစေခြင်း ဖြစ်ကြောင်း အဖြေထုတ်နိုင်ခဲ့သည်။
Turkey “X” toxin သည် အက်ပါးဂျီးလက်စ်ဖဲလ်ဗက်စ် မှိုက ထုတ်လုပ်သည့် အဆိပ်ဖြစ်ခြင်း ကြောင့် ၄င်းမှို၏ အမည်ကိုယူကာ မှိုဆိပ်ကို အဖလာတောက်ဆင် (Afltoxin) ဟု အမည်ပေးခဲ့သည်။
ထိုအချိန်မှစတင်၍ မှိုဆိပ်၏အန္တရာယ်ကို ပိုမို၍ အာရုံစိုက်လေ့လာစူးစမ်းခဲ့ကြသည်။ မှိုဆိပ် အမျိုးအမည်သစ်ပေါင်းများစွာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ယင်းတို့၏ လူနှင့်တိရစ္ဆာန်တို့အပေါ် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပုံကိုလည်း လေ့လာသုတေသနပြုခဲ့ကြသည်။ ယင်းမှိုဆိပ်အန္တရာယ်ကို တားဆီးနိုင်မည့် နည်းလမ်းများကိုလည်း ဖော်ထုတ်လေ့လာခဲ့ကြသည်။ အဖလာတောက်ဆင်ကဲ့သို့ပင် အခြားသောမှိုဆိပ်များလည်းရှိရာ ၄င်းတို့ကို ခြုံငုံ၍ မိုက်ကိုတောက်ဆင် (Mycotoxin) ဟု ခေါ် ဝေါ်ခဲ့သည်။
အဖလာတောက်ဆင်ကို ရှာဖွေတွေ့ရှိမှုမတိုင်မီအထိ မှိုဆိပ်(Mycotoxin) နှင့် ပတ်သက်သည့် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုများ မရှိခဲ့ချေ။ ၁၉၆၀ နောက်ပိုင်းမှ စတင်၍ အပြင်းအထန် အာရုံစိုက်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၀ မှ ၁၉၇၅ ခုနှစ် ကြားကာလများကို Mycotoxin Gold Rush (မှိုဆိပ်ရွှေသိုက် ရှာပုံတော်ကာလ) ဟု ခေါ်ကြသည်။
တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ဝီလျံဘလန့် အစပြုခဲ့သည့် ရောဂါရှာဖွေရေး လုပ်ငန်း များသည် မိုက်ကိုတောက်ဆင် ဟူသော အန္တရာယ်ကြီးသည့် အဆိပ်အတောက်များကို သိရှိလာစေပြီး ယင်း၏အန္တရာယ်ကို လျှော့ချနိုင်ရန် များစွာအထောက်အကူပြုခဲ့သည်။ သူ၏ ကြိုးစားအားထုတ်မှုများကြောင့် ကြက်ဆင်များ၊ မွေးမြူရေးတိရစ္ဆာန်များကိုသာမက လူသားများ၏ အသက်ပေါင်းများစွာကိုပါ မှိုဆိပ်အန္တရာယ်မှ ကယ်တင်ပေးနိုင်ခဲ့သည်။
မှိုဆိပ်ကို စတင်ဖော်ထုတ်တွေ့ရှိခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့သည့်တိုင် ယင်းကြောင့် လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထိုအန္တရာယ်ကို ဝိုင်းဝန်းတိုက်ဖျက်ကြရန်မှာ လူသားအားလုံးတွင် တာဝန်ရှိပါသည်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများတွင် ထိုတာဝန်မှာ ပို၍ပင် ကြီးလေးလှပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။