မီးစုန်းလို့လည်းခေါ်တဲ့ ဖော့စဖောရပ်မြေဩဇာဟာ အပင်တွေအတွက် အဓိကအကျဆုံးလိုအပ်တဲ့ အာဟာရ သုံးမျိုးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ဒီမြေဩဇာဟာ ဘယ်ကနေအခြေခံဖြစ်တည်လာတာလဲ၊ သုံးစွဲနိုင်တဲ့အနေအထားတွေဖြစ်လာဖို့ ဘယ်လိုပုံစံနဲ့ထုတ်လုပ်တာလဲ၊ မိမိအိမ်မှာရော ဘယ်လိုပုံစံနဲ့ဖန်တီးလုပ် ယူလို့ရလဲ စတာတွေကို အပိုင်း-၁ မှာ ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Phosphorus_fertilizer_manufacturing_and_utilization_1
အခု အပိုင်း-၂ မှာတော့ မြေသြဇာတွေမှာ ဖောစဖောရပ်ပါဝင်မှုကို ဘယ်လိုသိနိုင်မလဲ၊ ဘယ်လိုအချိန်တွေမှာ အသုံးပြုပေးဖို့လိုအပ်သလဲ၊ အပင်တွေမှာ ဖော့စဖောရပ်ရဲ့ လုပ်ငန်းဆောင်တာက ဘယ်လိုရှိတာလဲ၊ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်တို့ရဲ့ အပြန်အလှန်သက်ရောက်ပုံ၊ စိုက်ပျိုးမြေတွေ ချဉ်လွန်း၊ ငန်လွန်းရင်ရော ဖော့စဖောရပ်အာဟာရပေါ် သက်ရောက်မှုရှိနိုင်လား...စတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
မြေသြဇာတွေမှာ ဖောစဖောရပ်ပါဝင်မှုကို ဘယ်လိုသိနိုင်မလဲ
အပြင်စျေးကွက်ထဲမှာရှိတဲ့ မြေသြဇာထုပ်တွေမှာဆိုရင် ဖော့စဖောရပ်ပမာဏနည်းလား/များလားဆိုတာ အာဟာရရာခိုင်နှုန်းအချိုး (NPK အချိုးတွင် အလယ်ချိုး) ကို ကြည့်ပြီး သိနိုင်ပါတယ်။ ဖော့စဖောရပ်ပမာဏများတဲ့ မြေသြဇာဆိုတာ P အချိုး (တောင်သူအခေါ် အလယ်ချိုး) ပိုမိုပါဝင်တာဖြစ်ပါတယ်။ ဥပမာ - အချိုးအစား N:P:K (15-30-15) လိုမျိုး ကွန်ပေါင်းမြေသြဇာမှာဆိုရင် နိုက်ထရိုဂျင် ၁၅ ရာခိုင်နှုန်း၊ ဖော့စဖောရပ် ၃၀ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၁၅ ရာခိုင်နှုန်းတို့ ပါဝင်တာဖြစ်ပါတယ်။
ဒါ့အပြင် P2O5 အနေနဲ့ ဖော်ပြထားတာမျိုးလည်း မြေသြဇာထုပ်တွေမှာ တွေ့နိုင်ပါတယ်။ ဥပမာ - N:P2O5:K2O ၁၅ ပတ်လည်မြေဩဇာမှာဆိုရင် ယေဘုယျအားဖြင့် ဖော့စဖောရပ်ပမာဏဟာ ၁၅ ရာခိုင်နှုန်း ပါရှိတာဖြစ်ပါတယ်။
ဖော့စဖောရပ်မြေသြဇာအသုံးပြုချိန်
ဖော့စဖောရပ်ဟာ Macronutrients လို့ခေါ်တဲ့ အများလိုအာဟာရ (၃)မျိုးမှာ တစ်မျိုးဖြစ်တာကြောင့် တောင်သူ ဦးကြီးတို့ရဲ့ စိုက်ပျိုးပင်တွေက ပမာဏများများလိုအပ်ပါတယ်။ အပင်တွေက သူတို့လိုအပ်တဲ့ ပမာဏရမှ ပုံမှန် လုပ်ငန်းဆောင်တာကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
အပင်ဘဝစက်ဝန်းတစ်ခုလုံးမှာတော့ ဒီအာဟာရဓာတ်ကို လိုအပ်နေတာပါပဲ။ အပင်ရဲ့အစောပိုင်းအဆင့်မှာ ဆဲလ် ကွဲပွားဖို့၊ ပဲပင်တွေမှာဆိုရင် နိုက်ထရိုဂျင်ဖမ်းယူဖို့၊ စပါးပင်တွေမှာဆို ပင်ပွားထွက်ဖို့ လိုအပ်ပါတယ်။ မြေဆီလွှာ အတွင်းမှာရှိတဲ့ ပမာဏအနည်းငယ်ကိုသာ အပင်အမြစ်တွေက စုပ်ယူစားသုံးနိုင်တာဖြစ်ပါတယ်။ စိုက်ပျိုးမြေ အတွင်းမှာ ဖော့စဖောရပ်ဟာ ရွေ့လျားနိုင်မှု ခက်ခဲတာကြောင့် အပင်အမြစ်များ အလုပ်လုပ်နိုင်တဲ့၊ အသုံးပြုနိုင်တဲ့ ဝန်းကျင်မှာ ထည့်ကျွေးဖို့လိုပါမယ်။
အပင်အမြစ်တွေက ဖော့စဖောရပ်ကို H2PO4-၊ HPO4²- (orthophosphate) အိုင်ရွန်အနေနဲ့ ရယူအသုံးပြုတာ ဖြစ်ပါတယ်။ အပင်ငယ်စဉ်ကာလမှာ ရရှိစေဖို့၊ မြန်မြန် လိုအပ်ချိန်မှာ ရရှိစေဖို့ မြေပြင်ကာလကတည်းက ကျွေးထားဖို့လိုအပ်ပါတယ်။ မျိုးပွားပိုင်းဆိုင်ရာ ထောက်ပံ့ ပေးဖို့အတွက် ပမာဏများများလိုအပ်တယ်ဆိုပေမယ့်လည်း ပန်းပွင့်ခါနီးအချိန်မှ ကပ်ကျွေးတာမျိုးကို မလုပ် သင့်ပါဘူး။
အပင်တွေမှာ ဖော့စဖောရပ်ရဲ့ လုပ်ငန်းဆောင်တာ
အပင်တိုင်းက အရေးကြီးတဲ့ ဇီဝဖြစ်စဉ်တွေကို လုပ်ဆောင်ရာမှာ ဖော့စဖောရပ် လိုအပ်ပါတယ်။ အခြား အများလိုအာဟာရဓာတ်ပါဝင်တဲ့ မြေသြဇာတွေထက် ဖော့စဖောရပ်အာဟာရဓာတ် ပိုမိုပါဝင်တဲ့ မြေသြဇာ တွေဟာ ပန်းပွင့်ဖို့၊ အသီးသီးတင်ဖို့ ပိုသေချာစေပါတယ်။ ဒါ့အပြင် ပန်းမပွင့်တဲ့ ရွက်လှပင်တွေမှာဆိုရင်လည်း အရောင်အသွေး ပိုကောင်းလာစေပါတယ်။
ဖော့စဖောရပ်မြေသြဇာကြိုက်တဲ့ အပင်တွေဟာဆိုရင် ပိုတက်ဆီယမ်မြေသြဇာ ပမာဏများများကိုလည်း ကြိုက်ကြပါတယ်။ ဥပမာအနေနဲ့ ဒေလီယာနဲ့ ဆောင်တော်ကူးတို့လို အပြင်အလှစိုက်ပန်းပင်တွေ၊ African violentလို အိမ်တွင်းအလှစိုက်ပန်းပင်နဲ့ အခြား မုန်လာဥနီ၊ မုန်လာဥဝါတို့လို အဥစားအပင်တွေ ဖြစ်ကြပါတယ်။ ဖော့ စဖောရပ်မြေသြဇာရရှိနေတဲ့ ခြောက်လပန်းပင်ဟာ ပန်းပွင့်အပြာထက် ပန်းရောင်ပန်းပွင့်လေးတွေ ပိုပွင့်ပါတယ်။
မြေသားထဲရှိအပင်အမြစ်များမှ အာဟာရစုပ်ယူပြီး အပင်အပေါ်ပိုင်းဆီကို ပို့ပေးပါတယ်။ အပင်တွေမှာ စွမ်းအင် ပို့ဆောင်တာ၊ အလင်းမှီစုအစာဖွဲ့စည်းတာနဲ့ အခြားအပင်ဆဲလ်ဇီဝကမ္မဖြစ်စဉ်တွေမှာ ပါဝင်လုပ်ဆောင်ပေး တာကြောင့် အပင်ကြီးထွားအောင်မြင်ဖို့အတွက် အလွန်အရေးပါပါတယ်။ အပင်ကြီးထွားရင့်သန်ဖို့နဲ့ မျိုးပွား ပိုင်းဆိုင်ရာ ပန်းပွင့်တာ၊ အသီးတင်တာတွေ ဖြစ်စေပါတယ်။ အစေ့အဆန်များတည်ဖို့ ကူညီပေးပါတယ်။ မိုးရွာ သွန်းတာတွေကြောင့် စိုက်မြေတွေ ဖော့စဖောရပ်အာဟာရဓာတ် ကုန်ခမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ခေတ်သစ်စိုက်ပျိုးရေးကဏ္ဍတွေမှာ ဖော့စဖောရပ်မြေသြဇာ အသုံးပြုဖို့ လိုအပ်လာပါတယ်။
ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်တို့ရဲ့ အပြန်အလှန် သက်ရောက်ပုံ
ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်တို့ဟာ စိုက်ပျိုးမြေတွေမှာ လုံလောက်တဲ့ပမာဏရှိနေပြီဆိုရင် တစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကို တစ်ယောက်က ပိုကောင်းစေပြီးတော့ အပင်ကြီးထွား၊ ဖွံ့ဖြိုးမှု ထောက်ပံ့ပေးပါတယ် (synergistic effect)။ ဖော့စဖောရပ်က အပင်အမြစ်စနစ်ကို ပိုဖွံ့ဖြိုးစေပြီး ပိုတက်ဆီယမ်အပါအဝင် ရေနဲ့အာဟာရဓာတ် စုပ်ယူနိုင်တာကို ပိုကောင်းစေပါတယ်။ ပိုတက်ဆီယမ်က အပင်အတွင်း ရေနဲ့အာဟာရ ရွေ့လျားတာကို ထိန်းချုပ်ပေးပြီးတော့ အပင်က P အာဟာရကို ထိထိရောက်ရောက် ရယူအသုံးပြုစေပါတယ်။ ပိုတက်ဆီယမ်က ရေများလွန်း/နည်းလွန်းတာကို ခံနိုင်ရည်ရှိစေတဲ့အပြင် မြေသားထဲက ဖော့စဖောရပ်တွေကို အပင်က အသုံးပြုနိုင်တဲ့ ပုံစံပြုလုပ်ပေးတဲ့အင်ဇိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးပါတယ်။
စိုက်ပျိုးမြေတွေက ချဉ်လွန်း၊ ငန်လွန်းရင်ရော ဖော့စဖောရပ်အာဟာရပေါ် သက်ရောက်ပါလား..
စိုက်ပျိုးမြေက မြေချဉ်ငန်ဓာတ် pH 6 ထက်နည်းရင် (သို့) 7 ထက်များနေရင် ကွန်ပေါင်းမြေသြဇာမှာရှိတဲ့ ဖော့စဖောရပ်အာဟာရဓာတ်ကို အပင်က အသုံးပြုနိုင်စွမ်း ခက်ခဲသွားပါတယ်။ ဆိုလိုတာကတော့ စိုက်မြေက အလွန်အငန်ဓာတ်များနေပြီ (သို့) အလွန်အချဉ်ဓာတ်များနေပြီဆိုရင် ဖော့စဖောရပ်ချို့တဲ့တာကို ရှောင်ရှားနိုင်ဖို့ စိုက်ပျိုးမြေကို ပြုပြင်မှ ရပါတော့မယ်။ အချဉ်ဓာတ်များတဲ့စိုက်မြေတွေမှာဆိုရင် သံဓာတ် (Iron)၊ အလူမီနီယမ် Aluminium) တို့နဲ့ပေါင်းစပ်သွားပြီး အပင်က မရယူနိုင်တဲ့ပုံစံတွေ ဖြစ်သွားပါတယ်။ အငန်ဓာတ်များလွန်းတဲ့ မြေတွေမှာတော့ ကယ်လဆီယမ်၊ မက်ဂနီဆီယမ်တို့နဲ့ ပေါင်းစပ်သွားပြီး အပင်က ရယူနိုင်တာ နည်းသွားပါတယ်။
ဒါ့အပြင် ဖော့စဖောရပ်အာဟာရဓာတ်ပါတဲ့မြေသြဇာတွေ အလွန်အကျွံအသုံးပြုတာကိုလည်း ရှောင်ရှားရပါမယ်။ ဘာလို့လဲဆိုတော့ ဖော့စဖောရပ်ပမာဏများလွန်းသွားရင် အပင်က သံဓာတ်နဲ့သွပ်ဓာတ်ရယူနိုင်တာကို ဟန့်တားပြီး ချို့တဲ့စေလို့ပါပဲ။
ဒါ့ကြောင့် စိုက်ပျိုးမြေသားတွေရဲ့ ကျန်းမာရေးကောင်းစေတဲ့၊ အာဟာရလိုအပ်ချက်နည်းစေတဲ့ သီးလှည့်စိုက်တာ၊ မြေဖုံးပင်စိုက်တာ၊ မြေဖုံးပေးတာ စတဲ့ နည်းလမ်းကောင်းများကို ကျင့်သုံးပေးရပါမယ်။
ဖော့စဖောရပ်အာဟာရချို့တဲ့ပြီဆိုရင် အပင်တွေမှာ ဘယ်လိုဖြစ်မလဲ...
စိုက်ပျိုးမြေတွေမှာ ဒီအာဟာရဓာတ် ရှိနေတယ်လို့ဆိုရပေမယ့် ရေမှာပျော်ဝင်ပြီး အပင်က စားသုံးနိုင်တဲ့ ပမာဏက နည်းနေတာကြောင့် စိုက်ပျိုးပင်တွေမှာ ချို့တဲ့တာတွေ တွေ့ရတတ်ပါတယ်။ မြေလှပ်မြေတွေထက် အလွန်အမင်းစိုက်ပျိုးတဲ့ မြေတွေမှာ ဒီအာဟာရဓာတ်ချို့တဲ့တာကို တွေ့ရများပါတယ်။
နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်တို့လောက် အပင်တွင်းမှာ မြန်မြန်မရွေ့လျားနိုင်ပေမယ့်လည်း ရွေ့လျားမှု ရှိတာကြောင့် ချို့တဲ့ပြီဆိုရင် အပင်အောက်ပိုင်း ရွက်ရင့်တွေမှာ စပြီးလက္ခဏာတွေ့ရပါတယ်။ အပင်တွေက ဖော့စဖောရပ်အာဟာဓာတ်ချို့တဲ့ပြီဆိုရင် ကြီးထွားနှုန်းရပ်တန့်မယ်၊ အရွက်တွေ လိပ်လာမယ်၊ ပုံပျက်လာမယ်၊ ပုံမှန်ထက် သေးလာမယ်။ နောက်ဆုံး ကြွေကျသွားပါမယ်။ အရွက်ကြီးရှိတဲ့အပင်တွေမှာ အရွက်နုတွေက အထူးသဖြင့် ရွက်အောက်ဘက်မျက်နှာပြင်မှာ အစိမ်းရင့်ရောင်ဖြစ်လာပြီး ခရမ်းရောင်အကြောတွေ ရှိလာ ပါတယ်။ အရွက်ရင့်တွေမှာတော့ အရွက်တစ်ပြင်လုံး ဝါကျင့်ကျင့်၊ ပြာတာတာ၊ နီနှမ်းနှမ်းဖြစ်လာပြီး ထိပ်ပိုင်း ခြောက်လာပါတယ်။ မျိုးပွားပိုင်းဆိုင်ရာ(ပန်းပွင့်တာ၊ အသီးတင်တာ၊ အစေ့တင်တာတို့တို့)ကို နှောင့်နှေးစေလာပါမယ်။
ကဲ... အခုဆိုရင် တောင်သူဦးကြီးတို့လည်း စိုက်ပျိုးပင်တွေက ပမာဏများများလိုအပ်တဲ့ မီးစုန်းလို့ ခေါ်တဲ့ ဖော့စဖောရပ်အကြောင်းကို အတော်အသင့် သိရှိရပြီလို့ ယုံကြည်ပါတယ်။ မြေသြဇာအသုံးရာပြုရာမှာ အကျိုးရှိရှိအသုံးပြုနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။
References: https://www.valcogroup-valves.com/faq-2/phosphate-fertilizers-manufacturing-process-of-phosphate-fertilizers/
https://southsideplants.com/blogs/plant-care/how-to-make-homemade-phosphorus-fertilizer
https://www.indorama.com/products/phosphate-fertilizers#:~:text=Commercial%20phosphate%20fertilizers%20are%20manufactured,for%20soils%20in%20the%20past.
https://www.chemicool.com/elements/phosphorus.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။