အပင်ရောဂါတွေ ဘယ်လိုကူးစက်ပျံ့နှံ့ကြသလဲ(၂)

18/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်ရောဂါတွေကူးစက်ပျံ့နှံ့နိုင်တဲ့နည်းလမ်းက စုစုပေါင်း ၁၀ မျိုးထိရှိပါတယ်။ အဲ့ဒီထဲက ၄ မျိုး အကြောင်းကို အပိုင်း(၁) မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Plant_diseases_transmission_1

အခု အပိုင်း(၂) မှာတော့ နောက်ထပ်ရောဂါကူးစက်နိုင်တဲ့ အခြေအနေ ၆ မျိုးကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

 

၅။ လူကြောင့် ကူးစက်ပျံ့နှံ့ခြင်း

လူတို့သည် တစ်နေရာမှတစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးသန်းသွားလာခြင်း၊ သီးနှံများအား ရောင်းဝယ်သယ်ယူပို့ဆောင်ခြင်း၊ မျိုးစေ့မျိုးကိုင်းများအား ကူးပြောင်းစိုက်ပျိုးခြင်းများပြုကြ၏။ ဤနည်းဖြင့် အပင်ရောဂါများ ကမ္ဘာအနှံ့ ပြန့်ပွားကူးစက်လျက်ရှိခဲ့သည်။

ရှောက်၊ သံပရာပင်တို့တွင် အနာချိုင့်ရောဂါဖြစ်စေသော ဘက်တီးရီးယားသည် ဂျပန်မှ အမေရိကတိုက်သို့ ရှောက်၊ သံပရာပင်ကိုင်းဖြတ်များ တင်ပို့ခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့ခဲ့သည်။

၆။ မျိုးစေ့ဖြင့် ကူးစက်ပျံ့နှံ့ခြင်း

မျိုးစေ့ဆိုရာ၌ စိုက်ပျိုးမည့်အစေ့ကိုသာမက အစာသိုလှောင်ထားသည့် ပင်ပိုင်းအင်္ဂါများ ဖြစ်ကြသော ကျူဘာ၊ ရိုင်ဇုန်း စသည်တို့ အကျုံးဝင်သည်။ ကျပ်ခိုးမှိုသည် နှံစားသီးနှံများ၏ အခွံအတွင်း သို့မဟုတ် အပြင်တွင် ကပ်ပါသွား၍လည်းကောင်း၊ ပဲလောင်မီးရောဂါ ဖြစ်စေသည့် ဘက်တီးရီးယားသည် ပဲစေ့များအတွင်း ကပ်ပါသွား၍လည်းကောင်း၊ စပါးလောင်မီးရောဂါ သို့မဟုတ် စပါးယူဖရာရောဂါဖြစ်စေသော နီမတုတ်သည် စပါးခွံများအတွင်း ဝင်ရောက်ခိုအောင်းနေ၍လည်းကောင်း၊ ပဲရောင်မညီကွက်ကြားနှင့် သခွားရောင်မညီကွက်ကြားဗိုင်းရပ်စ်တို့သည် မျိုးစေ့များဖြင့်လည်း ကောင်း၊ ကူးစက်ပျံ့နှံ့ကြသည်။ ကျူဘာ၊ ရိုင်ဇုန်း စသည်တို့၌ဖြစ်ကြသော ရောဂါများသည် ယင်းတို့ကို သယ်ယူပို့ဆောင်ဖြန့်ဖြူးရာ၌ပါသွားပြီး ကူးစက်ပျံ့နှံ့ကြသည်။

၇။ ပင်ပိုင်းမျိုးပွားအစိတ်အပိုင်းများဖြင့် ကူးစက်ခြင်း

ပျိုးပင်ငယ်များ၊ ပင်ကိုင်းဖြတ်များ၊ အဖူးနှင့် အဖူးကိုင်းများ၊ အောက်ခံပင်အကိုင်းများ၊ ကိုင်းဆက်ပင်များဖြင့် ရောဂါများ ကူးစက်ကြသည်။ အထူးသဖြင့် ဗိုင်းရပ်စ်ရောဂါများစွာသည် ဤနည်းဖြင့် ကူးစက်ကြသည်။ ရှောက်၊ သံပရာအနာချိုင့် ဘက်တီးရီးယားရောဂါသည်လည်း ပင်ကိုင်းဖြတ်ဖြင့် ကူးစက်သည်။

၈။ ပင်ထွက်ပစ္စည်းများဖြင့် ကူးစက်ပျံ့နှံ့ခြင်း

သယ်ယူပို့ဆောင်ရောင်းချသော အသီး၊ အစေ့၊ ဟင်းသီးဟင်းရွက်နှင့် ထုပ်ပိုးသည့်ပစ္စည်းများ၊ သစ်သား၊ ကောက်ရိုး၊ မြက်ခြောက်၊ ဂုံနီအိတ်၊ ဂျုံအိတ်၊ ဂျုံမှုန့်၊ ဖွဲမှုန့်၊ ဆေးလိပ် စသည်တို့ဖြင့် ရောဂါများစွာ ကူးစက်ပျံ့နှံ့နိုင်ကြသည်။ ယင်းတို့ကို လူတို့သယ်ယူပို့ဆောင်ခြင်းဖြင့် နေရာအနှံ့အပြား ရောက်စေသည်။

၉။ မြေ ၊ မြေဆွေး၊ အပင်အကြွင်းအကျန်တို့ဖြင့် ကူးစက်ပျံ့နှံခြင်း

မြေဆောင်ရောဂါများဖြစ်ကြသော ခါးရိရောဂါ၊ ပဲပင်၏ အရွက်များတွင် မီးလောင်ထားသကဲ့သို့ ဖြစ်ပေါ်နေသော ပဲလောင်မီးရောဂါ စသည်တို့သည် သယ်ယူရွှေ့ပြောင်းသော ထွန်ထယ်ကိရိယာများတွင် ကပ်ပါသွားသည့် မြေမှုန့်များဖြင့်သော်လည်းကောင်း၊ ကြက်သွန်ကြပ်ခိုးမှိုရာဂါ၊ ကန်စွန်းပင်စည်ပုပ်ရောဂါတို့သည် အပင်အကြွင်းအကျန်များဖြင့်လည်းကောင်း၊ ပြောင်းကြပ်ခိုးမှိုရောဂါနှင့် ပဲလောင်မီးရောဂါတို့သည် သစ်ဆွေးမြေဩဇာဖြင့်လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်ကြသည်။

၁၀။ စိုက်ပျိုးလုပ်ကိုင်စဉ်ကူးစက်ပျံ့နှံ့ခြင်း

 

ဆေးရွက်မညီကွက်ကြားဗိုင်းရပ်သည် ဆေးပင်တစ်ပင်မှတစ်ပင်သို့ ဘေးတက်ဖဲ့ခြင်း၊ ခေါင်ညွန့်နှိမ်ခြင်း ပြုလုပ်ရာ၌လည်းကောင်း၊ စပါးမှိုသီးရောဂါသည် စပါးလှေ့ခြင်း၊ နယ်ခြင်း၊ စိုက်ခြင်းပြုလုပ်ရာ၌လည်းကောင်း၊ အာလူးလောင်မည်းရောဂါသည် အာလူး (ကျူဘာ) များကို တူးရာ၌ လည်းကောင်း၊ ပန်းသီး၊ သစ်တော်သီးပင် လောင်မီးရောဂါသည် အပင်များချိုင်ရာ၌လည်းကောင်း၊ ပဲပင်မှဲ့ပြောက်စွန်းရောဂါသည် ပဲသီးများခူးခြင်းဖြင့်လည်းကောင်း ၊ ကူးစက်ပျံ့နှံ့သည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်