သဘာဝဘေးအန္တရာယ်မကျရောက်မီ မွေးမြူရေးသမားများ ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ

08/05/2023 18:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်မှာ လတ်တလောအစပြုနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေ ဆောင်ရွက်ထားရှိသင့်ကြောင်း အကြံပြုချက်တွေ ထွက်ပေါ်လာနေပါတယ်။ 

နွေအကုန်၊ မိုးအကူးမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တာဟာ ဓမ္မတာပါပဲ။ အဲဒီ မုန်တိုင်းတွေကပဲ မုတ်သုံရာသီဥတုကို မြန်မာနိုင်ငံဆီ ယူဆောင်လာပေးတာမို့ အချို့မုန်တိုင်းငယ်တွေဆိုရင် ကျေးဇူးတောင်တင်ရပါသေးတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အဲဒီမုန်တိုင်းတွေဟာ ဖြစ်နေကျ သဘာဝထက် လွန်ကဲပြီး အဖျက်စွမ်းအား ပိုမိုကြီးမားတာ၊ အကြိမ်ရေ ပိုစိတ်လာတွေကိုလည်း တွေ့နေရပြန်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ကို အခုတစ်ကြိမ် မကြုံရရင်တောင် နောင်ကြုံလာရမယ့် အခွင့်အလမ်း ပိုများလာနေတာ အသေအချာပါပဲ။ 

သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြရာမှာ မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုကတော့ ကြိုတင်ပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်တာမို့ မွေးမြူရေးတိရစ္ဆာန်များဟာ နိုင်ငံသားအများစု၊ အထူးသဖြင့် ကျေးလက်နေပြည်သူလူထုရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတဲ့ ပိုင်ဆိုင်မှုဖြစ်သလို အသုံးချစရာ ယန္တရားလည်း ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ရာမှာ မွေးမြူ ရေးတိရစ္ဆာန်တွေအတွက် ကြိုတင်ပြင်ဆင်မှုကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။

မုန်တိုင်းနဲ့ ရေကြီးမှု ဘေးအန္တရာယ်တွေ မကျရောက်မီ မွေးမြူသူတွေဆောင်ရွက်သင့်တဲ့ အကြံပြုချက်အချို့ကို တင်ပြလိုပါတယ်။

(၁) သဘာဝဘေးအန္တရာယ်တားဆီးရေးအတွက် ကြိုတင်စုဖွဲ့ဆောင်ရွက်ပါ။

သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ရာမှာ မိမိတစ်ဦးတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ အသင်းအဖွဲ့နဲ့ စုပေါင်းပြီး ဟန်ချက်ညီညီဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေး အစီအမံတွေကို ကြိုတင်စုဖွဲ့ဆောင်ရွက်ထားရှိဖို့ လိုအပ်ပါတယ်။

  • မုန်တိုင်းမကျရောက်မီ မိုးလေဝသသတင်းတွေကို အချိန်နဲ့တပြေးညီ ပုံမှန်ရယူထားဖို့ လိုအပ်ပါတယ်။ မိမိ သတင်းအချက်အလက် ရယူတဲ့ မိုးလေဝသသတင်းအရင်းအမြစ်ကလည်း ခိုင်မာမှု ရှိဖို့ လိုအပ်ပါတယ်။ ယုံကြည်ကိုးစားလို့မရတဲ့ သတင်းတွေအပေါ်မှာ အခြေခံပြီး ကြိုတင်ပြင်ဆင်မယ်ဆိုရင် မှားယွင်းမှုတွေ ဖြစ်လာမှာ အသေအချာပါ။ 
  • မုန်တိုင်းကျနေချိန်၊ ကျရောက်ပြီး အချိန်တွေမှာ အချင်းချင်းကူညီဆောင်ရွက်နိုင်ဖို့၊ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အိမ်နီးနားချင်းမိတ်ဆွေတွေအကြား ဆက်သွယ်ရမယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကြိုတင်ထားရှိသင့်ပါတယ်။ အရေးကြုံလာရင် ဘယ်သူက ဘယ်သူ့ဆီ သတင်းပို့ရမယ်ဆိုတာမျိုး ကြိုတင်စီမံထားခြင်းအားဖြင့် လူတစ်ယောက်ချင်းစီ ဆက်သွယ်စရာမလိုဘဲ သတင်းအချက်အလက် စီးဆင်းမှုကို ပိုမိုလျင်မြန်စေနိုင်ပါတယ်။ 
  • မိမိတို့အရပ်ဒေသမှာ မုန်တိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တွေ ဖွဲ့စည်းထားတယ်ဆိုရင် သူတို့နဲ့ ကြိုတင်ဆက်သွယ်ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ 
  • မိမိရဲ့ မိသားစုအတွင်းမှာ မိမိရဲ့ မွေးမြူရေးခြံ လုပ်သားတွေကြားမှာ မုန်တိုင်းကျရောက်လာရင် ဘာတွေ လုပ်ဆောင်မယ်ဆိုတဲ့ “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု” အစီအမံတွေ ကြိုတင်ချမှတ်ထားပြီး အဲဒီအစီအမံတွေကို အားလုံးက နားလည်သဘောပေါက်ထားပြီး လက်တွေ့ကျင့်သုံးနိုင်အောင် ဇာတ်တိုက်လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
  • ဥပမာ ရေတက်လာရင် အိမ်က သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ဘေးလွတ်ရာဆီ ဘယ်လို ပို့ဆောင်မလဲ၊ တိရစ္ဆာန်တွေကို ဘေးလွတ်အောင် ဘယ်လိုထားရှိမလဲ စသည်ဖြင့် အသေးစိတ် ကြိုတင်စီမံထားရမှာပါ။ ဖြစ်နိုင်ရင် မိမိရဲ့ “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု” အစီအမံတွေကို အိမ်နီးနားချင်းတွေနဲ့ ပြန်လည်မျှဝေပြီး အကြံဉာဏ်ရယူထားသင့်ပါတယ်။ သူတို့ရဲ့ အကြံပေးချက်တွေအပေါ်မှာ မူတည်ပြီး လိုအပ်မယ်ဆိုရင် မိမိရဲ့ အစီအမံတွေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။ 

(၂) တိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားနိုင်ရေး စီမံဆောင်ရွက်ပါ။ 

  • မိမိတို့နေထိုင်ရာအရပ်ဒေသကို မုန်တိုင်းမကျရောက်မီ မိမိရဲ့ တိရစ္ဆာန်တွေကို ဘေးလွတ်ရာဆီ ကြိုတင်ရွှေ့ ပြောင်းထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မုန်တိုင်းမကျရောက်မီ ရက်အနည်းငယ် (၇၂ နာရီ) ကတည်းက ကြိုတင်ရွှေ့ပြောင်းထားသင့်ပါတယ်။ 
  • တိရစ္ဆာန်တွေကို ရွှေ့ပြောင်းထားရှိမယ့်နေရာကို ကြိုတင်သတ်မှတ်ထားရပါမယ်။ နေရာကို ရွေးချယ်ရာမှာ တိရစ္ဆာန်တွေ ဘေးကင်းကင်းနေနိုင်ဖို့အတွက်သာမကဘဲ အစာနဲ့ရေ ရရှိနိုင်မှု အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 
  • မိမိရွေးချယ်ထားတဲ့နေရာမှာ အဆင်မပြေခဲ့ဘူးဆိုရင် နောက်ထပ်ရွှေ့ပြောင်းဖို့ အရန်နေရာတစ်ခုကိုလည်း ကြိုတင်စဉ်းစားထားသင့်ပါတယ်။ 
  • တိရစ္ဆာန်တွေကို ရွှေ့ပြောင်းထားရှိမယ့်နေရာဟာ ရေမတက်လာနိုင်လောက်အောင် မြင့်မားတဲ့ ကုန်းမြေ ဖြစ်သင့်ပါတယ်။ တကယ်လို့ အဲဒီနေရာကိုတောင် ရေတက်လာပြီး တိရစ္ဆာန်တွေ ရေနစ်မြုပ်နိုင်တဲ့ အနေအထားရောက်လာပြီဆိုရင်တော့ တိရစ္ဆာန်တွေကို ကြိုးဖြည်ပြီး လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဲဒီလို လွှတ်ပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါမယ်။ 
  • အစာနဲ့ ရေကို တိရစ္ဆာန်တွေထားရှိတဲ့နေရာဆီ ဘယ်လို ပို့ဆောင်မှာလဲ ဆိုတာကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ 
  • တိရစ္ဆာန်တွေကို ရွှေ့ပြောင်းထားရှိတဲ့နေရာမှာ ဘယ်သူက တိရစ္ဆာန်တွေကို စောင့်ရှောက်မှာလဲဆိုတာကို ကြိုတင်သတ်မှတ်ပြီး တာဝန်ပေးထားရပါမယ်။ 
  • တိရစ္ဆာန်တွေကို မိမိရဲ့ တိရစ္ဆာန်တွေဖြစ်ကြောင်း အမှတ်အသား ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အကြောင်းတစုံတရာကြောင့် အခြားသူတွေရဲ့ တိရစ္ဆာန်တွေနဲ့ ရော‌နှောသွားတာ၊ ပျောက်ဆုံးသွားတာတွေ ဖြစ်တဲ့အခါ အဲဒီအမှတ်အသားတွေက အထောက်အကူပြုနိုင်မှာပါ။ 

(၃) တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးအစီအမံများကို ကြိုတင်ဆောင်ရွက်ထားရှိပါ။

ဒေသခံ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိရဲ့ တိရစ္ဆာန်တွေကို လိုအပ်တဲ့ ရောဂါကာကွယ် ဆေးတွေ ကြိုတင်ထိုးနှံထားသင့်ပါတယ်။ (ဒါက မုန်တိုင်းသတင်းကြားမှ လုပ်ဆောင်ရမှာ မဟုတ်ဘဲ ပုံမှန်လည်း ကြိုတင်ဆောင်ရွက်ထားသင့်တဲ့ကိစ္စဖြစ်ပါတယ်။)

မုန်တိုင်းကာလမှာ တိရစ္ဆာန်တွေဟာ မိုးဒဏ်၊ လေဒဏ်၊ ရေနစ်တဲ့ ဒဏ်တွေကို ခံရပြီး ကိုယ်ခံအားကျဆင်းနေနိုင်ပါတယ်။ ဒါ့အပြင် မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့် အခြားဒေသက ရောဂါပိုးမွှားတွေက မိမိတို့ဒေသဆီ ရောက်ရှိလာနိုင်ပါတယ်။ မိမိရဲ့တိရစ္ဆာန်နဲ့ အခြားသူတွေရဲ့ တိရစ္ဆာန်တွေ ရောနှောထားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေအားလုံးက တိရစ္ဆာန်တွေဆီ ရောဂါကူးစက်ရောက်ရှိနိုင်တဲ့ အခြေအနေတွေပါ။ ဒါကို ကြိုတင်ပြီးကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးတွေ ပြည့်ပြည့်စုံစုံ ထိုးနှံထားဖို့ လိုအပ်ပါတယ်။ 

ကာကွယ်ဆေးထိုးနှံမှုနဲ့အတူ ကြိုတင်ဆောင်ရွက်သင့်တဲ့ နောက်တစ်ခုကတော့ သန်ချဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းတွေပါပဲ။ ဒါကလည်း မုန်တိုင်းသတင်းကြားမှ လုပ်ဆောင်ရမှာ မဟုတ်ဘဲ ပုံမှန်ဆောင်ရွက်ထားရှိပြီး ဖြစ်နေသင့်တဲ့ ကိစ္စပါ။ အနည်းဆုံးတော့ မုန်တိုင်းရာသီ မတိုင်မီမှာ တစ်ကြိမ် ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်။ 

အကယ်၍ မုန်တိုင်းအပြီးမှာ တိရစ္ဆာန်တွေ မကျန်းမာတာမျိုး ဖြစ်ပေါ်လာခဲ့ရင် ကျန်းမာတဲ့ တိရစ္ဆာန်တွေနဲ့ ရောဂါဖြစ်တဲ့တိရစ္ဆာန်တွေကို ခွဲခြားထားနိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်ထားသင့်ပါတယ်။ 

တိရစ္ဆာန်တွေအတွက် အရေးပေါ်ဆေးကုသဖို့ လိုအပ်လာတဲ့အခါ အသုံးပြုနိုင်မယ့် အရေးပေါ်ဆေးအိတ် (First Aid Kit) တွေ ပြင်ဆင်ပြီး မိုး၊ ရေ၊ လေ လုံခြုံတဲ့နေရာမှာ ထားရှိရပါမယ်။ အဲဒီ ဆေးအိတ်တွေထဲမှာ ပါဝင်သင့်တာတွေကတော့ တိုင်းရင်းဆေးဝါးတွေ၊ အနာဖျန်းဆေးတွေ၊ ဆေးကတ္တရာ၊ ဓာတ်ဆား၊ ပဋိဇီဝဆေးဝါးများ၊ ဆေးထိုးပိုက်/ဆေးထိုးအပ်၊ ပတ်တီးလိပ်၊ ခြင်/ယင် ဖျန်းဆေးနဲ့ ကြိုး စတာတွေ ဖြစ်ပါတယ်။ အခြားလိုအပ်နိုင်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေကို ဒေသမှာရှိတဲ့ ကျွမ်းကျင်တိရစ္ဆာန်ဆေးကု ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး ဖြည့်စွက်ထားသင့်ပါတယ်။  

မိမိတို့ဒေသမှာရှိတဲ့ တိရစ္ဆာန်ဆေးကုဌာန၊ တိရစ္ဆာန်ဆေးကုဆရာဝန်၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားတွေရဲ့ ဖုန်းနံပါတ်တွေနဲ့ အခြား ဆက်သွယ်နိုင်မယ့်နည်းလမ်းတွေကိုလည်း ကြိုတင်သိရှိမှတ်သားထားသင့်ပါတယ်။ 

(၄) ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ကင်းအောင် ပြင်ဆင်မှုများဆောင်ရွက်ပါ။

  • အဆောက်အအုံတွေ၊ ခြံစည်းရိုးတွေနဲ့ အုတ်နံရံတွေကို ခိုင်မာမှုရှိအောင် ဆောင်ရွက်ထားရပါမယ်။ ဒါမှသာ အဲဒီအရာတွေ ပြိုကျလာပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်တာကို ရှောင်ရှားနိုင်မှာပါ။ 
  • ခြံသုံးပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေ၊ ကုသဆေးတွေလိုမျိုး ဓာတုပစ္စည်းတွေကို ရေလုံအောင် သိုလှောင်သိမ်းဆည်းထားရပါမယ်။ ဒါမှမဟုတ် ရေ ဘယ်လိုမှ မရောက်နိုင်တဲ့ အမြင့်မှာ ထားရှိရပါမယ်။ 
  • ခြံထွက် အညစ်အကြေးတွေကိုလည်း ရေတက်ချိန် ရေထဲရောက်မသွားအောင် ကြိုတင်ဆောင်ရွက်ထားသင့်ပါတယ်။ 

(၅) တိရစ္ဆာန်တွေအတွက် အစာနဲ့ရေ ရရှိအောင် ကြိုတင်စီမံထားသင့်ပါတယ်။ 

  • တိရစ္ဆာန်တွေအတွက် အနည်းဆုံး ရက်သတ္တပတ် ၁ ပတ်စာ အစာနဲ့ရေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ၂ ပတ်စာလောက် ရှိနေသင့်ပါတယ်။ 
  • ကြိုတင်စုဆောင်းထားရှိတဲ့ အစာတွေ ‌လေထဲမပါသွားအောင်၊ မိုးရေမစိုအောင်၊ ရေနစ်မြုပ်မသွားအောင် ထားရှိဖို့လည်း လိုအပ်ပါတယ်။
  • ရေသိုလှောင်ဖို့အတွက် မိုးရေကာဖျင်၊ ရေပုံး အစရှိတဲ့ ရေထည့်စရာတွေ ကြိုတင်ပြင်ဆင်ထားရှိရပါမယ်။
  • မုန်တိုင်းအပြီး ရေသန့်သန့် မရရှိချိန်မှာ ရတဲ့ရေကို သန့်စင်နိုင်မယ့် နည်းလမ်းတွေ (ဥပမာ သဲစစ်ရေအိုးနဲ့ ရေစစ်တာ၊ ကလိုရင်းခတ်တာ) ကို ကြိုတင်စဉ်းစားပြင်ဆင်ထားသင့်ပါတယ်။  
  • ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေအတွက် ယူရီးယားသကာတုံးလို ဖြည့်စွက်အစာတွေ ကြိုတင်စုဆောင်းထားပြီး ကျွေးမွေးပုံကို လေ့လာထားသင့်ပါတယ်။ 

သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်