တန်ရွေး ၄၅၆ (သို့) ရွှေရင်အေး

25/08/2022 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့နိုင်ငံ၌ သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ စပါးသီးနှံသည်  စိုက်ဧရိယာ အများဆုံးဖြစ် သည်။ စပါးသီးနှံသည် ပြည်တွင်းစားသုံးမှုပိုလျှံပြီး ပြည်ပပို့ကုန်အဖြစ် အားထားရသည့်သီးနှံဖြစ်ပေရာ အထွက်ကောင်းမျိုးများကို အသုံးပြုစိုက်ပျိုးရန် လိုအပ်ပါသည်။

ရှေးယခင်ကတော့ အလင်းရောင်တုန့်ပြန်မှုရှိသည့်မျိုးများကိုသာ စိုက်ပျိုးခဲ့သည်။ တစ်နှစ်လျှင် မိုးရာသီ တစ်ချိန်တွင်သာ စိုက်နိုင်သည်။ ယခုအခါ စိုက်လိုသည့် အချိန်တွင် စိုက်၊ မိုးဖြစ်စေ နွေဖြစ်စေ ရာသီမရွေးစိုက်လို့ရသည့်မျိုးများပေါ်ထွန်းလာပြီဖြစ်သည်။

လက်ရှိတွင် အထွက်နှင့် အရည်အသွေးကောင်းသောမျိုးများကို  မိုးရော နွေပါ ဒေသဖြစ်ထွန်းမှုအရ တောင်သူလယ်သမားများ စိုက်ပျိုးလျက်ရှိကြသည်။ သို့သော် ပို၍ပို၍ သာလွန်ကောင်းမွန်သောမျိုးများ ပေါ်ထွက်ရန်လိုအပ်ပြီး အစားထိုးစိုက်ပျိုးခြင်းဖြင့် ဆန်စပါးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးဆောင်ရွက်ရန် လိုအပ်ပါသည်။

ယခင်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က မွေးမြူထုတ်လုပ်သောမျိုးများကိုသာ တောင်သူလယ်သမားများ စိုက်ပျိုးခဲ့သည်။ ယခုမူ ပုဂ္ဂလိကစိုက်ပျိုးရေးကုမ္ပဏီများ၏ မျိုးသစ်များကိုပါ စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။

 မြန်မာရွှေဧရာကုမ္ပဏီလီမိတက်က ၂၀၂၁ ခုနှစ်၊ မေလတွင် စပါးမျိုးတစ်မျိုးကို မျိုးသစ်အဖြစ် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီမှ အသိအမှတ်ပြုလက်မှတ်ရယူခဲ့ပြီး မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချခွင့် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါစပါးမျိုးနှင့် ပတ်သက်၍ အသိပေး ဖေါ်ပြလိုပါသည်။

စပါးမျိုးအမည်မှာ တန်ရွေး ၄၅၆ ဖြစ်သည်။ အဆိုပါ စပါးမျိုးကို အမအဖြစ် HAOMUXI စပါးမျိုးနှင့် အဖိုအဖြစ် IR 24 စပါးမျိုးတို့ကို မျိုးစပ်ပြီး မွေးမြူရွေးချယ်ရေး အဆင့်ဆင့်ဆောင်ရွက်ကာ ရရှိလာသောမျိုးဖြစ်သည်ဟု ဆိုသည်။ အမအဖြစ်ထားရှိသော HAOMUXI စပါးမျိုးမှာ တရုတ်စပါးမျိုးဖြစ်ပြီး IR 24 စပါးမျိုးမှာ ဖိလစ်ပိုင်နိုင်ငံတွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာနမှ မွေးမြူထုတ်လုပ်သည့်စပါးမျိုးဖြစ်ကြောင်း သိရသည်။ 

တန်ရွေး ၄၅၆ စပါးမျိုးကို မျိုးစပ်မှုနှင့် မျိုးမွေးမြူရွေးချယ်ရေး လုပ်ငန်းအဆင့်ဆင့် ကိုဆောင်ရွက်သော YingJiang Country Seed Farm Com;Ltd.x မှ ရယူခဲ့ခြင်းဖြစ်၍ မူရင်းဒေသမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင် ဖြစ်ကြောင်း သိရသည်။

မျိုးသစ်အဖြစ်မှတ်တင်ခွင့်ရရှိရန်ဆောင်ရွက်ခြင်း

တန်ရွေး ၄၅၆ စပါးမျိုးအား မြန်မာနိုင်ငံအတွင်း စမ်းသပ်သည့်လုပ်ငန်းကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည်။ စမ်းသပ်သည့်ကာလများမှာ ၂၀၁၆ ခုနှစ်မိုးရာသီ၊ ၂၀၁၇ ခုနှစ်နွေရာသီ၊ ၂၀၁၈ ခုနှစ် မိုးရာသီ၊ ၂၀၁၉ ခုနှစ် မိုးရာသီနှင့် ၂၀၂၀ ခုနှစ် နွေရာသီတို့ ဖြစ်သည်။ စမ်းသပ်သည့်ဒေသများမှာ မှော်ဘီ၊ ပွင့်ဖြူ၊ လက်ပံတန်း၊ တာယော (တောင်ကြီးမြို့နယ်)၊ လွိုင်ကော်နှင့် ဟူးမွန်(လားရှိုးမြို့နယ်)တို့ဖြစ်ကြောင်း သိရပါသည်။

တန်ရွေး ၄၅၆ စပါးမျိုးအား မျိုးယှဥ်ပြိုင်စမ်းသပ်မှုလုပ်ငန်းကို ပုလဲသွယ်၊ GW1၊ ဆင်းသုခ၊ မနောသုခ၊ တရုတ်မွှေးစပါးမျိုးတို့နှင့် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အရည်အချင်းလက္ခဏာများ

  • တန်ရွေးစပါးမျိုး၏ အပင်အမြင့်မှာ ၃ ပေနှင့် ၈ လက်မမှ ၄ ပေနှင့် ၅ လက်မခန့် ရှိသည်။
  • အနှံပါသောအပင်ပွား ၇ ပင်မှ ၁၂ ပင်ပွားနိုင်သည်။
  • အနှံတစ်နှံ၏အရှည်မှာ ၁၁ လက်မမှ တစ်ပေခန့်ဖြစ်သည်။
  • စပါးနှံတစ်နှံတွင် သီးလုံး ၁၄၃ မှ ၁၈၉ လုံးသီးနိုင်ပြီး အောင်မြင်သောအစေ့ရာခိုင်နှုန်းမှာ ၇၃ မှ ၈၁ ခန့် ဖြစ်သည်။
  • စပါးစေ့ ၁၀၀၀ ၏ အလေးချိန်(ဂရမ်)မှာ ၂၈ ဖြစ်ကြောင်းသိရပါသည်။

တန်ရွေးစပါးမျိုး၏ စပါးလုံးသည် ဧည့်မထအုပ်စုတွင်ဝင်သည်။ ဗိုက်ဖြူအနည်း ငယ်ပါသော်လည်း ဆန်သားကြည်လင်သည်။ ကြိတ်ခွဲပါက ဆန်ထွက်ရာခိုင်နှုန်းမှာ ၇၁ ဒသမ ၃ ဖြစ်ပြီး  အမိုင်းလို့စ်ရာခိုင်နှုန်းမှာ ၁၅ ဒသမ ၆၃ ဖြစ်သည်။ စားသုံးမှုအဆင့်အတန်းမှာ ကောင်းမွန်ကြောင်း သိရပါသည်။

ဒေသအကြိုက်စိုက်ပျိုးမှု

တန်ရွေး ၄၅၆ စပါးမျိုးကို ၂၀၂၁ ခုနှစ်မှသာ အသိအမှတ်ပြုလက်မှတ်ရယူပြီး တရားဝင် ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချခွင့်ရယူခဲ့သော်လည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်‌မူ တရုတ်နိုင်ငံနယ်စပ်မှတစ်ဆင့် ၂၀၀၃ ခုနှစ်ခန့်ကပင် စတင်စိုက်ပျိုးခဲ့ကြောင်း လေ့လာသိရှိရသည်။

တောင်သူလယ်သမားများသည် အဆိုပါစပါးမျိုးကို ရွှေရင်အေး အမည်ဖြင့် စိုက်ပျိုးခြင်း ဖြစ်သည်။ ယခုအခါ ရွှေရင်အေးအမည်ဖြင့် အဆိုပါပြည်နယ်များတွင် ဒေသရေမြေနှင့် ကိုက်ညီပြီး တောင်သူလယ်သမားများ အထူးကြိုက်နှစ်သက်ကာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

ကယားပြည်နယ်၌ မိုးစပါးစိုက်ဧက ရှစ်သောင်းကျော်တွင် အထွက်ကောင်းမျိုး ဧက ငါးသောင်းနီးပါးနှင့် ‌ဒေသမျိုး ဧကသုံးသောင်းကျော်စိုက်ပျိုးသည်။ အထွက်ကောင်းမျိုးတွင် ဆင်းရွှေဝါနှင့် ရွှေရင်အေးတို့ကို အဓိကစိုက်ပျိုးပြီး ရွှေရင်အေးစိုက်ဧကမှာ အများဆုံးဖြစ်ကြောင်း သိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၌ မိုးစပါးစိုက်ဧက ငါးသိန်းလေးသောင်းကျော်တွင် အထွက်ကောင်းမျိုး ဧက နှစ်သိန်းကျော်နှင့် ‌ဒေသမျိုး ဧကသုံးသိန်းကျော်စိုက်ပျိုးသည်။ အထွက်ကောင်းမျိုးတွင် ဧည့်မထအထွက်ကောင်းနှင့် ရွှေရင်အေးတို့ကို အဓိကစိုက်ပျိုးပြီး ရွှေရင်အေးစိုက်ဧကမှာ အများဆုံးဖြစ်ကြောင်း သိရပါသည်။

တန်ရွေး ၄၅၆ (ခေါ်) ရွှေရင်အေးစပါးမျိုးကို ယခုအခါ မြန်မာရွှေဧရာကုမ္ပဏီလီမိတက်က မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍  စိုက်ပျိုးလိုသူတောင်သူလယ်သမားများ ပြည်တွင်းမှာပင် အလွယ်တကူဝယ်ယူရရှိနိုင်တော့မည်ဖြစ်၍ အထူးဝမ်းမြောက်ကြောင်း ဖေါ်ပြအပ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်