အပင်စိုက်ပျိုးရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေထဲမှာမှ မြေဆောင်ရောဂါကျရောက်တဲ့ ပြဿနာတွေဟာ အနှောင့်အယှက်ဖြစ်စေဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ မြေဆောင်ရောဂါတွေ ကျရောက်တဲ့အခါ အပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်နိုင်ပြီး တဖြည်းဖြည်းအပင်လှီကာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
မြေဆောင်ရောဂါတွေဟာ မြေဆီလွှာထဲမှာ ရှင်သန်လှုပ်ရှားနေတဲ့ အဏုဇီဝသက်ရှိတွေကြောင့် ဖြစ်ပွားရတာဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်တွေ့နိုင်သလို အပင်ထိခိုက်နေသည်အထိတိုင်အောင် သတိမပြုမိဘဲ ဖြစ်တတ်ကြပါတယ်။
မည်သည့်ရောဂါမဆို ရောဂါဖြစ်ပွားဖို့အတွက် အခြေခံအားဖြင့် အချက် ၃ ချက်လိုအပ်ပါတယ်။
- ၁။ ရောဂါဖြစ်ပွားစေသော သက်ရှိ
- ၂။ လက်ခံအပင်နဲ့
- ၃။ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေ စတဲ့ အချက်တွေ ဖြစ်ပါတယ်။
မြေဆောင်ရောဂါတွေ ဖြစ်ပွားရာမှာ ရောဂါဖြစ်စေတဲ့ သက်ရှိတွေဟာ မြေဆီလွှာထဲမှာ ကာလကြာရှည် ကျန်ရှိနေနိုင်ပြီး ၎င်းတို့ရဲ့လက်ခံပင် (သီးနှံပင်) တွေ စိုက်ပျိုးတဲ့ အချိန်ထိတိုင်အောင် အချိန်ကြာမြင့်စွာ စောင့် ဆိုင်းနေနိုင်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီးတော့လည်း ရောဂါဖြစ်ပွားမှုတွေ ကွဲပြားနိုင်ပါတယ်။ အချို့သော ရောဂါတွေကတော့ စိုထိုင်းတဲ့အခြေအနေကို ကြိုက်နှစ်သက်ကြပြီး အချို့ကတော့ မြေဆီလွှာရဲ့ ချဉ်/ ငန် ကိန်းပေါ်မူတည်ပြီး ကျရောက်တတ်ကြသလို အချို့ကတော့ ၎င်းတို့သတ်မှတ်ထားတဲ့ နူးညံ့ပြီး အရည်ရွှမ်းတဲ့ အပင်အစိတ်အပိုင်းတွေမှာ ကျရောက်လေ့ရှိတာ ဖြစ်ပါတယ်။
အချို့ရောဂါတွေကတော့ ၎င်းတို့အတွက် သင့်တော်တဲ့ လက်ခံပင်နဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေ ရောက်ရှိတဲ့အခါ ခဏတာ ကျရောက်တတ်ကြတာဖြစ်ပြီး အချို့ကတော့ မြေဆီလွှာထဲမှာ နှစ်ပေါင်းများစွာ သဘာဝအတိုင်း ရှိနေတတ်ကြတာ ဖြစ်ပါတယ်။ အချို့ရောဂါဖြစ်စေတဲ့ သက်ရှိတွေကတော့ ၎င်းတို့ကြိုက် နှစ်သက်တဲ့ လက်ခံပင်ကို မရရှိတဲ့အခါ အခြားအစားထိုး သီးနှံတစ်မျိုးဆီကို ပြောင်းသွားလေ့ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ သီးနှံတွေရဲ့ စိုက်ပျိုးရာသီ ကုန်ဆုံးသွားပြီဆိုတာနဲ့ သီးနှံပင်တွေရဲ့ အကြွင်းအကျန်တွေနဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းပစ်ဖို့ အကြံပြုကြလေ့ရှိတာ ဖြစ်ပါတယ်။ အပင်တွေမှာ ကျရောက်လေ့ရှိတဲ့ မြေဆောင်ရောဂါတွေဟာ ယေဘုယျအားဖြင့် အရွက်ဝါခြင်း (သို့မဟုတ်) အမည်းရောင် အစက်အပြောက်များ ဖြစ်ပေါ်ခြင်းကဲ့သို့ အလားတူလက္ခဏာများ တွေ့ရလေ့ရှိပါတယ်။
မြေဆောင်ရောဂါ အမျိုးအစားများ
မှို
မှိုရောဂါတွေဟာ သီးနှံတွေစိုက်ပျိုးရာမှာ အဖြစ်အများဆုံး မြေဆောင်ရောဂါတွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့လည်း မှိုမျိုးစိတ်ပေါင်း ၈၀၀၀ ကျော်ရှိတဲ့အနက် မှိုတိုင်းဟာ အပင်တွေကိုပြဿနာ ဖြစ်စေနိုင်တာမျိုး မဟုတ်သလို အဓိကကျတဲ့ ရောဂါတွေလည်း မဟုတ်ပြန်ပါဘူး။ အပင်အများစုကတော့ မှိုအမျိုးအစားအချို့ကို ခံနိုင်ရည်ရှိကြပြီးသား ဖြစ်ပါတယ်။
မြေဆောင်မှိုရောဂါ ကျရောက်တဲ့ ပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- အပင်ရဲ့အမြစ်စနစ် စတင်ပျက်စီးပြီးတဲ့နောက် အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ ရောဂါပိုးတွေဟာ အပင်ရဲ့အမြစ်တွေကို ကူးစက်ပြီးနောက် အပင်မှ ရေနဲ့ အာဟာရဓာတ်များ စုပ်ယူခြင်းနဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ မှိုရောဂါကျရောက်တဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ အပင်ညှိုးနွမ်းသွားခြင်း၊ အဝါရောင်ပြောင်းလာခြင်း၊ ကြီးထွားမှုနှေးလာခြင်း၊ ကိုင်းဖျားခြောက်ခြင်းနဲ့ သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အဆိုပါလက္ခဏာတွေဟာ ရေငတ်ဒဏ်ခံရခြင်းနဲ့ အာဟာရချို့တဲ့ခြင်းကဲ့သို့သော အခြားပြဿနာတွေနဲ့ ရောထွေးနိုင်ပါတယ်။ အမြစ်ပုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ မှိုတွေကတော့ Cylindrocladium၊ Pythium၊ Phytophthora နဲ့ Rhizoctonia တို့ ဖြစ်ကြပါတယ်။
- မြေမျက်နှာပြင်ပေါ်မှာရှိနေတဲ့ အပင်တွေမှာဆိုရင်တော့ ပင်စည်၊ ရိုးတံနဲ့ အညွန့်တွေမှာ ပုပ်တာမျိုး တွေ့ရတတ်ပါတယ်။ အဆိုပါ လက္ခဏာတွေဟာ အမြစ်ပုပ်ခြင်းနဲ့ ဆင်တူပေမဲ့လည်း မြေဆီလွှာအပေါ်မှာ ပုပ်စပြုလာတာကြောင့် ကြိုတင်သိရှိနိုင်ဖို့ လွယ်ကူပါတယ်။ သတိထားရမယ့် အဖြစ်များတဲ့ ရောဂါပိုးတွေကတော့ Phytophthora၊ Rhizoctonia၊ Sclerotinia နဲ့ Sclerotium တို့ဖြစ်ပါတယ်။
- Fusarium oxysporum နဲ့ Verticillium spp ကဲ့သို့သော ရောဂါတွေဟာဆိုရင်တော့ ရေအလုံအလောက်ရှိနေပေမယ့်လည်း အပင်တွေကို ညှိုးနွမ်းစေတဲ့ရောဂါတွေ ဖြစ်ပါတယ်။ အဆိုပါ ရောဂါတွေဟာ များသော အားဖြင့် အပင်ရဲ့အတွင်းပိုင်းမှာ ထိခိုက်မှုလက္ခဏာ တွေ့ရှိရတာ ဖြစ်ပါတယ်။
- ခါးရိရောဂါတွေကတော့ ပျိုးပင်ငယ်တွေကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။ အဆိုပါ ရောဂါတွေဟာ အဓိကအားဖြင့် Pythium၊ Phytophthora၊ Rhizoctonia နဲ့ Sclerotium rolfsii ကဲ့သို့သော မှိုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါတွေဟာ မျိုးညှောက်ပေါက်ချိန် သို့မဟုတ် ပေါက်ပြီးမကြာခင်မှာပဲ အပင်တွေမှာကျရောက်တတ်ပြီး ရုတ်တရက်သေဆုံးစေနိုင်တာ ဖြစ်ပါတယ်။
ဘက်တီးရီးယား
- ဘက်တီးရီးယား ရောဂါပိုးတွေကတော့ အဖြစ်များတဲ့ ရောဂါရယ်ဆိုပြီး တွေ့ရတာတော့ နည်းပါတယ်။ သို့ပေမဲ့ ဖြစ်ပေါ်လေ့ရှိတဲ့ ရောဂါအချို့ကတော့ ဥပမာအနေနဲ့ ပြောရရင် Erwinia (ပျော့ပုပ်ရောဂါ)၊ Rhizomonas (ဆလပ်မှာတွေ့ရတဲ့ corky root)၊ Streptomyces (အာလူးအနာဖေး၊ ကန်စွန်းဥပျော့ပုပ်) စတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်
- ဗိုင်းရပ်စ်အများစုဟာ ၎င်းတို့ရှင်သန်နိုင်ဖို့အတွက် သက်ရှိတစ်သျှူးတွေကို လိုအပ်သော်လည်း ၎င်းတို့ဟာ မှို သို့မဟုတ် နီမတုတ်များပေါ်မှာပါ ရှင်သန်နိုင်ပြီး ရေထဲမှာပါ ရှိနိုင်တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး အပင်ဆဲလ်အတွင်းကို ဝင်ရောက်တဲ့အခါ အဆိုပါဆဲလ်တွေဟာ ဗိုင်းရပ်စ်ဆဲလ်တွေကို ပိုပြီးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆလပ်မှာ ကျရောက်တဲ့ necrotic stunt virus ဆိုရင် အပင်ရဲ့ကြီးထွားမှုကို ထိခိုက်စေပြီး အဝါရောင်ပြောင်းကာ အောက်ပိုင်းအရွက်တွေမှာ တခါတရံ အစက်အပြောက်တွေကို တွေ့ရတတ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် အသစ်ထွက်လာတဲ့ အရွက်တွေကတော့ စိမ်းလန်းပြီး ထူထဲနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
နီမတုတ်
နီမတုတ်တွေဟာ သေးငယ်တဲ့ အဏုဇီဝအကောင်ငယ်လေးတွေဖြစ်ပြီး များပြားတဲ့ဆဲလ်ကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားကာ အဆစ်အပိုင်းတွေမပါဝင်တဲ့ လုံးဝန်းသောသက်ရှိတွေဖြစ်ပါတယ်။ ဒီသက်ရှိ အကောင်ငယ်လေးတွေကို ပုံကြီးချဲ့ပြီးမကြည့်ရင် မြေဆီလွှာထဲမှာ သန်းနဲ့ချီပြီးရှိနေတဲ့ နီမတုတ်တွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ နီမတုတ်မျိုးစိတ် ၈၀,၀၀၀ ခန့်မှာ ၂,၅၀၀ ခန့်ကသာ ကပ်ပါးပြုကြတာ ဖြစ်ပါတယ်။ ၎င်းတို့အနက် အချို့သောနီမတုတ်တွေကတော့ ကပ်ပါးပြုပြီး သီးနှံပင်တွေကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။ အချို့ကတော့ အပင်ရဲ့အမြစ်တွေမှာ နေထိုင်စားသောက်တာ ဖြစ်ပါတယ်။
နီမတုတ်တွေဟာ အထူးသဖြင့် မုန်လာဥနီကဲ့သို့ အမြစ်စားသုံးရတဲ့ သီးနှံတွေအတွက် ပြဿနာရှိနိုင်တာ ဖြစ်ပါတယ်။ အမြစ်ဖုနီမတုတ် (Root rot nematodes) တွေကိုတော့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ အမြစ်ဖုနီမတုတ်ကတော့ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ သစ်သီးခြံတွေနဲ့ အလှပန်းစိုက်ခင်းတွေမှာ ကျရောက်ဖျက်ဆီးတဲ့ နီမတုတ်ဖြစ်ပါတယ်။ ၎င်းတို့ဟာ အမြစ်တွေ ပုံပျက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေပြီး အပင်ရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိကလက္ခဏာတော့ ၎င်းရဲ့နာမည်ကဲ့သို့ပဲ လက်ခံပင်ရဲ့ အမြစ်တွေပေါ်မှာ အဖု၊ အလုံးတွေ ကြီးထွားလာခြင်း ဖြစ်ပါတယ်။ ဒီနီမတုတ် တိုက်ခိုက်ခံရတဲ့ အပင်တွေဟာ လုံလောက်တဲ့ အာဟာရဓာတ်ကို မရရှိနိုင်တာကြောင့် အရွက်တွေဝါလာပြီး အပင်ကြီးထွားမှု ရပ်တန့်သွားကာ ပုညှက်သွားစေတာ ဖြစ်ပါတယ်။
ထိန်းချုပ်ကာကွယ်ခြင်း
အထက်မှာဖော်ပြခဲ့တဲ့ မြေဆောင်ရောဂါဖြစ်ပေါ်စေတဲ့ သက်ရှိတွေဟာဆိုရင် ၎င်းတို့နှစ်သက်တဲ့ လက်ခံပင် (သီးနှံပင်) အချိန်ကြာမြင့်စွာ မရှိသည့်တိုင်အောင် မြေကြီးထဲမှာ ကောင်းစွာရှင်သန်နိုင်တဲ့ သက်ရှိတွေဖြစ်ပါတယ်။ ဓာတုနည်းနဲ့ ထိန်းချုပ်ကာကွယ်ခြင်းဟာ ရေရှည်အတွက် ထိရောက်မှုမရှိသလို ကုန်ကျမှုလည်း များပြားနိုင်ပါတယ်။ သို့ပေမယ့်လည်း အဆိုပါရောဂါပိုးတွေရဲ့ ဦးရေနဲ့ ကျရောက်မှုတွေကို အခြားသော သဘာဝနည်းလမ်းအနည်းငယ်နဲ့လည်း လျှော့ချလို့ရနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ ထိရောက်ပြီး လုပ်ဆောင်သင့်တဲ့အရာကတော့ စိုက်ပျိုးရာသီ ကုန်ဆုံးသွားတဲ့အခါ စိုက်ခင်းထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေနဲ့ အညစ်အကြေးတွေအားလုံးကို ရှင်းလင်းပေးသင့်တာ ဖြစ်ပါတယ်။
အကုန်လုံးမရှင်းနိုင်ရင်တောင် အနည်းဆုံးတော့ ရောဂါပိုးကျရောက်ခဲ့တဲ့ နေရာမှာရှိနေတဲ့ အပင်အကြွင်း အကျန်တွေ အမှိုက်သရိုက်တွေကို သေချာဖယ်ရှားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဖြစ်စေတဲ့ သက်ရှိတွေဟာ ဆောင်းရာသီတစ်ချိန်လုံးမှာ အပင်အကြွင်းအကျန်တွေပေါ်မှာ နေထိုင်စားသောက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ အာဟာရကြွယ်ဝပြီး ဇီဝဖြစ်စဉ်အရ ဖြစ်ပေါ်လာတဲ့ မြေဆွေးဟာ မြေဆီလွှာထဲမှာရှိနေတဲ့ ရောဂါတွေကို ဆန့်ကျင်နိုင်တဲ့ အဏုဇီဝသက်ရှိတွေကို ပေါက်ပွားစေနိုင်တာကြောင့် မြေဆောင်ရောဂါတွေကို နှိမ်နင်းနိုင်ကြောင်း လေ့လာမှုများစွာမှာ ဖော်ပြထားကြပါတယ်။ အပင်ရဲ့ အမြစ်တွေကို ထိခိုက်စေတဲ့ ရောဂါပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ မြေဆွေးအသုံးပြုခြင်းဟာ ကုသခြင်းရဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
နောက်ထပ် ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုကတော့ သီးလှည့်စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းဆိုတာ စိုက်ခင်းတစ်ခုထဲမှာ သီးနှံတစ်မျိုးတည်းကိုပဲ ရာသီမရွေး ဆက်တိုက်ကြာရှည်စွာ စိုက်ပျိုးတာမျိုး မဟုတ်ဘဲ အခြားသော သီးနှံများကိုလည်း အလှည့်ကျ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းဟာ ပိုးမွှားများကို ကာကွယ်ပေးနိုင်ရုံမက မြေဆီလွှာမှာရှိတဲ့ ရောဂါတွေကို ထိန်းချုပ်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။ စိုက်ခင်းတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်းကိုပဲ ဆက်တိုက်စိုက်ပျိုးမယ်ဆိုရင် အချိန်ကြာလာနဲ့အမျှ မြေဆီလွှာမှာ ရောဂါတွေ ပျံ့နှံ့လာနိုင်တာ ဖြစ်ပါတယ်။ ဒီလိုစိုက်ခင်းမျိုးတွေမှာ သီးလှည့်စိုက်ပျိုးခြင်းကို ပြုလုပ်မယ်ဆိုရင်တော့ ရောဂါတွေရဲ့ ပွားများမှုနဲ့ ဘဝစက်ဝန်းကို ပြတ်တောက်သွားစေနိုင်တာကြောင့် များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းလိုပဲ သီးညှပ်စိုက်ပျိုးခြင်းနဲ့ သီးရောစိုက်ပျိုးခြင်းတွေ ပြုလုပ်ခြင်းဖြင့်လည်း မြေဆောင်ရောဂါတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
သီးနှံစိုက်ခင်းတွေမှာ ကောင်းမွန်တဲ့ ရေသွင်းရေထုတ်စနစ်တွေ ပြုလုပ်ခြင်းဟာလည်း အချို့သော oomycetes မှိုရောဂါတွေ (ဥပမာ Pythium)၊ နီမတုတ် စတာတွေရဲ့ အရေအတွက်နဲ့ လုပ်ဆောင်ချက်တွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ရေလွှမ်းထားတဲ့ လယ်ကွင်းတွေနဲ့ ခြောက်သွေ့ပြီး မထွန်ယက်ထားတဲ့ မြေတွေမှာဆိုရင် Fusarium၊ Sclerotinia၊ Sclerotiorum နဲ့ နီမတုတ်တွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
ဓာတ်မြေသြဇာတွေကို စနစ်တကျ အသုံးပြုခြင်းဖြင့်လည်း အပင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါတွေရဲ့ သက်ရောက်မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
• အမိုနီယမ်ဘိုင်ကာဗွန်နိတ် (ammonium bicarbonate) ကိုအသုံးပြုခြင်းဖြင့် Sclerotium rolfsii ရဲ့ sclerotial အကောင်များ ရှင်သန်နိုင်စွမ်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
• ဖော့စဖိတ်ဓာတ်မြေသြဇာတွေကို အသုံးပြုခြင်းဖြင့် phytoalexins ထုတ်လုပ်မှုကို တိုးမြှင့်စေပြီး လက်ခံပင်ရဲ့ ခံနိုင်ရည်ရှိမှုကို အားကောင်းစေမှာ ဖြစ်ပါတယ်။
• ဖော့စဖရစ်အက်ဆစ်ကို အသုံးပြုခြင်းဖြင့် Pythium နဲ့ Phytophthora ကဲ့သို့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
• ဂျစ်ပဆမ် ကျောက်မှုန့် အသုံးပြုခြင်းဖြင့် မြေပဲ၊ ပဲပုပ်နဲ့ နှံစားပြောင်းတွေမှာ ကျရောက်တတ်တဲ့ Macrophomina phaseolina ရောဂါတွေကို လျော့နည်းစေနိုင်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.thespruce.com/
https://www.rroij.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်