#မှတ်ကျောက်အတင်ခံသော_အယူအဆသစ်_သို့မဟုတ်_ကီးစတုန်းကို_ရှာဖွေတွေ့ရှိခြင်း
သိပ္ပံပညာ၏ အကောင်းဆုံးအစိတ်အပိုင်းများစွာထဲက တစ်ခုမှာ အယူအဆတစ်ရပ်ကို မှန်သည်၊ မှားသည်ဟု အလွယ်တကူ လက်ခံဆုံးဖြတ်ခြင်း မပြုဘဲ ယင်းအယူအဆ၏ မှန်ကန်မှု၊ မှားယွင်းမှုတို့ကို လက်တွေ့စမ်းသပ်သုတေသနပြုချက်များဖြင့် သက်သေပြခြင်းဖြစ်ပင် ဖြစ်သည်။
ပညာရှင်တစ်ဦး၏ ရွှေကဲ့သို့တန်ဖိုးရှိသော အယူအဆသစ်တစ်ရပ်သည် မည်မျှမှန်ကန်သနည်း၊ မည်မျှတန်ဖိုးရှိသနည်း၊ မည်မျှစစ်မှန်သနည်း၊ လူသားနှင့် ကမ္ဘာလောကအကျိုးကို မည်မျှ ဖြစ်ထွန်းစေသနည်း စသည့်အချက်များကို တိုင်းတာစစ်ဆေးရာတွင် သုတေသနလုပ်ငန်းများသည် မှတ်ကျောက်များပင်ဖြစ်သည်။
ပါမောက္ခ ဖရတ်စမစ်သ် ၏ Green World Hypothesis သည်လည်း သုတေသန လက်တွေ့စမ်းသပ်ချက်များဖြင့် မှတ်ကျောက်တင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုတာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ခဲ့သူက အခြားသူမဟုတ်ပါ။ မစ်ချီဂမ်တက္ကသိုလ် သတ္တဗေဒ စာသင်ခန်းအတွင်း ပါမောက္ခ ဖရတ်က “သစ်ပင်တွေ ဘာကြောင့် စိမ်းလန်းနေရသလဲ” ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့စဉ်အခါက စာသင်ခန်းပြတင်းပေါက်ဆီမှ လှမ်းမြင်နေရသည့် သစ်ပင်ကြီးကို ကြည့်ကာ အတွေးပွားနေခဲ့ရှာသည့် ကျောင်းတော်သားများထဲက တစ်ယောက် ဖြစ်သည်။
သူ့အမည်က ရောဘတ်ပိန်း (Robert Paine)။
မစ်ချီဂမ်တက္ကသိုလ်မှ ပါမောက္ခဖရတ်စမစ်၏အတန်းကို တက်ခဲ့ရသော ကျောင်းသားဟောင်း ရောဘတ်ပိန်းသည် နောင်နှစ်အနည်းငယ်အကြာတွင် ဝါရှင်တန်တက္ကသိုလ် (University of Washington) တွင် ဆရာဖြစ်လာခဲ့သည်။ တက္ကသိုလ်၏ မျိုးဆက်သစ်ဆရာငယ်လေးအဖြစ် ရောဘတ်တစ်ယောက် သုတေသနလုပ်ငန်းတွေ စတင်ဆောင်ရွက်ရပြီဖြစ်ရာ သူ့ဆရာဖြစ်သူ ပါမောက္ခဖရတ်စမစ်သ်၏ Green World Hypothesis ကို လက်တွေ့စမ်းသပ်ကြည့်ဖို့ အခြေအနေတွေ ဖြစ်လာတော့သည်။
သားရဲတိရစ္ဆာန်များ၏ ဂေဟစနစ်တစ်ရပ်လုံးအပေါ် သက်ရောက်မှုကို အသေအချာ လေ့လာနိုင်မည့် ဂေဟစနစ်တစ်ခုကို ရောဘတ်က ရှာဖွေခဲ့သည်။ သူတွေ့ရှိကာ ရွေးချယ်သည့် ဂေဟစနစ်ထဲက သားရဲတိရစ္ဆာန်မျိုးစိတ်ကို ဖယ်ရှားပစ်ပြီး ထိုဂေဟစနစ်အတွင်း မည်သို့သောအပြောင်းအလဲများ ဖြစ်ပေါ်သည်ကို လက်တွေ့ စူးစမ်းလေ့လာကြည့်ရန် ဖြစ်သည်။
“ကျွန်တော် ပစိဖိတ်သမုဒ္ဒရာကို တွေ့မိတယ်။ ကမ်းခြေတလျှောက်မှာ သက်ရှိမျိုးစိတ်တွေ အများကြီးရှိနေတယ်ဗျ။ ကျွန်တော့်ရှေ့မှာတင် ပြန့်ကျဲပြီး ရှိနေကြတာ။ တကယ့်နိဗ္ဗာန်ဘုံပဲဗျာ”
ဒါက သူငယ်စဉ်က အဖြစ်အပျက်ကို ရောဘတ်တစ်ယောက် သူ့အသက် ၈၀ ကျော်မှာ စိတ်ပါလက်ပါ ပြန်ပြောပြနေခြင်းဖြစ်သည်။
ဝါရှင်တန်ပြည်နယ်၊ မက္ကောပင်လယ်အော် (Mukkaw Bay) ရှိ ကျောက်ဆောင်များကြားမှ ရေကန်ငယ်လေးများသည် ရောဘတ်အတွက် ဂေဟစနစ် လေ့လာရေး ဓာတ်ခွဲခန်းကြီး ဖြစ်လာတော့သည်။ ဒီရေတက်လာချိန်တွင် ကျောက်ဆောင်ကြီးများကို ဒီရေများ ဖုံးလွှမ်းသွားပြီး ဒီရေကျသွားချိန်တွင် ကျောက်ဆောင်များအကြား ရေအိုင်ငယ်လေးများ ကျန်နေခဲ့ရာ ထိုရေအိုင်ငယ်လေးများ(Intertidal pools) သည် သက်ရှိမျိုးစိတ်များ ရှင်သန်နေထိုင်ရာ ဂေဟစနစ်ငယ်လေးများ ဖြစ်နေသည်။
ရောဘတ်ပိန်း၏ ပထမဆုံးအလုပ်မှာ ထိုဂေဟစနစ်လေးများတွင် ရှင်သန်နေထိုင်နေကြသည့် သက်ရှိမျိုးစိတ်များကို စာရင်းပြုစုရန်နှင့် မျိုးစိတ်တစ်ခုတွင် ရှင်သန်နေသည့် အကောင်အရေအတွကို တွက်ချက်ကာ မှတ်တမ်းတင်ခြင်းဖြစ်သည်။
ထို့နောက် မည်သည့်မျိုးစိတ်က အခြားမည်သည့်မျိုးစိတ်ကို ဖမ်းယူစားသောက်ကာ ရှင်သန်နေသည်ကို လေ့လာရသည်။ လေ့လာရရှိသည့် စားသောက်မှုပုံစံကို မြေပုံတစ်ခုလို ပုံစံထုတ်ကြည့်ရသည်။
လေ့လာချက်များအရ အရွယ်အစားကြီးပြီး ခရမ်းရောင်၊ လိမ္မော်ရောင်များရှိသည့် ကြယ်ပုံငါး (star fish) တစ်မျိုးသည် ယင်းဂေဟစနစ်ရှိ အစာကွင်းဆက်ပိရမစ်အတွင်း ထိပ်ဆုံး၌ရှိနေသည့် သားရဲတိရစ္ဆာန်ဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းကြယ်ငါး၏ မျိုးစိတ်အမည်မှာ Pisaster ochraceus ဖြစ်သည်။
ကြယ်ငါးလေးများမှာ သားကောင်ရှာ၍ အမဲလိုက်စားတတ်သော သတ္တဝါလေးများဟု မည်သူက ထင်ပါမည်နည်း။ ၄င်းတို့၏ လှုပ်ရှားသွားလာပုံကို မှတ်တမ်းတင်ကာ အမြန်နှုန်းကို မြင့်၍ ကြည့်ပါက ကြယ်ငါးများသည် အမဲလိုက်ကောင်းသော သားရဲတိရစ္ဆာန်များဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့ရနိုင်သည်။
ရောဘတ်ပိန်းက သူ၏ အတွေ့အကြုံကို ယခုလို ပြန်ပြောပြသည်။
“ ကြယ်ငါးတစ်ကောင် အစာစားနေတုန်း ခင်ဗျားကောက်ယူပြီး အပေါ်အောက်လှန်ကြည့်လိုက်ပါ။ သူတို့ ဂုံးကောင် (mussels) တွေကို စားနေတာ တွေ့ရလိမ့်မယ်။ သူတို့က တခြားအကောင်တွေကိုလည်း စားတယ်ဗျ။ ဒါပေမဲ့ အဓိကတော့ ဂုံးကောင်တွေပဲ။”
တွေ့ရှိချက်ပေါ်မူတည်၍ ရောဘတ်က သူ၏ သုတေသနအတွက် မေးခွန်းကို ထုတ်လိုက်သည်။ “ဂေဟစနစ်အတွင်းမှ ကြယ်ငါးများကို ဖယ်ထုတ်လိုက်လျှင် မည်သည့် အပြောင်းအလဲများကို ဖြစ်ပေါ်စေမည်နည်း” ဟူသည့် မေးခွန်းပင် ဖြစ်သည်။
၁၉၆၃ ခုနှစ်တွင် ရောဘတ်ပိန်း၏ လက်တွေ့စမ်းသပ်မှု စတင်ခဲ့သည်။ သူသည် ကမ်းခြေတွင် အလျား ၈ မီတာ၊ အကျယ် ၂ မီတာရှိသည့် စမ်းသပ်ကွက်ကို သတ်မှတ်ကာ ယင်းစမ်းသပ်ကွက်အတွင်းရှိ ကျောက်ဆောင်များကြားတွင် တွယ်ကပ်နေသော ကြယ်ငါးများကို ဒီရေကျချိန်တွင် ခွာယူကာ ပေ ၇၀-၈၀ ခန့် ဝေးကွာသည့် ပင်လယ်ရေနက်ပိုင်းသို့ လွှင့်ပစ်ခဲ့သည်။ ထိုနေရာတွင် ကြယ်ငါးများ မရှိတော့သည့်နောက်ပိုင်း ပြောင်းလဲလာသည့် ဂေဟစနစ်ကို ပြန်လည်လေ့လာရန် ဖြစ်သည်။
သို့သော် ကြယ်ငါးမရှိသည့်နေရာနှင့် ရှိသည့်နေရာ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် လိုအပ်ပြန်သည်။ သုတေသနစမ်းသပ်မှုများ ပြုလုပ်သည့်အခါ စမ်းသပ်ကွက် (treatment) နှင့် စမ်းသပ်ချက်နှင့်နှိုင်းယှဉ်ရန်အတွက် စံကွက် (control) တို့ကိုထားကာ ရလဒ်ကို နှိုင်းယှဉ်ရစမြဲ ဖြစ်သည် မဟုတ်ပါလား။ သို့အတွက် သူက အခြားနေရာတစ်ခုတွင် ကြယ်ငါးများ မဖယ်ရှားပစ်သည့် စံကွက်ငယ် (control) တစ်ခုကို စမ်းသပ်ကွက်နှင့် အရွယ်အစားတူ သတ်မှတ်ကာ လေ့လာခဲ့သည်။
သုတေသနဟူသည် စိတ်ရှည်ရပြီး ဇွဲကြီးရသည့် လုပ်ငန်းမျိုးဖြစ်သည်။ ဆူလွယ်၊ နပ်လွယ်ကိစ္စမဟုတ်။ သဘာဝတရားကို အမှန်အတိုင်းသိရှိရန်အတွက် အခက်အခဲများစွာကို ကျော်ဖြတ်ကာ အချိန်ယူဆောင်ရွက်မှသာ သုတေသနကောင်း ဖြစ်နိုင်သည်။ ငွေကြေး၊ အချိန်နှင့် ခွန်အားများစွာကို စိုက်ထုတ်လုပ်ဆောင်ရသည်။
ရောဘတ်ပိန်းသည် ကြယ်ငါးများကို ကမ်းခြေကျောက်ဆောင်များမှ ခွာထုတ်ကာ ဖယ်ရှားသည့်လုပ်ငန်း၊ တွေ့ရှိချက်များကို မှတ်တမ်းတင်ကာ ပြန်လည်သုံးသပ်သည့်လုပ်ငန်းများကို နှစ်ပေါက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၃ ခုနှစ် ဇွန်လမှစတင်ကာ ၁၉၆၈ ခုနှစ် ဇူလိုင်လအထိ ၅ နှစ်တာကာလအတွင်း၊ နှစ်စဉ် နွေးဦးပေါက်နှင့် နွေရာသီများတွင် တစ်လလျှင် နှစ်ကြိမ်နှုန်း၊ ဆောင်းဦးပေါက်နှင့် ဆောင်းရာသီများတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် သူနေထိုင်ရာနေရာမှာ အသွားအပြန် မိုင် ၃၅၀ ကွာဝေးသော ကမ်းခြေသို့ သွားရောက်ကာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။
လေ့လာမှုကို ၅ နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် တွေ့ရှိရသည့်အချက်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ စမ်းသပ်ကွက်အတွင်းတွင် ယခင်က မျိုးစိတ်ပေါင်း ၁၅ ခု ရှင်သန်ကျက်စားခဲ့ရာမှ ကြယ်ငါးများကို ဖယ်ရှားပစ်လိုက်ပြီးနောက် တစ်နှစ်အတွင်း မျိုးစိတ် ၈ ခုအထိ လျော့ကျသွားသည်ကို တွေ့ရှိခဲ့ရသည်။ ၃ နှစ်ခန့်အကြာတွင် မျိုးစိတ် ၇ ခုသာ ကျန်ရှိနေတော့သည်။ လေ့လာမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ရာ နောက်ပိုင်းတွင် စမ်းသပ်ကွက်အတွင်း အခြားမျိုးစိတ်များ အတော်များများ ကွယ်ပျောက်သွားသည်ကို တွေ့ရသည်။ ကျောက်ဆောင်များတွင် ဂုံးကောင်တစ်မျိုးတည်းသာ အပြည့်နေရာယူသွားတော့သည်ကို တွေ့ရှိခဲ့ရသည်။
ကြယ်ငါးများကို ဖယ်ရှားပစ်လိုက်သည်နှင့်တပြိုင်နက် အခြားမျိုးစိတ်များသည် နေရာနှင့် အစာအတွက် ယှဉ်ပြိုင်မှုများ စတင်ဖြစ်ပေါ်လာသည်။ ၃ လခန့်အကြာတွင် Barnacle ဟု ခေါ်သော အခွံမာမျိုးစိတ်တစ်ခုဖြစ်သည့် Balanus glandula မှာ စမ်းသပ်ကွက်အတွင်း ကြီးစိုးလာကာ တွေ့ရှိရသည့် သက်ရှိအရေအတွက်အားလုံး၏ ၆၀-၈၀ ရာခိုင်နှုန်းခန့်အထိ ပွားများလာသည်။ ၉ လခန့်အကြာတွင် ယင်းတို့နေရာတွင် အခြား Barnacle မျိုးစိတ် တစ်ခုဖြစ် သည့် Mitella နှင့် ဂုံးမျိုးစိတ်ဖြစ်သည့် Mytilus. တို့ အစားထိုးကာ နေရာယူလာကြသည်။
Barnacles နှင့် ဂုံးများ (အထူးသဖြင့် ဂုံးများ) သည် ကြယ်ငါး၏ အဓိကအစာဖြစ်သည်။ ကြယ်ငါးများ ဖယ်ရှားလိုက်ခြင်းအားဖြင့် ၄င်းမျိုးစိတ်များ အဆမတန် ပွားများလာကြခြင်းဖြစ်သည်။ ၄င်းတို့သည် ကျောက်ဆောင်များတွင် နေရာယူလွန်းလာသည့်အခါ အယ်ဂျေး (algae) များ ပေါက်ရောက်ရှင်သန်ကြီးထွားရန် မဖြစ်နိုင်တော့ချေ။ ထိုအခါ အယ်ဂျေးကို အမှီပြု၍ ရှင်သန်ကြရသည့် အခြားသော သက်ရှိများမှာလည်း မရှင်သန်နိုင်တော့ပေ။ ဂေဟစနစ်အတွင်း အခြားသက်ရှိများအတွက် အစာနှင့်နေရာ မရှိအောင် ဂုံးများက လွှမ်းမိုးချုပ်ကိုင်ကြပြီ ဖြစ်သည်။ ၄င်းတို့ကို ထိန်းသိမ်းပေးမည့် ကြယ်ငါးများ မရှိတော့ပြီ မဟုတ်ပါလား။
ကြယ်ငါးများကို မဖယ်ရှားပစ်ဘဲ သဘာဝအတိုင်း ဆက်လက်ထားရှိသည့် စံကွက် (control) တွင်မူ မျိုးစိတ်အရေအတွက်နှင့် အခြားအချက်အလက်များမှာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေသည်ကို သိသာထင်ရှားစွာ တွေ့ရှိခဲ့ရသည်။
ရောဘတ်ပိန်းက လေ့လာတွေ့ရှိချက်များကို အခြေခံကာ “သားရဲတိရစ္ဆာန်မျိုးစိတ်တစ်မျိုးတည်းက ဂေဟစနစ်အတွင်း အခြားမျိုးစိတ်များ၏ ပါဝင်နေမှုအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ကြောင်း” ကောက်ချက်ဆွဲခဲ့သည်။
ထိုကဲ့သို့ ဂေဟစနစ်တစ်ခုလုံးအတွက် အရေးကြီးပြီး ၄င်းတို့မရှိရုံမျှဖြင့် ဂေဟစနစ်တစ်ခုလုံး ပြိုကျပျက်စီးသွားစေနိုင်လောက်အောင် အရေးပါသည့် မျိုးစိတ်များအတွက် အမည်တစ်ခုကိုလည်း ရောဘတ်ပိန်းက ရှာဖွေနေခဲ့သည်။
“ကျွန်တော်က ဗိသုကာပညာရပ်အကြောင်း နည်းနည်းလေးတော့ သိတယ်ဗျ။ တကယ်လို့ ခင်ဗျားဟာ အမိုးခုံး (arch) တစ်ခုကို တည်ဆောက်မယ်ဆိုရင် အမိုးခုံးမှာ ဘေးနှစ်ဖက် ရှိမယ်။ အဲဒီနှစ်ဖက်ကို တစ်ဖက်နဲ့တစ်ဖက် တွန်းပြီး ဖိအားပေးထားဖို့ လိုတယ်ဗျ။ အဲဒီအတွက် အမိုးခုံးရဲ့ အလယ်တည့်တည့်ထိပ်မှာ ကီးစတုန်း (keystone) တစ်ခုကို ထည့်ပေးထားရတယ်။ အဲဒီကီးစတုန်းကို ခင်ဗျားဖယ်ထုတ်လိုက်တာနဲ့ အဲဒီအမိုးခုံးဟာ ပြိုကျသွားမှာပဲဗျ”
သည်စကားက မစ်ချီဂမ်တက္ကသိုလ် သတ္တဗေဒအထူးပြု ကျောင်းသားလေး တစ်ဖြစ်လည်း ဝါရှင်တန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာရောဘတ်ပိန်း၏ ကီးစတုန်းနှင့်ပတ်သက်သော ရှင်းလင်းချက်ဖြစ်သည်။
သူလေ့လာခဲ့သည့် ဂေဟစနစ်အတွင်းမှ Pisaster ochraceus မျိုးစိတ်ကြယ်ငါးများသည် ရောမအမိုးခုံး (Roman arch) များမှ ကီးစတုန်းများကဲ့သို့ပင် ဂေဟစနစ်အတွင်း မရှိမဖြစ် အရေးကြီးသည့်မျိုးစိတ်ဖြစ်သည်။ ကီးစတုန်းတစ်ခု ဖယ်ထုတ်လိုက်ရုံဖြင့် အမိုးခုံးကြီးတစ်ခုလုံး ပြိုကျသကဲ့သို့ ကြယ်ငါးမျိုးစိတ်တစ်ခုကို ဖယ်ထုတ်လိုက်ရုံဖြင့် သူလေ့လာခဲ့သည့် ဂေဟစနစ်တစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သည်။ ထို့ကြောင့် ယင်းကြယ်ငါးမျိုးစိတ်ကို “ကီးစတုန်းမျိုးစိတ် (keystone species)” ဟု သူက မှည့်ခေါ်ခဲ့သည်။
ကြယ်ငါးက ယင်းနေထိုင်ရာ ဂေဟစနစ်ကို ထိန်းကျောင်းပေးသကဲ့သို့ပင် အခြားဂေဟစနစ်များအတွင်းတွင်လည်း သက်ဆိုင်ရာ ဂေဟစနစ်တစ်ရပ်လုံးကို ထိန်းကျောင်းပေးနိုင်သည့် မျိုးစိတ်များကို “ကီးစတုန်းမျိုးစိတ်” များဟု သတ်မှတ်ခေါ်တွင်လာကြသည်။
မစ်ချီဂမ်တက္ကသိုလ် သတ္တဗေဒ စာသင်ခန်းများတွင် စတင်ခဲ့သည့် ပါမောက္ခ ဖရတ်စမစ်သ်၏ Green World အယူအဆသစ်သည် မှန်ကန်ကြောင်း ပစိဖိတ်သမုဒ္ဒရာ၏ အစွန်းတစ်နေရာ၊ ဝါရှင်တန်ပြည်နယ်၊ Mukkaw ပင်လယ်ကွေ့ ကမ်းခြေ ကျောက်ဆောင်များကြားက ကြယ်ငါးလေးများက မှတ်ကျောက်တင် သက်သေပြခဲ့ပြီ ဖြစ်သည်။
ကီးစတုန်းမျိုးစိတ်ကို စတင်ရှာဖွေခြင်းနှင့်အတူ ပါမောက္ခ ဒေါက်တာရောဘတ်ပိန်းသည်လည်း လူ့လောကကြီးသာမက ကမ္ဘာမြေကြီးနှင့် သက်ရှိသတ္တဝါအားလုံးအတွက် အကျိုး်ပြုခဲ့ပြီ ဖြစ်သည်။
#ခိုင်ကြည်သစ်
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်