စတီဗီယာ (သို့) သကြားအစားထိုး ဆေးဖက်ဝင်ရွက်ချိုပင်

06/12/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - stevia, sweet leaf, candyleaf

သိပ္ပံအမည် - Stevia rebaudiana

ရွက်ချိုပင် (သို့မဟုတ်) ဆေးသကြားပင်လို့ ခေါ်ဆိုကြတဲ့ Stevia အပင်တွေဟာ Asteraceae မျိုးရင်းထဲမှာ ပါဝင်တာဖြစ်ပြီး ၎င်းတို့ကို မွှေးကြိုင်အရွက်တွေ ရရှိဖို့အတွက် အဓိကစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိဈေးကွက်ထဲမှာ ရွက်ချိုပင်နဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို ရောင်းချနေကြတာလည်း ဖြစ်ပါတယ်။

ဒီအပင်တွေကို ပတ်ဝန်းကျင်မှာတွေ့ရလေ့ရှိပေမယ့်လည်း အခြားသော အပင်တွေနဲ့ယှဉ်လိုက်ရင်တော့ လူသိနည်းနေသေးတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒီအပင်တွေဟာ ကြီးထွားမှုနှေးကွေးတဲ့ အလေ့အထရှိကြပြီး ခရမ်းချဉ်သီး (သို့မဟုတ်) သခွားသီးများကဲ့သို့ နွယ်တက်ပြီး ပေါက်ရောက်တဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အနီးအနားမှာဆိုရင် ကောင်းစွာအကျိုးဖြစ်ထွန်းနိုင်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဒေသကတော့ တောင်အမေရိမှ ပါရာဂွေးနိုင်ငံပဲ ဖြစ်ပါတယ်။ 

ဒီအရွက်တွေမှာ steviol glycosides လို့ ခေါ်တဲ့ ချိုမြသောအရသာရှိတဲ့ ဓာတုပစ္စည်းအများအပြား ပါဝင်နေတာဖြစ်ပြီး အချိုရည်၊ အဖျော်ယမကာနဲ့ အချိုပွဲတွေမှာ လတ်ဆတ်တဲ့ ပုံစံနဲ့ဖြစ်စေ အခြောက်လှန်းပြီးဖြစ်စေ အသုံးပြုနိုင်သလို ကယ်လိုရီမပါဝင်တဲ့ သကြားအစားထိုး အချိုမှုန့် အဖြစ်နဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 

Steviol glycosides ဆိုတဲ့ ဓာတုပစ္စည်းမှာ အထူးသဖြင့် stevioside နဲ့ rebaudioside A ဆိုတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာဖြစ်ပြီး ၎င်းဓာတ်တွေဟာ ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ သကြားထက်ကို အဆ ၂၀၀ ကနေ ၃၅၀ ကျော် ချိုတာဖြစ်ပေမဲ့လည်း သွေးတွင်းဂလူးကို့စ်ပမာဏ (glycemic) ကို ထိခိုက်မှုမရှိတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ သကြားအစားထိုး သဘာဝပစ္စည်းတစ်မျိုးအဖြစ်နဲ့ အမွှမ်းတင်ခံရတဲ့  ရွက်ချိုပင်တွေဟာ ကမ္ဘာတစ်ဝန်းမှာ လူသိများပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ ဖြစ်ပါတယ်။ လက်ရှိ ဈေးဝယ်စင်တာတွေမှာလည်း ရွက်ချိုပင်ကနေ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုရောင်းချနေတာမို့ အသင့် ဝယ်ယူအသုံးပြုလို့ ရနေပြီဖြစ်ပါတယ်။ 

ရွက်ချိုပင်တွေဟာ အမြင့်အားဖြင့် ၁ ပေကနေ ၂.၅ ပေအထိ ကြီးထွားနိုင်ပြီး နှစ်ရှည်ခံ ခြုံပုတ်ပင်လည်း ဖြစ်ပါတယ်။ ရွက်ချိုပင်ရဲ့ မွှေးကြိုင်တဲ့ အရွက်တွေဟာ ၁ လက်မခန့် ရှည်လျားပြီး ထင်ရှားတဲ့ ရွက်လယ်ကြောပါရှိကာ ပင်စည်တစ်လျှောက်မှာ ဆန့်ကျင်ဘက်ပုံစံနဲ့ စီတန်းရှိနေတာ ဖြစ်ပါတယ်။ ဒီအပင်တွေဟာ မြေဆီသြဇာကြွယ်ဝပြီး နုန်းမြေအနည်းငယ်ဆန်ကာ ရေဆင်းအားကောင်းတဲ့မြေကို ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ကောင်းစွာဖြစ်ထွန်းနိုင်တဲ့ အပင်တွေ ဖြစ်ပါတယ်။ 

မျိုးစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် အခြားသောအပင်တွေထက် အပင်ပေါက်နှုန်းနည်းတာကြောင့် မျိုးစေ့ပမာဏ ၂ - ၃ ဆ ပိုပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မျိုးစေ့ချပြီးပြီဆိုရင်တော့ ၁၄ - ၂၁ ရက်အတွင်းမှာ အပင်ပေါက်လာမှာ ဖြစ်ပါတယ်။ အပင်ပေါက်ပြီး ရက်ပေါင်း ၅၀ - ၆၀ (အမြင့် ၁၅ စင်တီမီတာ) ရောက်တဲ့အချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ နေရာဒေသနဲ့ ရာသီဥတုအပေါ်မူတည်ပြီး အလျော့အတင်း ပြုလုပ်နိုင်ပါတယ်။

အများအားဖြင့်တော့ (cutting) ကိုင်းဖြတ်တောက်ပြီး မျိုးပွားစိုက်ပျိုးကြပါတယ်။ ကိုင်းဖြတ်တောက်တဲ့အခါ ၁၀ - ၂၀ စင်တီမီတာ အရှည်ဖြတ်တောက်နိုင်ပြီး ၎င်းရဲ့ ထက်ဝက်ခန့်ကို မြေထဲမှာမြှပ်ပြီး စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ ဒီအပင်တွေကို မြေပေါ်မှာ ချစိုက်မယ်ဆိုရင်တော့ ၁၈ လက်မ ခြားပြီး စိုက်ပျိုးသင့်ပါတယ်။ အကယ်၍  အိုးနဲ့ စိုက်ပျိုးမယ်ဆိုပါက အနည်းဆုံး ၁၂ လက်မအကျယ်ရှိတဲ့ အိုးတွေနဲ့စိုက်ပျိုးသင့်ပါတယ်။ 

ဒီအပင်တွေကို နေရောင်ခြည် အပြည့်အဝ ရရှိတဲ့နေရာမှာ ထားရှိသင့်ပြီး အပေါ်ယံမြေသား ‌ခြောက်သွေ့သွားတဲ့အခါတိုင်း ရေလောင်းပေးသင့်ပါတယ်။ သို့ပေမယ့် အမြစ်ပုပ်နိုင်တာကြောင့် ရေဝပ်တာမျိုး မဖြစ်ဖို့ကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ အသင့်တော်ဆုံး မြေချဥ်/ ငံ ကိန်းကတော့ ၆.၇ မှ ၇.၂ အတွင်း ဖြစ်ပါတယ်။ 

ကျန်းမာသန်စွမ်းတဲ့ အရွက်တွေထွက်ရှိလာနိုင်ဖို့အတွက် ရေပျော်ဓာတ်မြေသြဇာတွေကို အသုံးပြုလို့ရပါတယ်။ ဒါ့အပြင် အော်ဂဲနစ်မြေသြဇာတွေနဲ့ သဘာဝမြေဆွေးတွေလည်း ထည့်ပေးလို့ရပါတယ်။ မြေသြဇာတွေကိုတော့ တစ်ရာသီလျှင် ၂ ကြိမ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ ပူပြင်းတဲ့ နွေရာသီဆိုရင်တော့ အပင်တွေခြောက်သွေ့ခြင်းကနေ ကာကွယ်ဖို့အတွက် မြေဖုံးပေးခြင်း (mulching) ကို လုပ်ဆောင်ပေးသင့်ပါတယ်။ မြေပေါ်မှာ စိုက်ပျိုးမယ့်အပင်တွေဆိုရင်တော့ ရက် ၂၀ ခန့်လျှင် ၁ ကြိမ် ပေါင်းရှင်းပေးဖို့ လိုအပ်ပါတယ်။ ပိုးမွှားနဲ့ ရောဂါကျရောက်မှုနည်းတဲ့ အပင်ဖြစ်ပြီး တခါတရံမှာတော့ အဖျက်ပိုးတွေအနေနဲ့ ပျပိုး၊ လှေးပိုး၊ ပက်ကျိနဲ့ ယင်ဖြူတို့ ကျရောက်နိုင်ပြီး ရောဂါတွေအနေနဲ့ကျတော့ စပ်တိုးရီးယားရွက်စက်ပြောက်ရောဂါ၊ အော်တာနေးရီးယား ရွက်စက်ပြောက်ရောဂါ၊ အမြစ်ပုပ်ရောဂါနဲ့ ခါးရိရောဂါတွေ ကျ‌ရောက်တတ်တာ ဖြစ်ပါတယ်။ 

နေရာဒေသနဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ရိတ်သိမ်းခူးဆွတ်ချိန်ကာလ ပြောင်းလဲနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ရွှေ့ပြောင်းစိုက်ပျိုးပြီးနောက် ရက်ပေါင်း ၉၀ - ၁၁၀ မှာ ပထမအကြိမ် ခူးဆွတ်ရိတ်သိမ်းနိုင်တာ ဖြစ်ပါတယ်။ ပြီးပါက ပန်းမပွင့်မီ ပထမအကြိမ်ရိတ်သိမ်းပြီးနောက် ရက်ပေါင်း ၅၀ - ၆၅  ခန့် ရက်အကြာမှာ ဒုတိယအကြိမ် ရိတ်သိမ်းနိုင်တာဖြစ်ပါတယ်။

ရွှေ့ပြောင်းစိုက်ပျိုးချိန် နောက်ကျခဲ့မယ်ဆိုရင်တော့ ၃ - ၄ လ အကြာမှာ တစ်ကြိမ် ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။ ရွက်ချိုပင်ဟာ နှစ်ရှည်ပင်ဖြစ်တာကြောင့် တူညီတဲ့စိုက်ခင်းကနေ ၄ - ၅ နှစ်လောက်အထိကို စိုက်ပျိုးထုတ်လုပ်နိုင်တာလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ပန်းမပွင့်ခင်မှာ အရွက်တွေကို ခူးဆွတ်ကြရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းပွင့်ပြီးမှ ခူးဆွတ်မယ်ဆိုရင် အချိုဓာတ်တွေ လျော့နည်းသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ပင်စည်ဟာလည်း အချိုဓာတ်ရှိပေမယ့် အရွက်ကပိုပြီးချိုတာကြောင့် အရွက်ကိုပဲ အဓိကခူးဆွတ်ကြတာ ဖြစ်ပါတယ်။ 

အရွက်တွေကို ထိန်းသိမ်းဖို့နဲ့ အသုံးပြုရအဆင်ပြေစေဖို့အတွက် အခြောက်ခံပြီးထားသင့်ပါတယ်။ ပင်စည်တစ်ခုလုံး ဖြတ်တောက်ပြီးတဲ့နောက် အရွက်နုတွေနဲ့ ပင်စည်ထိပ်ဖျားတွေကို ချွေပစ်ရပါမယ်။ ခြောက်သွေ့ပြီး နေရောင်အပြည့်အဝ ရရှိတဲ့နေရာမျိုးမှာ ၎င်းအရွက်တွေကို ပိတ်စအပါး (သို့မဟုတ်) သတ္တုမဟုတ်တဲ့ ပစ္စည်းတစ်ခုခုပေါ်မှာတင်ထားပြီး နေလှန်းနိုင်ပါတယ်။ အရွက်တွေ ကောင်းစွာခြောက်သွေ့နိုင်ဖို့ တစ်ရက်လောက်နေပြရုံနဲ့ လုံလောက်ပါတယ်။ အရွက်တွေ ကြွပ်ရွလာပါက လက်နဲ့ကြိတ်ချေတာမျိုး ပြုလုပ်နိုင်သလို ကြိတ်စက်နဲ့ ကြိတ်ပြီးတော့လည်း အမှုန့်ပြုလုပ်နိုင်ပါတယ်။ ပြီးပါက လေလုံတဲ့ ပုလင်း (သို့မဟုတ်) ဗူးထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ 

အဆိုပါ ရွက်ချိုမှုန့်တွေကို အသီးနှံတွေ၊ ဟင်းလျာတွေ၊ အဖျော်ယမကာတွေနဲ့ အစားအစာတွေမှာ ချိုမြိန်စေမယ့် ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ လတ်ဆတ်တဲ့ အရွက်တွေကိုတော့ လက်ဖက်ရည်ကြမ်း အချိုရည်အနေနဲ့ သောက်သုံးနိုင်ပါတယ်။

ရွက်ချိုအမှုန့်အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ညီမျှစေဖို့ ရွက်ချိုအမှုန့် လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်းခန့်ကို အသုံးပြုရုံနဲ့ လုံလောက်တာဖြစ်ပါတယ်။ ရွက်ချို အရွက် ၂ - ၃ ရွက်ခန့်ဆိုရင် ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည်တစ်ခွက်အတွက် သင့်တော်တဲ့ ပမာဏဖြစ်ပါတယ်။ ရွက်ချိုမှုန့်ဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုး၊ အဝလွန်နဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် အထူးသင့်တော်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: https://www.britannica.com/plant/stevia-plant   

https://bonnieplants.com/ 

https://www.burpee.com/ 

https://vikaspedia.in/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်