ဝက်တွေရဲ့ စိတ်ခံစားချက်ကို သူတို့အော်မြည်သံတွေကနေ အနက်ဖော်နိုင်ပြီ

13/03/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဘယ်အချိန်ပဲနေနေ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည် အနောက်တောင်ပိုင်းက Imani Farms မွေးမြူ ရေးခြံဝင်းကြီးထဲကနေ Duroc မျိုး ဝက်ကောင်ရေ ‌၁၂၅၀၀ လောက် နှာမှုတ်နေကြတဲ့အသံကို အမြဲတစေ ကြားနေရပါတယ်။

ဝက်လှောင်ခြံတွေကနေ အော်သံ၊ ဟစ်သံ၊ ညည်းညူသံတွေ စီစီလောင်လောင် ထွက်ပေါ်နေပြီး တစ်သံချင်းစီက မတူညီတဲ့ ခံစားချက် ဒါမှမဟုတ် အလိုဆန္ဒတွေကို ပြောပြနေပါတယ်။ ဝက်တွေဟာ ခံစားချက်ကို ထုတ်ဖော်ပြတတ်တဲ့သတ္တဝါတွေ ဖြစ်ပြီး အသံလည်း အမျိုးစုံအောင် အော်မြည်တတ်တယ်လို့ အသက် ၃၈ နှစ်အရွယ်ရှိ ခြံပိုင်ရှင် စတီးဝပ် စကင်နာက ပြောပါတယ်။ သူတို့ရဲ့မြည်သံကို အနက်ဖော်ရတာဟာ ရံဖန်ရံခါမှာ ဝါရင့်မွေးမြူးရေးသမားတွေအတွက်တောင် အခက်ကြုံရပါတယ်။

ဝက်တွေနဲ့သာ စကားပြောလို့ရရင် အလုပ်လုပ်ရတာ ပိုလွယ်မှာပဲလို့ တစ်ခါတလေ ဟာသထုတ်မိကြောင်း မစ္စတာ စကင်နာက ပြောပါတယ်။

အဲဒီ တဂွီဂွီအော်မြည်သံတွေရဲ့ နောက်ကွယ်က ခံစားချက်တွေကို မကြာခင်မှာ ပိုမိုလွယ်ကူစွာ ဖော်ထုတ်လာနိုင်ပါတော့မယ်။ ဥရောပတိုက်က သုတေသနပညာရှင်တွေဟာ အယ်လဂိုရီသမ် (algorithm) တစ်ခု ဖန်တီးထားပြီး အဲဒီစနစ်ရဲ့အကူအညီနဲ့ ဝက်တွေဆီက ထွက်လာတဲ့ မြည်သံကို လိုက်ကာ သူတို့ရဲ့ စိတ်ခံစားချက်အခြေအနေကို အကဲဖြတ်နိုင်တော့မှာပါ။

"တိရစ္ဆာန်စောင့်ရှောက်ရေးမှာ ယနေ့ခေတ် လက်ခံလာကြတာက သူတို့ရဲ့ ရုပ်ပိုင်းတင်မက စိတ်ပိုင်းကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ဖြစ်ပါတယ်” လို့ ကိုပင်ဟေဂင်တက္ကသိုလ်၊ ဇီဝဗေဒတွဲဖက်ပါမောက္ခ အယ်လိုဒီ ဘရီဖာက ပြောပါတယ်။ သူဟာ Scientific Reports ဂျာနယ်မှာ ဒီအပတ်အတွင်း ပုံနှိပ်ဖော်ပြခဲ့တဲ့ ယခုလေ့လာမှုရဲ့ စာရေးသူဖြစ်ပါတယ်။ မိမိ မွေးမြူထားတဲ့ တိရစ္ဆာန်ဟာ စိတ်ချမ်းသာနေသလား၊ စိတ်ဆင်းရဲနေသလားဆိုတာကို ‌မြန်မြန် ရိပ်စားမိလေလေ၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်မဲ့ ပြဿနာတွေကို မြန်မြန်ဖြေရှင်းနိုင်လေလေ ဖြစ်ပါတယ်။

ဝက်တွေဟာ အိမ်မွေးတိရစ္ဆာန်တွေထဲမှာတော့ နားပူနားဆာ အလုပ်ဆုံးထဲမှာ ပါပါတယ်။ နှုတ်နည်းတဲ့ ဆိတ်၊ သိုး၊ နွား တို့နဲ့စာရင် ဝက်တွေဆီကနေ အသံမျိုးစုံ ပိုကြားရတတ်ပါတယ်။ ဝက်တွေ ဘာပြောသလဲဆိုတာကို အနက်ဖော်ထုတ်ဖို့ရာအတွက် ဥရောပမှာရှိတဲ့ ဓာတ်ခွဲခန်းငါးခုက သိပ္ပံပညာရှင်တွေဟာ လက်ကိုင်အသံဖမ်းစက်တွေကို သုံးကာ ဝက် ၄၁၁ ကောင်ရဲ့ ကွဲပြားတဲ့ အော်မြည်သံ ၇၄၀၀ ဝန်းကျင်ကို ဖမ်းယူစုဆောင်းခဲ့ကြပါတယ်။ ဖမ်းယူခဲ့တဲ့ အသံတွေဟာ ဝက်တစ်ကောင် မွေးစကနေ သားသတ်ရုံရောက်တဲ့အထိ အခြေအနေအမျိုးမျိုးမှာ အော်မြည်ခဲ့တဲ့အသံတွေပါ။

ပညာရှင်တွေက အသံတွေ ဖမ်းယူပြီးတဲ့အခါ အသံတစ်ခုချင်းစီရဲ့ စိတ်ချမ်းသာ/ဆင်းရဲတန်ဖိုးတွေကို ဆင်ခြင်ဉာဏ်သုံးပြီး အမှတ်ပေးသတ်မှတ်ခဲ့ကြပါတယ်။ တနည်းအားဖြင့် ပြောရရင် ပညာရှင်တွေဟာ အသံဖမ်းယူနေချိန် ဝက်တွေ ဘာတွေ့ကြုံနေရသလဲကို ကြည့်ပြီး ဘယ်လိုခံစားနေမယ်ဆိုတာကို တွက်ဆခဲ့ကြတာပါ။ သဘောက အစာစားနေချိန်ဆိုရင် “စိတ်ချမ်းသာ”၊ သင်းကွပ်ခံနေရချိန်ဆိုရင် “စိတ်ဆင်းရဲ” စသည်ဖြင့် သတ်မှတ်တာပါ။

ပထမဆုံးအကြိမ် နားထောင်ရချိန်မှာ လူအများစုဟာ ဝက်သံကြားရုံသက်သက်နဲ့တင် ဝက်ရဲ့ခံစားချက်ကို အထိုက်အလျောက် မှန်အောင် ခန့်မှန်းနိုင်တတ်ကြပါတယ်။ သို့ပေမဲ့လည်း ဝက်သံအမျိုးစုံလင်အောင် နားထောင်ကြည့်ပါဦး။ မြည်သံတွေထဲမှာ စံနစ်တစ်ခုရှိနေတာကို တွေ့လာရပါမယ်။

စိတ်ချမ်းသာလို့ ထွက်လာတဲ့မြည်သံ၊ ဥပမာ အစာကျွေးချိန်၊ မြူးထူးပြေးလွှားချိန်နဲ့ ကွဲကွာနေတဲ့ သားအမိတွေ ပြန်တွေ့ကြချိန်မျိုးမှာ မြည်တဲ့အသံတွေဟာ ပိုပြီး တိုပြတ်တတ်ပြီး တက်ကျသံစဉ် တစ်ခုပဲ ပါတတ်ပါတယ်။

မပျော်မရွှင်ဖြစ်နေတဲ့ ဝက်တစ်ကောင်ရဲ့ မြည်သံကတော့ နားဝင်ဆိုးလှပါတယ်။ ဒီလို မချမ်းမြေ့စရာ အော်မြည်သံတွေကို ဖြစ်စေတဲ့ အခြေအနေတွေကတော့ မိခင်ဝက်မကြီးရဲ့ မတော်တဆ ဖိမိတာ ခံနေရချိန်၊ ပေါ်ခံရခါနီး သားသတ်ရုံမှာ စောင့်နေချိန်၊ ဆာလောင်နေချိန်၊ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေချိန်၊ လှောင်ခြံအတွင်း လူစိမ်း၊ ပစ္စည်းစိမ်း တစ်ခုခု မထင်မှတ်ဘဲ ရောက်လာချိန်မျိုးတွေပါ။ ကြောက်ရွံ့စရာနဲ့ နာကျင်မှုတွေ ကြုံတွေ့ရတဲ့ ဝက်တွေဆီက ထွက်လာတဲ့ အော်ဟစ်ညည်းညူးသံတွေဟာ ကျေနပ်နေချိန်မှာ ထွက်တဲ့အသံနဲ့ယှဉ်ရင် အသံလည်း ပိုရှည်သလို တက်ကျသံလည်း ပိုများပါတယ်။

ဒီလို ရိုးရှင်းတဲ့ အသံကွဲပြားခြားနားချက်လေးတွေကို နားထောင်တတ်‌အောင် လုပ်ပေးမယ်ဆိုရင် လူတွေဟာ တိရစ္ဆာန်တွေရဲ့ စိတ်ခံစားချက်ကို ပိုပြီး တိတိကျကျ ဖတ်တတ်လာလိမ့်မယ်လို့ ဘရီဖာက ပြောပါတယ်။ ဒါပေမဲ့ ဉာဏ်ရည်တုနည်းပညာ (artificial intelligence) ကတော့ တခြားနည်းလမ်းတွေထက်ပိုပြီး ထိရောက်လှပါတယ်။ ဒေါက်တာ ဘရီဖာနဲ့အတူ လေ့လာမှုပူးတွဲစာရေးသူ စီယာရာဆင်းဖတ်တို့ တီထွင်ခဲ့တဲ့ အယ်လဂိုရီသမ်ဟာ ဝက်တွေရဲ့ စိတ်ခံစားချက် အကောင်းလား၊ အဆိုးလား ဆိုတာကို ၉၂ ရာခိုင်နှုန်း မှန်မှန်ကန်ကန် ဖော်ထုတ်ပေးနိုင်ပါတယ်။

ဒီလေ့လာမှုဟာ တိရစ္ဆာန်ကျန်းမာရေးနဲ့ စောက်ရှောက်ရေးအတွက် ဥရောပသမ္မဂကနေ ထောက်ပံ့ပေးထားတဲ့ SoundWel ပရောဂျက်ရဲ့ အသီးအပွင့် ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ ယခုအခါ ပညာရှင်တွေက သူတို့ဒေတာကို မွေးမြူရေးသမားတွေ အလွယ်တကူ သုံးစွဲပြီး သတ္တဝါတွေရဲ့ မြည်သံနဲ့ စိတ်ခံစားချက်ကို အချိန်နဲ့တပြေးညီ အနက်ဖော်နိုင်စေအောင် မိုဘိုင်းအက်ပ်တစ်ခု ဒါမှမဟုတ် ကိရိယာတစ်ခု ဖန်တီးသွားဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဘရီဖာက ပြောပါတယ်။

တိရစ္ဆာန်တွေရဲ့ စိတ်ခံစားချက်ကို သိရှိနားလည်ခြင်းဟာ လက်တွေ့အားဖြင့်ရော ဥပဒေသဘောအရပါ အကျိုးဆက်တွေ ရှိပါတယ်။ ဗြိတိန်ပါလီမန်မှာ လက်ရှိတင်သွင်းထားတာလိုမျိုး တိရစ္ဆာန်စောင့်ရှောက်ရေးဥပဒေတွေမှာ တိရစ္ဆာန်တွေဟာ တွေးတောနိုင်စွမ်း၊ ခံစားနိုင်စွမ်း ရှိတဲ့ သတ္တဝါတွေလို့ အခိုင်အမာဆိုပြီး အစိုးရတွေဟာ တိရစ္ဆာန်တွေအပေါ် သက်ရောက်နိုင်တဲ့ မူဝါဒတွေ ပြဋ္ဌာန်းမယ်ဆိုရင် သူတို့ကိုစောင့်ရှောက်ရေးကိုပါ ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂဟာ တိရစ္ဆာန်တွေကို ခံစားသိမြင်နိုင်စွမ်းရှိ သတ္တဝါတွေအဖြစ် ၂၀၀၉ ခုနှစ်က စတင် အသိအမှတ်ပြုခဲ့တာပါ။

ဝက်မြည်သံကို အနက်ဖော်ဖို့ ငွေလည်းသိပ်မကုန်၊ သုံးရလည်း လွယ်ကူတဲ့ ကိရိယာတစ်ခု ရှိမယ်ဆိုရင် မွေးမြူရေးခြံတစ်ခြံအတွက် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်လာမယ်လို့ မစ္စတာ စကင်နာက ပြောပါတယ်။

“ပြဿနာကို စောစောစီးစီး ဖော်ထုတ်နိုင်ခြင်းဟာ ကုစားမှုအောင်မြင်စေဖို့အတွက် အဆုံးအဖြတ်ပေးနိုင်ဆုံး အကြောင်းအချက်ပါ။ တိရစ္ဆာန်တွေရဲ့ ခံစားချက်ကို နားလည်နိုင်စေမဲ့ ကိရိယာ တစ်ခုခု တင်းကုပ်ထဲမှာ ထည့်သုံးနိုင်မယ်ဆိုရင် အလွန်တန်ဖိုးရှိပါလိမ့်မယ်” လို့ မစ္စတာ စကင်နာက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: When Pigs Cry: Tool Decodes the Emotional Lives of Swine - The New York Times

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်