အပိုင်း(၁)တွင် ပျားများသည် အပင်များဝတ်မှုန်ကူးရာတွင် အဓိကအရေးပါကြောင်း ဖော်ပြပြီးဖြစ်သောကြောင့် အပိုင်း(၂)ကို ဆက်လက်လေ့လာကြရအောင်။
ပျားများ၏ ဝတ်မှုန်ကူးစေသော ထူးခြားချက်များ
• ဝတ်မှုန်များကို ဝတ်မှုန်သယ်အိတ်တွင် ထည့်သွင်းသယ်ဆောင်ရုံမက ကိုယ်ပေါ်တွင်ရှိ အမွှေးအမျှင်များတွင်ပါ ကပ်ငြိသယ်ဆောင်သွားနိုင်ခြင်း၊
• ဝတ်ရည်စုပ်ရာတွင် ဝတ်ဆံတိုင်အား ပွတ်တိုက်မိခြင်းဖြင့် ဝတ်မှုန်များ ဝတ်ဆံမသို့ အလွယ်တကူ ရောက်ရှိစေခြင်း၊
• ပျားများသည် ကင်းထောက်ပျားများ ပြထားသော ပန်းတစ်မျိုးတည်းသို့သာ သွားရောက် ဝတ်ရည်သယ်ဆောင်လေ့ရှိသဖြင့် ဝတ်မှုန်ကူးရန် အခွင့်အလမ်းပိုမို ရရှိစေခြင်း၊
• ပျားများသည် မျိုးတူပန်းများသို့သာသွား၍ ဝတ်ရည်သယ်ဆောင်ရာတွင် တစ်ပွင့်မှ တစ်ပွင့် တစ်ပင်မှတစ်ပင် တဖြည်းဖြည်းတိုးချဲ့သွားနိုင်ခြင်းကြောင့် အောင်မြင်စွာ ဝတ်မှုန်ကူးခြင်း ဖြစ်ပေါ်စေနိုင်ခြင်း၊
• ပျားများသည် ၎င်းတို့စားသုံးရန်သက်သက်မဟုတ်ဘဲ ပျားအုံအတွင်းရှိ ထောင်ပေါင်း များစွာသော သားလောင်းများနှင့် ပျားငယ်များစားသုံးရန် အရန်အဖြစ် သိုလှောင်ထား ခြင်းကြောင့် ပန်းပွင့်များသို့ ပျားများသွားရောက်၍ ဝတ်ရည်နှင့် ဝတ်မှုန်သယ်ဆောင် ခြင်း၊ ပျားမွေးမြူခြင်းကြောင့် အသီးအနှံများ သိသိသာသာအထွက်တိုးလာခြင်းကြောင့် စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံများမှာ ပျားမွေးမြူရေးလုပ်ငန်းကို သိသိသာသာ တိုးတက်များပြားလာကြောင်း တွေ့ရသည်။ အမေရိကန်နိုင်ငံတစ်နိုင် တည်းတွင် ပျားအုံငါးသန်းကျော်ရှိပြီး ၎င်းတို့မှ ပျားရည်ပေါင်သန်းနှစ်ရာ နှစ်စဉ် ထုတ်လုပ်လျှက်ရှိကြောင်း သိရှိရပါသည်။ ပျားမွေးမြူသူများမှ ပျားရည်ရောင်းချ၍ တစ်ဒေါ်လာရတိုင်း စိုက်ပျိုးရေးသမားက သီးနှံအထွက်တိုးခြင်းကြောင့် ဒေါ်လာ တစ်ရာနှင့်ညီမျှသော အကျိုးအမြတ်ရရှိကြောင်း ခန့်မှန်းတွက်ချက်ထားကြသည်။
ဝတ်မှုန်ကူးခြင်းနှင့် ယနေ့အခြေအနေ
ခေတ်မီတိုးတက်လာသော စိုက်ပျိုးရေးဆိုင်ရာနည်းပညာကြောင့် ဝတ်မှုန်ကူးစေသော အင်းဆက်ပိုးကောင်များသည် တဖြည်းဖြည်းပျောက်ကွယ်လာကြောင်းတွေ့ရသည်။ အဓိက အကြောင်းရင်းမှာ အောက်ပါတို့ဖြစ်ပါသည်-
• လက်မှုလယ်ယာမှုစက်မှုလယ်ယာသို့ ပြောင်းလဲလာခြင်းကြောင့် စိုက်ကွင်းများ၊ ဉယျာဉ်များတိုးချဲ့လာခြင်းဖြင့် ကန်သင်ရိုး၊ မြေလွတ်မြေရိုင်းများတွင် အသိုက်အအုံ ဆောက်လုပ်နေကြသည့် အင်းဆက်ပိုးကောင်များ၏ အသိုက်အအုံများ ပျက်စီးကုန်ခြင်း၊
• ပိုးသတ်ဆေးများကို တွင်ကျယ်စွာအသုံးပြုခြင်းကြောင့် အင်းဆက်ပိုးကောင်များ အစုလိုက် အပြုံလိုက်ပျက်စီးကုန်ခြင်း၊
• ချုံနွယ်ပေါင်းပင်များသေစေရန်ဆေးများ တွင်ကျယ်စွာအသုံးပြုခြင်းကြောင့် အင်းဆက်ပိုးကောင်များစားသုံးရန် အစာရှားပါးခြင်း၊
• သီးနှံတစ်မျိုးတည်းကျယ်ပြန့်စွာ စိုက်ပျိုးခြင်းဖြင့် ပန်းပွင့်ချိန်တွင် အစာအလျှံအပယ် ရရှိနိုင်သော်လည်း ၎င်းပန်းပွင့်ချိန် ကုန်ဆုံးသောအခါ အခြားပန်းများ ချက်ချင်း မရနိုင်ခြင်းကြောင့် အင်းဆက်များ အစာ၏ ရှားပါးမှုဒဏ် ခံရပြီး သေဆုံးကုန်ခြင်းတို့ကြောင့်ဖြစ်ပါသည်။
ခေတ်မီပျားမွေးမြူရေးတိုးတက်လာသည်နှင့်အမျှ ပျားအုံများကို စနစ်တကျ စစ်ဆေးကြည့်ရှုခြင်း၊ တစ်နေရာမှတစ်နေရာသို့ ရွေ့ပြောင်းနိုင်ခြင်း တို့ကြောင့် အင်းဆက်ပိုး ကောင်များရှားပါးပြီး ဝတ်မှုန်ကူးရန်လိုအပ်သော စိုက်ခင်းများသို့ ပျားအုံများ ရွေ့ပြောင်း ချထားပေးခြင်းဖြင့် ဝတ်မှုန်ကူးရန် ဆောင်ရွက်နိုင်ပေသည်။
ဝတ်မှုန်ကူးရန်လိုအပ်သော ပျားအုံအရေအတွက်
စိုက်ခင်းတစ်ခုသို့ ဝတ်မှုန်ကူးရန် ပျားအုံများချထားရာတွင် အောက်ဖော်ပြပါ အချက်များပေါ်တွင် မူတည်ချထားရမည်-
• စိုက်ခင်းတွင်ရှိအပ်သည့် ပျားများက ဝတ်မှုန်ကူးရန်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ
• စိုက်ခင်း၏အကျယ်အဝန်း၊
• စိုက်ခင်းအတွက် ပန်းပွင့်မှု အခြေအနေ၊
• အပင်မှဝတ်ရည်နှင့် ဝတ်မှုန်ရရှိနိုင်မှု အခြေအနေ၊
• စိုက်ခင်းအတွင်းရှိ အခြားအင်းဆက်ပိုးကောင်များ၏ အခြေအနေ၊
• ပျားအုံများရွေ့ပြောင်းချထားရာတွင် ကုန်ကျမည့် စရိတ်နှင့် သီးနှံများအထွက်တိုး၍ ရရှိသည့် အကျိုးအမြတ်သည့် ကာမိခြင်းရှိ/မရှိ၊
• စိုက်ခင်းရှိရာဒေသ၏ ရာသီဉတုအခြေအနေတို့ ဖြစ်ပါသည်။
ချမ်းသာဦး
ကျမ်းကိုး- မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။