ရှာလကာရည်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုနိုင်တဲ့နည်းလမ်းများ

10/09/2024 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ရှာလကာရည်လို့ ဆိုလိုက်ရင် စိုက်ပျိုးရေးမှာ သဘာဝပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုလို့ရတာကို တော်တော်များများ သိပြီး ဖြစ််ပါလိမ့်မယ်။ သို့ပေမယ်လည်း ရှာလကာရည်မှာ အခြားသော အသုံးဝင်တဲ့ နည်းလမ်းအချို့လည်း ရှိနေသေးတာမို့ ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ပေါင်းသတ်ဆေးပြုလုပ်နည်းကို တစ်ပါတည်းပူးတွဲဖော်ပြပေးလိုက်ပါတယ်နော်

ရှာလကာရည် ပေါင်းသတ်ဆေးပြုလုပ်ခြင်း

အက်စစ်ဂုဏ်သတ္တိပိုများလေ ပေါင်းပင်တွေကို နှိမ်နင်းနိုင်လေ ဖြစ်ပါတယ်။ အိမ်တွေမှာ ချက်ပြုတ်စားသောက်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ ရှာလကာရည်တွေကတော့ အက်စစ်ဂုဏ်သတ္တိနည်းပါတယ်။ အများအားဖြင့် ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်လေ့ရှိပါတယ်။ ထို့ကြောင့် သီးနှံစိုက်ခင်းတွေမှာ ပေါင်းနှိမ်နင်းဖို့ အသုံးပြုမယ်ဆိုရင်တော့ အက်စစ်ဂုဏ်သတ္တိပမာဏ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းရှိတဲ့ ရှာလကာရည်တွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ဓာတ်ပါဝင်မှုများတဲ့ ရှာလကာရည်တွေကို အသုံးပြုမယ်ဆိုရင်တော့ စနစ်တကျသေချာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အရေပြားနဲ့ မျက်နှာအစိတ်အပိုင်းတွေကို တိုက်ရိုက်ထိတွေ့တာမျိုး မဖြစ်စေဖို့ သေချာသတိပြုသင့်ပါတယ်။ 

ပါဝင်ပစ္စည်းများ 

  • ပန်းကန်ဆေးဆပ်ပြာအရည် 
  • အိမ်သုံးဆား
  • ရှာလကာရည်

ရှာလကာရည်မှာ ပါဝင်တဲ့ အက်စစ်ဓာတ်ဟာဆိုရင် ပေါင်းပင်မှာရှိတဲ့ ရေကိုစုပ်ယူပြီးတော့ အပင်တွေကိုခြောက်သွေ့ သေဆုံးသွားစေတာ ဖြစ်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာအရည်ဟာ ပေါင်းပင်တွေရဲ့ အပြင်ဘက်အလွှာ သို့မဟုတ် ဖယောင်းအလွှာ (Cuticle layer) ကို ချေဖျက်ပေးပြီး ရှာလကာရည်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ ယခုဖော်ပြမယ့် နှုန်းထားက မိမိနေအိမ် ခြံဝန်းအတွင်း တနိုင်တပိုင် ပေါင်းနှိမ်နင်းရာမှာ အသုံးပြုရမယ့် နှုန်းထားဖြစ်ပါတယ်။ 

ထည့်သွင်းရမယ့်နှုန်းထား 

  •  ရှာလကာရည် ၁ ဂါလံ (အက်စစ်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်းရှိသော ရှာလကာရည်) 
  • အိမ်သုံးဆား ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး) 
  • ဆပ်ပြာအရည် ထမင်းစားဇွန်း ၁ ဇွန်း 

၎င်းတို့ကို ရောစပ်ကာ အပြည့်အဝ ပျော်ဝင်သည်အထိ သေချာစွာမွှေပေးရမှာ ဖြစ်ပါတယ်။ အပြည့်အဝ ပျော်ဝင်ပြီဆိုရင်တော့ ဖျန်းလို့ရပြီ ဖြစ်ပါတယ်။ ရှာလကာရည် ပေါင်းသတ်ဆေး အသုံးပြုရာမှာ သတိပြုသင့်တဲ အချက်ကတော့ ၎င်းမှာ ဓာတုဆေးတွေလို ရွေးချယ်ပေါင်းသတ်ပေးတဲ့ အာနိသင်မရှိတာကြောင့် အသုံးပြုတဲ့အခါ အခြားသောအပင်တွေကို မထိခိုက်စေဖို့ သတိပြုသင့်ပါတယ်။ ဆေးဖျန်းရာမှာ လေမတိုက်တဲ့အချိန် မနက်စောစောမှာ ပေါင်းပင်တွေရဲ့ အထက် အောက် အစိတ်အပိုင်းများအားလုံးကို သေချာနှံ့စပ်အောင် ဖျန်းပေးခြင်းဖြင့် ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ 

ခရု၊ ပက်ကျိ၊ ပုရွက်ဆိတ်နဲ့ သီးထိုးယင်များကို နှိမ်နင်းနိုင်ခြင်း 

ခရုနဲ့ ပက်ကျိတွေဟာလည်း အပင်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အဖျက်ပိုးတွေ ဖြစ်ပြီး အထူးသဖြင့် စိုစွတ်တဲ့ ကာလမျိုးမှာ ပိုပြီး သတိပြုဖို့ လိုအပ်ပါတယ်။ ရှာလကာရည် ၁ ခွက် နဲ့ ရေ ၁ ခွက် ကို  ဆတူရောစပ်ပြီးတော့ ခရုနဲ့ ပက်ကျိများအပေါ် တိုက်ရိုက်ပက်ဖျန်းခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ ပုရွက်ဆိတ်တွေကို နှိမ်နင်းဖို့ဆိုရင် ရေ ၃ ခွက်၊ ရှာလကာရည် ၁ ခွက် နဲ့ ဆပ်ပြာအရည် ထမင်းစားဇွန်း ၁ ဇွန်း တို့ကို နှံ့စပ်အောင်ရောမွှေပြီး ပုရွက်ဆိတ်များအပေါ် တိုက်ရိုက် ပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 

သစ်သီးခြံတွေမှာ ကျရောက်လေ့ရှိတဲ့ သီထိုးယင်တွေကို ကာကွယ်နှိမ်နင်းဖို့ဆိုရင် ရေခပ်နွေးနွေး ၁ ခွက်၊ ရှာလကာရည် ခွက် ၁ ဝက်၊ သကြား ထမင်းစားဇွန်း ၂ ဇွန်း နဲ့ တင်လဲရည် ထမင်းစားဇွန်း ၁ ဇွန်း တို့ကို ရောစပ်ပြီး လုံးဝပျော်ဝင်သွားသည်အထိ မွှေပေးရမှာ ဖြစ်ပါတယ်။ ၎င်းဖျော်ရည်ကို ခွက် (သို့မဟုတ်) အိတ်ထဲ ထည့်ကာ သစ်သီးပင်များရဲ့ ပတ်လည်မှာ ထားနိုင်သလို အပင်တွေရဲ့ အကိုင်းအခက်တွေမှာ ချိတ်ဆွဲပေးထားခြင်းဖြင့် သီထိုးယင်တွေမလာအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

အပင်အားဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ရှာလကာရည်မှာ အက်စစ်ဂုဏ်သတ္တိပါဝင်ပြီး အပင်တွေရဲ့ ဆဲလ်ကွဲပွားခြင်း၊ ဆဲလ်ကြီးထွားခြင်း စတာတွေကို ကူညီပေးနိုင်ပြီး အပင်တွေကြီးထွားသန်မာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ရှာလကာရည်ဟာ မြေဆီလွှာရဲ့ အက်စစ်ဓာတ်ကိုလည်း တိုးစေနိုင်တာကြောင့် အက်စစ်ဓာတ် ကြိုက်နှစ်သက်တဲ့ အိမ်တွင်းအလှစိုက် အပင်များ (ဥပမာ - နှင်းဆီပင်နဲ့ ခြောက်လပန်းပင်တွေ) မှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ ရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်းကို ရေ ၁ ဂါလံနဲ့ ရောစပ်ပြီး အပင်တွေကို ၃ လခန့်လျှင် ၁ ကြိမ် လောင်းပေးခြင်းဖြင့် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

ပန်းများကို ကြာရှည်ခံပြီး လတ်ဆတ်စေခြင်း 

နေအိမ်နဲ့ ရုံးခန်းတွေမှာ ဘုရားပန်းအိုး ထိုးတာပဲဖြစ်ဖြစ်၊ အလှပန်းအိုးထိုးတာပဲ ဖြစ်ဖြစ် ပန်းတွေ လတ်ဆတ်ပြီး ကြာရှည်ခံစေဖို့အတွက် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ ရေ ၁ လီတာ၊ ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ရောစပ်ပြီး ကောင်းစွာ ပျော်ဝင်တဲ့အထိ မွှေပေးရမှာ ဖြစ်ပါတယ်။ ၎င်းဖျော်ရည်ကို ပန်းအိုးထိုးတဲ့အခါ အသုံးပြုခြင်းဖြင့် ပန်းများကို ကြာရှည်ခံစေမှာ ဖြစ်ပါတယ်။ ဖျော်ရည်ကို တစ်ပတ်လျှင် ၁ ကြိမ် လဲလှယ်ပေးနိုင်ပါတယ်။ 

မျိုးညှောက်ပေါက်ကောင်းစေရန် အသုံးပြုနိုင်ခြင်း 

ရှာလကာရည်ဟာ မျိုးစေ့တွေရဲ့ မာကျောတဲ့ အပေါ်ယံအခွံကို ပျော့ပျောင်းစေပြီး အပင်ပေါက်များ ထွက်ရှိလာစေဖို့ ကူညီပေးနိုင်ပါတယ်။ မျိုးညှောက်ပေါက်နိုင်တဲ့ မျိုးစေ့အရေအတွက်ကို တိုးစေနိုင်သလို အပင်ပေါက်တဲ့ လုပ်ငန်းစဉ်ကို မြန်ဆန်စေဖို့လည်း ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းပါတယ်။ ရေ ၁ ခွက်ကို ရှာလကာရည် ခွက် ၁ ဝက် နဲ့ ရောစပ်ပြီး မျိုးစေ့များကို စိမ်ပေးရမှာ ဖြစ်ပါတယ်။ မျိုးစေ့များကို ၈ နာရီကနေ ၁၂ နာရီကြာ စိမ်ပြီးတဲ့နောက်မှာ ရေဆေးချပြီး စိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။ သတိပြုရမှာက မျိုးစေ့တွေကို ၂၄ နာရီထက် ပိုပြီးမစိမ်မိစေဖို့ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အောက်ဆီဂျင်ပြတ်ပီး မျိုးစေ့များ သေစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ပျိုးထောင်စိုက်ပျိုးမယ့် မျိုးစေ့များအတွက်ရော စိုက်ခင်းမှာ တိုက်ရိုက်ကြဲချပြီး စိုက်ပျိုးမယ့် မျိုးစေ့များအတွက်ပါ ဤနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို မာကျောတဲ့ အပေါ်ယံအခွံရှိတဲ့ မျိုးစေ့တွေနဲ့ မျိုးညှောင့်ပေါက်ဖို့ ခက်ခဲတဲ့ မျိုးစေ့တွေမှာ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ရုံးပတီ၊ တောင်ကြာကလေး၊ ပဲကြီး၊ ပြောင်း၊ ကန်ဇွန်းပန်း စတဲ့ မျိုးစေ့တွေမှာ ယခုနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ 

စိုက်ခင်းသုံးကိရိယာများကို သန့်ရှင်းရာတွင် အသုံးပြုနိုင်ခြင်း  

အကယ်လို့ သံချေးတက်နေတဲ့ စိုက်ခင်းသုံးကိရိယာတွေ ရှိတယ်ဆိုရင် ရှာလကာရည်ကို အသုံးပြုပြီး ဆေးကြောသန့်စင်နိုင်ပါတယ်။ ခွက် (သို့မဟုတ်) ဇလုံတစ်ခုထဲကို စိုက်ခင်းသုံးကိရိယာများထည့်ပြီးနောက် ၎င်းတို့လုံးဝနစ်မြုပ်စေရန် ရှာလကာရည်ကို လောင်းထည့်လိုက်ပါ။ အနည်းဆုံး ၆ နာရီကြာအောင် စိမ်ထားမယ်ဆိုရင် လုံလောက်ပါတယ်။ အကယ်၍ သံချေးအများအပြားတက်နေတဲ့ ကိရိယာများကို သန့်စင်မယ်ဆိုရင်တော့ တစ်ညလုံးစိမ်ထားဖို့ လိုအပ်ပါတယ်။ စိမ်ပြီးလို့ အချိန်ပြည့်ပြီဆိုရင်တော့ ရှာလကာရည်ထဲကနေ ကိရိယာများကိုဖယ်ရှားနိုင်ပါတယ်။ သံချေးတက်နေတာတွေကို ဖယ်ရှားဖို့ရာအတွက် ဘရပ်ရှ်ကို အသုံးပြုနိုင်ပါတယ်။ ပြီးရင်တော့ သန့်ရှင်းသောရေနဲ့ သေချာဆေးကြောပြီး ကိရိယာများကို အဝတ် သို့မဟုတ် စက္ကူလက်သုတ်ပဝါဖြင့် ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။ ပြီးပါက ကိရိယာများ နောက်ထပ်သံချေးတက်တာမျိုး မဖြစ်စေရန်အတွက် WD-40 သို့မဟုတ် အခြား စက်ကိရိယာသုံးချောဆီများ ပက်ဖျန်းပြီး သိမ်းဆည်းထားနိုင်ပါတယ်။  

ဇင်ထူးနိုင် 

Ref:

https://www.gardening.org/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်