သဘာဝဘေးရှောင်ရှားရေးနှင့် ပြောင်းလဲလာသော မိုးလေဝသခန့်မှန်းနည်းစနစ်များ (၁)

03/11/2022 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မိုးလေဝသအခြေအနေ ခန့်မှန်းခြင်းဟာ တိုးတက်လာတဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာတွေ (ICT - Information and Communication Technology) ကြောင့် အရင်လို မိုးပျံပူဖောင်းတွေ လွှတ်တင်ပြီးခန့်မှန်းတဲ့ခေတ်ကနေ သင်္ချာပုံစံကွန်ပျူတာ model တွေနဲ့ ဂြိုလ်တုကတဆင့်ရတဲ့ တိမ်ထုရွေ့လျားမှုအခြေအနေပုံရိပ်တွေ(Sattelite Images) ၊ မိုးလေဝသရေဒါ(Weather Radar)တွေကရတဲ့ သတင်းအချက်အလက်တွေအပေါ်မူတည်ပြီး ခန့်မှန်းတာတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ 

မိုးလေဝသတိုင်းတာရေး station တွေကရတဲ့ နေ့အပူချိန်၊ မိုးရေချိန်၊ လေတိုက်နှုန်း၊ ငွေ့ရည်ဖွဲ့မှတ်၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ အစရှိတဲ့ သတင်းအချက်အလက်တွေကိုလည်း တချို့ သင်္ချာပုံစံ မိုးလေဝသခန့်မှန်းရေး ကွန်ပျူတာ model တွေမှာ ထည့်သုံးနေကြတုန်းပါပဲ။

ကမ္ဘာ့မိုးလေဝသဌာနကြီးက ကမ္ဘာ့သမုဒ္ဒရာကြီးများအလိုက် နီးစပ်တဲ့ ပင်လယ်သမုဒ္ဒရာများနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေကို အစုအဖွဲ့တွေ ဖွဲ့စည်းစေပြီး တကမ္ဘာလုံးမှာဖြစ်လာတဲ့ ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်တွေမှာ မုန်တိုင်းအမည်ပေးတာတွေ ရောထွေးမကုန်ရအောင် အလှည့်ကျ/ စိတ်ကြိုက်အမည်တွေတင်သွင်းပြီး မုန်တိုင်းသတင်းများထုတ်ပြန်တဲ့အခါ လေတိုက်နှုန်းများအလိုက် မုန်တိုင်းအမည်တွေပေးကြပါတယ်။

မုန်တိုင်းကြီးများကိုလည်း ဒေသအလိုက် ဟာရီကိန်းမုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းနဲ့ တိုင်ဖွန်းမုန်တိုင်းဆိုပြီး စွဲမှတ်ကြပါတယ်။ မုန်တိုင်းကြီးများဖြစ်လာတဲ့အခါ မုန်တိုင်းသတိပေးချက် ထုတ်ပြန်တာတွေကိုလည်း ပိုပြီးတော့ တိကျမှန်ကန်မှုရှိအောင် ကမ္ဘာ့မိုးလေဝသ/မုန်တိုင်းခန့်မှန်းရေးစင်တာကြီးတွေက Website တွေ၊ ဌာနတွင်း အီလက်ထရောနစ်ဆက်သွယ်ရေးနည်းစနစ်တွေကတဆင့် သက်ဆိုင်ရာနိုင်ငံရဲ့ မိုးလေဝသဌာနတွေကို ပေးပို့ကူညီကြပါတယ်။

၂၀ ရာစုအလွန်နှစ်တွေမှာတော့ ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်တွေ၊ ဆက်နွှယ်ပြီးဖြစ်ပေါ်လာတဲ့ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေက လူသားတွေလွတ်ကင်းနိုင်ကြအောင် ကန့်သတ်ထားခြင်းမရှိတဲ့ မိုးလေဝသသတင်းအချက်အလက်တွေကို လူအများဖတ်ရှုလေ့လာနိုင်အောင် Website များကတဆင့် ဖြန့်ဝေးပေးရာမှ Mobile Technology ဖွံ့ဖြိုးလာတဲ့ ယနေ့ခေတ်မှာ မိုးလေဝသ/မုန်တိုင်းကြိုတင်ခန့်မှန်းနိုင်တဲ့ Application တွေနဲ့ Website တွေကို တိုးပြီး ထူထောင်လာကြပါတယ်။

သတင်းနဲ့ဆက်သွယ်ရေးနည်းပညာဆိုင်ရာအကူအညီတွေနဲ့ လူအများလေ့လာနိုင်တဲ့ လူမှုကွန်ရက်တွေပေါ်မှာလည်း မိုးလေဝသသတင်းကို အများလွယ်လွယ်သိရှိပြီး ဖြစ်လာနိုင်မဲ့ သဘာဝဘေးအန္တရာယ်များမှ လွတ် မြောက်အောင်၊ ဖြစ်သွားတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူသားတွေရင်ဆိုင်ရတဲ့ ဒုက္ခတွေကို ကူညီနိုင်အောင် အဖွဲ့အစည်းစာမျက်နှာ Page နဲ့ group တွေ များစွာပေါ်ပေါက်လာကာ စိတ်ပါဝင်စားကြသူများကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေပေးနိုင်ခဲ့ပါတယ်။

အခုလို အရေးကြီးတဲ့ မုန်တိုင်းဖြစ်နိုင်မဲ့သတင်းတွေကို အချိန်မီမျှဝေပေးနိုင်ပြီး မုန်တိုင်းဒဏ်ခံရခြင်းမှ လျော့ ကျသက်သာစေတဲ့အစီအမံတွေ ဆောင်ရွက်နိုင်ခဲ့တာကြောင့် မှတ်တမ်းတင်ရလောက်အောင် လူ့အသက်များစွာ ထိခိုက်သေဆုံးမှုမှ တဖြည်းဖြည်းလျော့ကျလာတဲ့ နိုင်ငံကတော့ ကျနော်တို့ရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပါဘဲ။

ဉပမာပြောပြရရင် - ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကိုတည့်တည့်ဝင်တိုက်ခဲ့တဲ့ Bhola ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းကျော်သေဆုံးခဲ့ရပြီးတဲ့နောက် ၁၉၉၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ မုန်တိုင်းအရွယ်အစားအချင်း ၆၀၀ ကီလိုမီတာရှိတဲ့ ကြီးမားတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် လူ ၁ သိန်းခွဲ သေဆုံးခဲ့ရပြန်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ၁၉၉၄ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသေအပျောက် ၄၀၀ ခန့်၊ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၆၅၀ နဲ့ အဲ့ဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း Bijili(ဘီဂျလီ), Aila(အိုင်လာ), Viyaru(ဗီယာရု), Mahasen(မဟာစန်), Komen(ကိုးမဲန်း), Roanu(ရိုနူး), Mora(မိုရာ), Fani(ဖန်နီ), Matmo(မက်မို), Amphan(အမ်ဖန်) နဲ့ Yaas(ရာ့စ်)ဆိုင်ကလုန်းမုန်တိုင်းတွေ ဝင်ရောက်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုအရေအတွက် များစွာလျော့ကျလာကြောင်းမှတ်သားရပါတယ်။

အဲ့ဒီတော့ ဒီလိုနည်းပညာတွေတိုးတက်မြင့်မားလာတဲ့ခေတ်ကြီးမှာ - * မိုးလေဝသခန့်မှန်းတာကော၊ တခြားသောသဘာဝဘေးအန္တရာယ်တွေကို ခန့်မှန်းတာကော၊ * သဘာဝဘေးအန္တရာယ်တွေက အချိန်မီရှောင်ရှားလွတ်မြောက်နိုင်ဖို့ကော အဆင့်မြင့်နည်းပညာတွေသုံးပြီး အဆင့်မြင့်လေ့လာတတ်အောင်၊ သင်ယူတတ်အောင်နဲ့ မျှဝေပေးနိုင်အောင် လုပ်ကြရပါမယ်။

REFERENCE https://bit.ly/3WuP26Yhttps://bit.ly/3sWM0Lehttps://bit.ly/3fyabN5

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်