ရေဘဝဲမွေးမြူရေးဖြစ်သင့်၊ မဖြစ်သင့်နှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာသတင်းဆောင်းပါးများ

26/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်သတင်းဆောင်းပါးတွေထဲမှာတော့ မိမိရင်ကိုထိရှစေသည့်သတင်းဆောင်းပါးတွေ အတော်များသည်။ ဒီထဲကမှ ကချင်ပြည်နယ်က တရုတ်တစ်သျှူးငှက်ပျောတွေမှာ ဒေသမျိုးရင်း ငှက်ပျောတွေထိပါဒုက္ခပေးလာနိုင်သည့် ပနားမားရောဂါသံသယအနေအထားတွေ တွေ့လာနေရသည် ဆိုသည့်အကြောင်း၊ ရေဘဝဲမွေးမြူရေးလုပ်သင့် မလုပ်သင့် အငြင်းပွားမှုတွေအကြောင်း၊ ကမ္ဘာ့အကောင်းဆုံးဆန်ဆု (၅) ကြိမ်ရ ကမ္ဘောဒီးယားဆန်အကြောင်း စတာတွေကို ဟိုက်လိုက်လုပ် ပြောပြပေးသွားချင်သည်။

ဘိန်းအစားထိုးသီးနှံအနေဖြင့် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ ကချင်ပြည်နယ်အတွင်း ဝင် ရောက်လာသည်က ၂၀၀၆ - ၂၀၀၇ ခုနှစ်ကတည်းကဟုဆိုသည်။ တဖြည်းဖြည်းနှင့်များလာသည်မှာ ဧကသိန်းကျော်သည်အထိဖြစ်သွားသည်။ ဘိန်းအစားထိုးဖြစ်မဖြစ်တော့မသိ။ ဒီငှက်ပျောများနှင့် ပတ်သက်သည့် ဆက်စပ်ပြဿနာများကတော့ ပြည်နယ်လွှတ်တော်တင်မက အမျိုးသားလွှတ်တော် အထိပါ ရောက်သွားပါတော့သည်။

အဓိကထောက်ပြခံရသည့်ပြဿနာများကတော့ စိုက်ပျိုးရာတွင် ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာ များ အလွန်အကျွံသုံးစွဲမှုကြောင့် ဒေသခံများ၏ကျန်းမာရေးထိခိုက်နိုင်မှု၊ သဘာဝမြေဆီလွှာများ ပျက်စီးမှု၊ သစ်တောပြုန်းတီးမှု စတာများဖြစ်သည်။ ဒါက သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိ ခိုက်နိုင်မှုများအပေါ် ထောက်ပြဝေဖန်ကြသည့်အပိုင်း။

နောက်ထပ်စိုက်ပျိုးရေးပညာရှင်အချို့ ထောက်ပြကြသည့်အပိုင်းလည်းရှိသည်။ ဒါကတော့ ဒီငှက်ပျော တွေကတဆင့် ဖြစ်လာနိုင်သည့်ရောဂါနှင့်ပိုးပြဿနာများက ဒေသမျိုးရင်းတွေဆီကိုပါ ပြန့်သွားနိုင်မှု အပိုင်း။ ဒီအပိုင်းနှင့်ပတ်သက်ပြီး ယခု သံသယဖြစ်ဖွယ်ရာအခြေအနေများ ပေါ်လာခြင်းဖြစ်သည်။ စောင့်ကြည့်ရောဂါကတော့ ဖျူစေရီယမ်ပင်ညှိုးရောဂါဖြစ်ပါသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ပြီးခဲ့သည့်တစ်ပတ်အတွင်း Green Way က သတင်းတစ်ပုဒ်ဖော်ပြခဲ့ သည်။ စောင့်ကြည့်ရမည့်အခြေအနေဖြစ်၍ စိတ်ဝင်စားမိခြင်းဖြစ်ပါသည်။ သတင်းအပြည့်အစုံကို တော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ နောက်ဆက်တွဲအခြေအနေများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမည်။

https://bit.ly/3lJUGVs

နောက်ထပ်ပြောချင်သည်ကတော့ ဒေါက်တာသက်ခိုင်က BBC သတင်းတစ်ပုဒ်ကို အခြေခံရေးသား ထားသည့် ‘ ရေဘဝဲမွေးမြူရေးတကယ်လုပ်တော့မှာလား’ ဆိုသည့်အကြောင်း။

ဒီဆောင်းပါးတွင်တော့ ရှုထောင့်နှစ်မျိုးကွဲနေကြသည်။ ရေဘဝဲကို ပထမဆုံးအနေနှင့် မွေးမြူထုတ်လုပ်ရောင်းချနိုင်တော့မည် ဆိုသည့် အောင်မြင်မှုအမြင်ဘက်က မြင်သည့်အကောင်းမြင်ရှုထောင့်ကတစ်မျိုး၊ ကြောင်လောက်အထိ အသိဉာဏ်မြင့်သည့်ရေဘဝဲတွေကို လှောင်အိမ်ထဲတွင်ပိတ်ထားခြင်းနှင့် ဈေးကွက်ထဲသို့ ပို့ရာတွင် သတ်ဖြတ်မည့်အဆိုပြုချက်များမှာ ရက်စက်ရာကျသည်ဟုဆိုကာ ခွင့်ပြုချက်မပေးသင့်သည့် အဆိုးမြင်ရှုထောင့်ကတစ်ဖုံ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းတွင် စိတ်ဝင်စားစရာ၊ တွေးတောစရာ၊ သုံးသပ်စရာ၊ ဗဟုသုတရစရာ များစွာပါဝင်နေသည်။ ရေဘဝဲကို ဘယ်လိုအကျယ်အဝန်းမှာ ဘယ်လိုပုံစံနှင့်မွေးမြူမည်လဲ၊ ရေဘဝဲတွေရဲ့သဘောဘဘာဝတွေက ဘယ်လိုတွေလဲ၊ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေး ရှုထောင့်ကကြည့်ရင် ဘယ်လိုအချက်တွေက လက်မခံနိုင်စရာဖြစ်နေတာလဲ၊ နောက်ဆုံး သဘာဝပတ် ဝန်းကျင်ရှုထောင့်အရကော ဘာထိခိုက်မှုတွေ ရှိနိုင်မလဲ စသည်ဖြင့် စုံလင်လှသည်။ မိမိ အလွန်အမင်း ကို စိတ်ဝင်တစားဖတ်မိသည့်သတင်းဖြစ်သည်။

မိမိလိုမျိုး စိတ်ဝင်စားသူများအနေနှင့် ဖတ်ချင်သည်ဆိုပါကတော့ အောက်ပါလင့်တွင် အပြည့်အစုံ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3nqv9AX

နောက်ဆုံးအနေဖြင့် ပြောချင်သည်ကတော့ အထက်တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်း ကမ္ဘာ့အကောင်းဆုံး ဆန်ဆု ၅ ကြိမ်ရ ကမ္ဘောဒီးယားဆန်အကြောင်းဖြစ်သည်။ ပြည်ပတင်ပို့ရနံ့မွှေးဆန်အမျိုးအစားအုပ်စု ‘ Angkor Malys’ အုပ်စုဝင် Phka Ramduol ဆိုသည့် ကမ္ဘောဒီးယားဆန်က ကမ္ဘာ့အကောင်းဆုံးဆန် အဖြစ် ကမ္ဘာ့ဆန်ညီလာခံ၏သတ်မှတ်ရွေးချယ်ခြင်းခံထားရသည်မှာ ၅ ကြိမ် ရှိပြီဖြစ်သည်။ ဈေးက လည်း တစ်ပြည်ခန့်ကို ကျပ် ၈၅၀၀ ခန့်ဆိုတော့ မိမိတို့နိုင်ငံ၏ အကောင်းဆုံးဆန် ရွှေဘိုပေါ်ဆန်း ထက်ပင် နှစ်ဆခန့် ဈေးပိုရနေသည်။ ကမ္ဘာ့ဆန်ဝယ်ယူစားသုံးသူတွေကြား ထိပ်တန်းရွေးချယ်မှုတစ်ခု ဖြစ်နေသည်တဲ့။

ဆိုတော့ ဘာကြောင့်လဲ။ ဒီဆုကို မိမိတို့ ရွှေဘိုပေါ်ဆန်းဆန်လည်း သူတို့မတိုင်ခင် ၂၀၁၁ ခုနှစ်ကတည်း က ရဖူးသည်။ နောက်ထပ်တော့ ထပ်မရတော့။ သူတို့ကတော့ မိမိတို့နောက်မှဆုရပြီး စဉ်ဆက်မပြတ် ဆုရသလိုဖြစ်နေသည်။ နံပါတ် (၁) ဆုမရသည့်နှစ်များတွင်လည်း နံပါတ် (၂) အဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်ဖူးသည်။ ယခင်ကတော့ ကမ္ဘောဒီးယားဆိုသည်က မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှု အရမ်းမကွာသည့် နိုင်ငံမျိုးပါ။ ခုတော့ သူတို့က ရှေ့သို့လှမ်းချီဖြစ်နေပါပြီ။ ဆိုတော့ ဒါကတော့ ဗဟုသုတအနေနှင့်ကော အားကျစရာအနေနှင့်ကော စိတ်ဝင်စားမိခြင်းဖြစ်ပါသည်။

ဒီဆန်အကြောင်းအပြည့်အစုံသိချင်ရင်တော့ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3LMIVrY

အစတွင်ပြောခဲ့သလိုပင် ပြီးခဲ့သည့်တစ်ပတ်ထဲ စိတ်ဝင်စားစရာသတင်းဆောင်းပါးများ များစွာရှိခဲ့ပါ သည်။ ဖင်အုန်းသီးဆိုပြီး နာမည်ကြီးနေ (Green Way အာဘော်အမည်မဟုတ်၊ ယင်းကဲ့သို့ခေါ်ဆိုနေကြ ခြင်းကို ညွှန်းခြင်းသက်သက်သာဖြစ်) သည့် Coco De Mer အသီးအကြောင်းလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။ 

ဒီတစ်ပတ်ကိုတော့ ဒီလောက်နှင့်ပဲ နိဂုံးချုပ်ပါတော့မည်။ မိမိတို့မိတ်ဆွေတောင်သူအပေါင်းကော၊ အားလုံးကိုကော သတိပေးချင်တာလေးတစ်ခုတော့ရှိပါသည်။ Green Way တွင်လည်း ဖော်ပြထား ပါသည်။ နွေဝင်လာပြီဖြစ်သလို ခရမ်းလွန်ရောင်ခြည်များမြင့်တက်လာသည်ဟု နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က သတိပေးထားမှုဖြစ်သည်။ ဆိုတော့... အားလုံးပဲ အပြင်ထွက်ပါက အကာအကွယ်ဖြစ်စေမည့်အရာများ ကာကွယ်ပြီးထွက်ကြပါဟု တိုက်တွန်းလိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်