တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

27/11/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way အနေဖြင့် တစ်ပတ်အတွင်းတင်ဆက်ပေးခဲ့သည့် ဗဟုသုတပေး၊ အသိပညာပေး၊ နည်းပညာပေး ဆောင်းပါး၊ သတင်းများထဲကမှ စိတ်ဝင်စားဖွယ်အချက်များ၊ အကျိုးရှိသိသင့်သည့်သတင်းအချက်အလက်များကို ‘ တစ်ပတ်အတွင်း သတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ’ ခေါင်းစဉ်ဖြင့် ပြန်လည် ထုတ်နုတ်တင်ပြပေးနေသည်မှာ ယခုတစ်ပတ်တွင်တော့ ဒုတိယမြောက် ဖြစ်လာခဲ့ပါပြီ။

ဒီတစ်ပတ်အတွက် ပထမဆုံး ပြန်လည်ထုတ်နုတ်ဖော်ပြပေးချင်သည်ကတော့ တောင်သူများ စိတ်အဝင်စားဆုံးဖြစ်ခဲ့သည့် သတင်းတစ်ပုဒ်အကြောင်းပါ။ ‘ တောင်ကိုရီးယားကားတာယာစက်ရုံတစ်ခုက မြန်မာ့ရာဘာကို ဝယ်ယူလိုခြင်း’ အကြောင်းပါ။ အစပိုင်းတုန်းကတော့ ကိုရီးယားဘက်က လိုချင်သည့်အရည်အသွေးအချက်အလက်များက မြင့်လွန်းသော ကြောင့် တောင်သူများအတွက် မဖြစ်နိုင်ဘူး ဆိုပြီး တုန့်ပြန်မှုများရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုအချိန်တွင်တော့ ဒီဘက်က ပေးနိုင်သည့်အနေအထားကို တင်ပြနိုင်ပြီး သူတို့လိုချင်တာမျိုးဆိုပါက ဝယ်ပေးသွားမည့်ပုံစံဖြစ်သွားသည်ဟု ဆိုသည်။ 

ယခုသတင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ရောင်းလိုသည့် ရာဘာလုပ်ငန်းရှင်များအနေဖြင့် ကြားခံ ကိုယ်စားလှယ် လုပ်ပေးမည့် မအောလစ်ကတစ်ဆင့်ချိတ်ဆက်ပြီး ဝယ်သူနှင့်တိုက်ရိုက်စကားပြောနိုင်မည်ဆိုသည့် အချက်ပင်။ ရောင်းနိုင် မရောင်းနိုင်၊ ရောင်းသင့် မရောင်းသင့်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်မည်ဖြစ်သလို ရေရှည် အခွင့်အလမ်းတစ်ခုပါ ဖြစ်သွားနိုင်သည့်အတွက် ချိတ်ဆက်ကြိုးစားကြည့်ကြပါဟု တိုက်တွန်းလိုပါသည်။

မအောလစ်ထံ တိုက်ရိုက်ချိတ်ဆက်လို၊ မူရင်းသတင်းကို ဖတ်လိုသည်ဆိုလျှင်တော့ အောက်ကလင့်မှာ ဝင်ဖတ်နိုင်ပါသည်။ 

https://bit.ly/3AQVJHA

တစ်ဆက်တည်းမှာပဲ မြန်မာ့ပြောင်းဆန်များကို တရုတ်နိုင်ငံတင်မက ထိုင်းနှင့်ဖိလစ်ပိုင်ကပါ စိတ်ဝင်တစား ဝယ်ယူမှုများ ရှိနေ၍ ဈေးဆက်တိုက်မြင့်တက်နေသည်ဆိုသည့် ဈေးကွက်သတင်းလေးကလည်း တောင်သူများအတွက် အကျိုးရှိစေတာဖြစ်၍ ဝမ်းမြောက်ရပါသည်။ အထွေအထူးသီးသန့်ပြောလိုခြင်းတော့ မရှိပါ။ ယခုစစိုက်နေသည့် ဆောင်းသီးနှံများ ပေါ်သည့်အချိန်တွင်လည်း ယခုလိုမျိုးအခွင့်အလမ်း များ ရပါစေဟုသာ ဆုတောင်းပေးလိုပါသည်။ အထွေထွေ အကျပ်အတည်း နိမ့်ကျမှုများကြား အသက် ရှူပေါက်လေးများ ရစေချင်သည့်ဆန္ဒနှင့်ပါ။ အချို့ ဆောင်းသီးနှံများကတော့ အကြောင်းကြောင်းများကြောင့် မစိုက်နိုင်တော့ပါ။

နောက်ထပ်တော့ ပြီးခဲ့သည့်တစ်ပတ်ကလည်း ပြောခဲ့သေးသည့် ကိုဝေယံဟိန်း (B.Ag) ဘာသာပြန်ရေးသားပေးနေသော  ‘ အပြောင်းလဲကြီး ပြောင်းလဲလာနေတဲ့ မုတ်သုံရာသီ’ သတင်းဆောင်းပါးများအကြောင်းကို ထပ်ညွှန်းချင်ပြန်သေးသည်။ ယခုတစ်ပတ်အတွင်းတွင်တော့ အပိုင်း (၂) နှင့် အပိုင်း (၃) များထိ ဖြစ်လာပါပြီ။ ဘာသာပြန်သူ၏အရေးအသား ညက်ညောမှု၊ သတင်းဆောင်းပါးထဲက စိတ်ဝင် စားစရာအချက်များက လက်မလွှတ်ဘဲ ဖတ်သင့်နေတာမျိုးကိုဖြစ်နေသည့်အတွက် မဖြစ်မနေ ထပ်ညွှန်းပေးလိုတာဖြစ်သည်။

၁၈၇၀ ပြည့်လွန်နှစ်များတုန်းက အိန္ဒိယအနောက်ပိုင်း မဲဝါတိုင်းကို အစိုးရသည့် 'ဆပ်ဂျန်ဆင်း' မင်း တည်ဆောက်ခဲ့သော ‘ မုတ်သုံနန်းတော်’ ဆိုသည့် စကျင်ကျောက်သားနန်းတော်ကြီးအကြောင်း၊ ၁၇ ရာစုထဲကို ရောက်လာတော့မှ အိန္ဒိယကို တစ်ခါမှတောင် မရောက်ဖူးလိုက်သည့် အင်္ဂလိပ်လူမျိုး နက္ခတ္တဗေဒနှင့် မိုးလေဝသပညာရှင် အက်ဒ်မွန်ဟေလီက မုတ်သုံရာသီ ဖြစ်ပေါ်ပုံကို ဖော်ထုတ်တင်ပြနိုင်ခဲ့မှု အကြောင်း၊ နှစ်တစ်နှစ်ရဲ့ မုတ်သုံရာသီ ဘယ်တော့ စတင်ပြီ ဆိုသည့်အချိန်ကို အဆုံးအဖြတ်ပေးရသော နယူးဒေလီမြို့ အိန္ဒိယမိုးလေဝသဌာနလက်အောက်က မိုးလေဝသ ခန့်မှန်းရေးစင်တာတွင် တာဝန်ထမ်းဆောင်နေသည့် အကြီးတန်းသိပ္ပံပညာရှင် ဒေါက်တာဂျီနာမာနီရဲ့ အခက် အခဲတွေအကြောင်း စသည့် စိတ်ဝင်စားစရာများ ယခုအပိုင်းများတွင် ပါလာသည်။ 

၁၈၉၉ ခုနှစ်တုန်းက မုတ်သုံဖောက်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် လူ ကိုးသန်းခန့်သေဆုံးသည်အထိ ဖြစ်ခဲ့သည်ဆိုသည့် အချက်ကလည်း ရာသီဥတုဖောက်ပြန်မှုဟာ စစ်ပွဲများထက်တောင် ဆိုးနိုင်သည်ဆိုခြင်းကို သတိပေးနေသလို။ ကြောက် ကြောက်စရာကောင်းလှသည်။ လူသားများ၏ပယောဂများကြောင့် ဖောက်ပြန်လာသည့် ရာသီဥတုကို လူသားများအနေဖြင့် တကယ့်ကို သတိထားကိုင်တွယ်သင့်သည့် အနေအထားတစ်ခုမှာ ရှိနေပြီဖြစ်သည်။

စိတ်ဝင်စား၍ ဖတ်ချင်သည်ဆိုလျှင်တော့ အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3UbxlXX

https://bit.ly/3ikZOgs

ယခုတစ်ပတ်ထူးခြားဖြစ်စဉ်များထဲတွင်တော့ ကုန်ကို မကုန်နိုင်တော့သည့် မိုးအကြောင်းနှင့်ပဲ အဆုံးသတ်ရပြန်ဦးမည်။ ဆောင်းက ဝင်မလို့ကြံနေရုံရှိသေး။ လေဖိအားနည်းရပ်ဝန်း၊ လေပွေလှိုင်းများက ဖျက်လိုဖျက်ဆီးနှင့် ဆက်တိုက်ရန်ရှာနေသည်။ အချို့ဒေသဆောင်းသီးနှံစိုက်တောင်သူများ၏ စိုက်ခင်းများတွင် ရေလွှမ်းကုန်သည်ကို စိတ်မချမ်းသာဖွယ် မြင်တွေ့ရသည်။ 

နိုင်ငံတကာမိုးလေဝသအခြေအနေများကိုစောင့်ကြည့်ပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ကတော့ လာနီညာဆက်ဖြစ်နေဆဲအရှိန်ကြောင့် မိုးကုန်ပြီဟုပင် ပြောရခက်သည်ဟု ခန့်မှန်းသည်။ ယခုလကုန် ဒီဇင်ဘာလဆန်းတွင်ပင် နောက်ထပ် မိုးတွေသယ်လာနိုင်သည့် မုန်တိုင်း သို့မဟုတ် လေဖိအားနည်းရပ်ဝန်း အလားအလာများရှိနေပြန်သေးသည်။ သေတော့ မသေချာသေးပါ။ Green Way အနေဖြင့်လည်း ထူးခြားအခြေအနေများကို ဆက်တိုက်တင်ပေးသွားပါမည်။ ဆိုတော့ မိုးလေဝသသတင်းများကိုတော့ မပြတ် စောင့်ကြည့် သတိရှိကြပါဦးဟု ပြောရင်း နိဂုံးချုပ်လိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်