ဒီတစ်ပတ် သတင်း၊ ဆောင်းပါးညွှန်းရတာ တော်တော်ခက်ခဲသည်။ ကျွန်တော် စိတ်ဝင်စားမိသည့် သတင်း ဆောင်းပါးတွေ အများကြီး ပါဝင်နေ၍ဖြစ်သည်။ ဆိုတော့ ကျန်တာတွေက စိတ်ဝင်စားစရာ မကောင်း၍ လားဆိုသည့်မေးခွန်းရှိနိုင်ပါသည်။ မဟုတ်ပါ။ မိမိတစ်ဦးတည်းအမြင်အရ အများဆုံး စိတ်ဝင်စားမိသည်များ ကိုသာ ညွှန်းဆိုရသည်ဖြစ်ခြင်း၊ များလွန်းပါက စာလေးသွားနိုင်ခြင်းတို့ကြောင့်သာ တချို့တွေကို ချန်လှပ်ခဲ့ရခြင်း ဖြစ်ပါသည်။
ညွှန်းမည် ညွှန်းမည်နှင့် ကျန်နေခဲ့သော အခန်းဆက်ပညာရပ်အကြောင်းတစ်ခုရှိပါသည်။ ရေဆင်းစိုက် ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဆရာကြီး ဒေါက်တာမျိုးကြွယ် အပတ်စဉ်ရေးသားနေသည့် ‘အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ’ ဆောင်းပါးများဖြစ်သည်။ အပိုင်း(၅၂) ထိ ရောက်လာပါပြီ။ Green Way App ထဲရှိ ‘အထွေထွေဗဟုသုတ’ ကဏ္ဍအောက် ‘ အတွေးအမြင်ဆောင်းပါး’ ကဏ္ဍကွဲအောက်တွင် အပြည့်အစုံ ရှိပါသည်။ ဒီတစ်ပတ်အတွက် ခေါင်းစဉ်ကွဲကတော့ ‘ စိုက်ပျိုးရေးပညာနှင့် သုတေသန’ ဆိုပြီးဖြစ်သည်။
ကျွန်တော်တို့နိုင်ငံကတော့ သိသည့်အတိုင်းပင်။ Research and Development ကို အားမပေးသူ အဆက်ဆက် အုပ်စိုးခံခဲ့ရဖူးသည်။ ရလဒ်ကတော့ ထူးထွေပြောပြရန်ပင်မလို။ အရည်အသွေး ပညာရေးမှ အရေအတွက် ပညာရေးသို့ ဆွဲချခဲ့သူများကြောင့်လည်း ခြွတ်ခြုံကျခဲ့ရဖူးပြီ။
ကြုံတုန်း တက္ကသိုလ်တက်တုန်းက ဆရာမကြီးတစ်ဦးပြောပြခဲ့ဖူးသည်လေးကို ပြန်ပြောပြချင်မိသည်။ တစ်ခါတုန်းက နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲတစ်ခုမှာ နိုင်ငံအလိုက် ‘ဆန်စားသုံးမှုနှိုင်းယှဉ်ချက်’ လေး တစ်ခုအကြောင်းပါလာသည်တဲ့။ နှိုင်းယှဉ်ပြတော့ ဆန်စားသုံးမှုမှာ မြန်မာနိုင်ငံက အမြင့်ဆုံး ဖြစ်နေသည်တဲ့။ ဆိုတော့ အာ့အချိန်တုန်းကဝန်ကြီးက ဘာပြောလဲဆိုတော့ ‘ ဘယ်သူတွေ ကျုပ်တို့နိုင်ငံကို ဆင်းရဲတယ်လို့ပြောလဲ။ ဒီမှာကြည့်လိုက်။ ကျုပ်တို့က ဆန်အစားနိုင်ဆုံး’ ဆိုတာမျိုး ထပြောပစ်တာ တဲ့။ နိုင်ငံတကာတွင်ပါ စာသင်ပေးလာသည့်ဆရာမကြီးကတော့ ‘သူရှက်လိုက်တာ ဆိုတာလေ’ လို့သာ ပြောပါသည်။ ဩော်...သူတို့က ဆန်နည်းနည်းပဲစားပြီး ကျန်တာဘာမှမစားဘဲ ငတ်နေကြသည်ဟု ထင်ပုံရပါသည်။
ဆိုတော့ ဒါမျိုးတွေလည်း မြန်မာနိုင်ငံမှာရှိခဲ့ဖူးတော့ ဘာပြောကောင်းမလဲ။ ပျော်သည်ပေါ့လေ။ ‘ကျောင်းသား တစ်ယောက်စာမေးပွဲကျရင် ထုချေလွှာတင်ရမှတော့ အလုပ်ရှုပ်ခံမနေတော့ဘူး။ အကုန်အအောင်ပေးလိုက်တော့တာပေါ့’ ဆိုသည့် ဆရာ/ဆရာမတွေ၏ ခေတ်တစ်ခေတ်ကို မီခဲ့သူများ သိပါသည်။ ထားပါတော့။ ပဲခူးရေကြီးသည့် ခေတ်ကို ဖြတ်သန်းခဲ့ရသည်ကိုး။ တောသုံးထောင်လို ပြောဆုံးမည်မထင်သည့်ဟာတွေပါ။
ဆိုတော့ လိုရင်းကိုပဲ ပြောပါတော့မည်။ ဒီဆောင်းပါးထဲမှာ ဆရာကြီးထောက်ပြချင်သည့်နှစ်ချက် ရှိသည်။ ဇယားနှစ်ခုဖြင့် တခြားနိုင်ငံများနှင့် နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်သည်။ တစ်ချက်က မြန်မာနိုင်ငံ၏ ပညာရေးမှ မွေးထုတ်ပေးနေသော သက်ဆိုင်ရာတက္ကသိုလ်ဘွဲ့ရများနှင့် အလုပ်အကိုင် လိုအပ်ချက် မကိုက်ညီခြင်းကို ဖြစ်သည်။ လိုနေတာကတခြား မွေးထုတ်ပေးနေတာကတခြား ဖြစ်နေခြင်းဖြစ်သည်။ နောက်တစ်ချက်ကတော့ သုတေသနအတွက် GDP ကနေ ဘယ်လောက်အထိ ကျခံသုံးစွဲပေးသလဲဆိုသည့်နှိုင်းယှဉ်ချက်ဖြစ်သည်။ ဟုတ် ပါသည်။ ထင်ကြသည့်အတိုင်းမှန်ပါသည်။ မြန်မာကတော့ နောက်ဆုံးကရေတွက်ရင် ထိပ်ဆုံးပေါ့။ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ပင် ၇ ဆခွဲကျော် ကွာပါသည်။
ဆိုတော့ ဆရာကြီးက ဒါတွေထောက်ပြပြီး ပြုပြင်ပြောင်းလဲစေလိုသည့်အချက်များကို အကြံပြုထားခြင်း ဖြစ်သည်။ အပြည့်အစုံဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ပြောချင်သည်တွေ ပြောရင်းနှင့် များပါသည်ဆိုမှ ထပ်များသွားပြန်သည်။ ဆိုတော့ ကျန်တာတွေကို ခပ်တိုတိုပဲ ညွှန်းပါရစေ။
ဒို့ဦးလေး ရေးသည့် ‘ ပဲတီစိမ်း အပင်ကွက်ကြားသေ ဘာကြောင့်ဖြစ် ဘယ်လိုရှင်း’ ဆိုသည့် ဆောင်းပါးကလည်း အတော်ကောင်းသည်။ ကျွန်တော်တို့က အပင်တွေတစ်ခုခုဖြစ်ပါက ပိုးနှင့်ရောဂါကိုသာ အရင်ဆုံး ပြေးမြင်မိတတ်ကြသည်။ တကယ်တော့ မြေကဒုက္ခပေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဆိုခြင်းကို ဆရာက သူ့အတွေ့ အကြုံနှင့်ယှဉ်၍ ပြောပြထားခြင်းဖြစ်သည်။ တကယ်ဖတ်ကြည့်သင့်ပါသည်။ အထူးအထွေတော့ မညွှန်းတော့ပါ။ အောက်ပါလင့်ကနေသာ အစအဆုံး ဝင်ရောက်ဖတ်ရှုကြပါတော့ဟုသာ တိုက်တွန်းလိုပါသည်။
အများကြီးပြောစရာ ညွှန်းစရာတွေက အခုမှ စပါသည်။ ဒီတစ်ပတ်အတွင်း သတင်းတွေ။ အတော်လေး စိတ်ဝင်စားစရာတွေ အများကြီးပါသည်။ ဒီကြားထဲ လူမှုကွန်ရက်တွင် နာမည်ကြီးလိုက်သည့် မွန်ဂိုလီးယားမှာ သိုးတွေ ၁၂ ရက်လောက် စက်ဝိုင်းပုံပတ်နေသည့်ကိစ္စလည်းပါလာသေးသည်။ ဖြစ်တာကတော့ နိုဝင်ဘာလဆန်း ကတည်းကပါ။ ဒီမှာတော့ ဒီတစ်ပတ်ထဲမှ ဗီဒီယိုဖိုင်က တော်တော်ပြန့်သွားသည်။ အဖြေအတိအကျကိုတော့ မထုတ်နိုင်သေးပါ။ သို့သော် ဖြစ်နိုင်ချေများကို သုံးသပ်ချက်များ သတင်းများကို စုစည်းပြီး တိရစ္ဆာန် ဆရာဝန် ဒေါက်တာသက်ခိုင်က ‘ စက်ဝိုင်းပုံပတ်နေတဲ့ သိုးအုပ်ရဲ့ပဟေဠိ’ အမည်ဖြင့် ဆောင်းပါးရေးပြီး Green Way တွင် ဖော်ပြခဲ့သည်။ တော်တော်လေးစိတ်ဝင်စားစရာကောင်းပါသည်။ အောက်ကလင့်မှာ ဝင်ဖတ်ကြည့်နိုင်ပါသည်။
တစ်ဆက်တည်း ဒီလိုဖြစ်နိုင်ချေတွေထဲက ‘ သန်လည်ရောဂါ’ အကြောင်းကိုလည်း ဒေါက်တာသက်ခိုင်က အသေးစိတ် ဆက်ရေးဖော်ပြခဲ့သည်။ လူတွေကိုပါကူးစက်ဒုက္ခပေးနိုင်သည့်ရောဂါမျိုး ဖြစ်၍ သိထားသင့်သည့် ရောဂါမျိုးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်။
နောက်ထပ်ကတော့ ထုံးစံအတိုင်း ကိုဝေယံဟိန်းရေးသားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆိုင်သည့် နိုင်ငံတကာသတင်းများဖြစ်သည်။ အကုန်ကောင်းသည်ဟုညွှန်းလျှင် ပိုမလားမသိ။ ကျွန်တော်ကတော့ တကယ်ကို စိတ်ဝင်တစားဖတ်ခဲ့မိသည်။
ဆိုတော့ များနေ၍ ခေါင်းစဉ်များနှင့် လင့်များကို တွဲညွှန်းသွားပါရစေ။
‘ဝက်ကောင်ရေခြောက်သိန်း တပြိုင်တည်း မွေးမြူသွားမဲ့ တရုတ်ပြည်က မွေးမြူရေးမိုးမျှော်တိုက်ကြီး’ တဲ့။ ခေါင်းစဉ်နှင့်ပင် အတော် စိတ်ဝင်စားစရာကောင်းရသည့်သတင်းမျိုးဖြစ်၍ ဖတ်သာကြည့်ကြပါတော့။
နောက်တစ်ပုဒ်။ ‘ မြေဆီပြတ်လတ်မှုတွေကြုံလာရဦးမယ်လို့ ကမ္ဘာ့အကြီးဆုံး မြေဩဇာကုမ္ပဏီ သတိပေး’ တဲ့။ ဘာကြောင့်လဲဆိုတာတော့ အောက်မှာဖတ်သာကြည့်ကြပါတော့။ ပျော်စရာတော့ မကောင်း။
https://bit.ly/3hhwmIk
ကျန်သေးသည်နောက်တစ်ပုဒ်။ ‘ ရုရှားက ယူကရိန်းဂျုံ ဒေါ်လာတစ်ဘီလျံဖိုး ရိတ်သိမ်းရယူသွားတယ်’ လို့ နာဆာက ဂြိုဟ်တုဓာတ်ပုံတွေကနေ သုတေသနလုပ်ပြီး စွပ်စွဲလိုက်သည့်သတင်း။ တကယ်ဆိုရင်တော့ စစ်ရာဇဝတ်မှု မြောက်သည်ဟု ဆွစ်ဇာလန်ထိပ်တန်းရှေ့နေတစ်ယောက်က သုံးသပ်ထားသည့်အကြောင်း ပါသည်။ ဒီကောင်တွေ ခက်တော့ခက်နေပြီ။
https://bit.ly/3PiNiKT
အထက်တွင် ဆိုခဲ့သည့်အတိုင်းပင်။ ဒီတစ်ပတ်တော့ ပြောစရာတွေက များလွန်းသွားသည်။ အတော်ရွေးရခက် သည့် ရက်သတ္တပတ်ပင်။ နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုက ပြီးခဲ့သည့် ၈ လတွင်း အမြင့် ဆုံးဖြစ်ခဲ့သည်ဆိုသည့်သတင်းလည်း စိတ်ဝင်စားပါသည်။ ကမ္ဘာ့ဆန်လိုအပ်ချက်က မြင့်နေသည်။ စပါးစိုက် တောင်သူတွေအတွက် ရေမြင့်ကြာတင့် ဖြစ်စေရန်သာ မျှော်လင့်မိပါသည်။ မိုးလေဝသကတော့ ဒေသအချို့တွင် ဆောင်းပီပြင်လာ၍ နောက်ပိုင်း ဖျက်မိုးများအန္တရာယ်မရှိသလောက်ဖြစ်သွားပြီဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းသည်။ ကောင်းပါသည်။
ဆိုတော့ ဒီမျှနှင့်ပဲ ဒီတစ်ပတ်အတွက် အဆုံးသတ်ပါရစေ။ အားလုံး အဆင်ပြေ ချမ်းမြေ့ကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။