တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ - အပိုင်း(၃) မြန်မာ့စိုက်/မွေး နယ်ပယ်မှာ အမျိုးသမီးများကဏ္ဍ ပိုတိုးလာစေဖို့..

07/06/2022 17:39 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

အစိမ်းရောင်လမ်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ဆောင်းပါးတပုဒ်ဖတ်လိုက်ရပါတယ်။

စိုက်/ မွေးလုပ်ငန်းတွေမှာ အမျိုးသမီးများ ပါဝင်လုပ်ဆောင်မှုကို နိုင်ငံအလိုက် ဖော်ပြထားတဲ့ဆောင်းပါးပါ..။

အဲ့ဒီမှာ အထူးသတိထားမိတဲ့ စာပိုဒ်လေးက " စိတ်မကောင်းစရာ တွေ့ရတာက စိုက်ပျိုး / မွေးမြူ ရေးလုပ်ငန်းမှာ အမျိုးသမီးအများအပြား ပါဝင်လုပ်ကိုင်နေတဲ့ နိုင်ငံအများစုက ဆင်းရဲတဲ့ နိုင်ငံတွေ ဖြစ်နေတယ်" ဆိုတာပါပဲ။

 ဒါလေးကိုမြင်တော့ စာရေးသူတို့  တောင်သူပညာပေး ဟောပြောပွဲတွေမှာ တောင်သူတက် ရောက်မှု အနေအထားကို ဖြတ်ကနဲ ပြန်မြင်မိတယ်။

သတိပြုမိသလောက်ဆိုရင် ၂၀၁၀ နောက်ပိုင်းလောက်ကစပြီးကျေးလက်စိုက်ပျိုးရေးပညာပေး ဆွေးနွေးပွဲကို တက်ရောက်သူဦးရေရဲ့ ၇၅% လောက်က အမျိုးသမီးတွေ များလာတာပါပဲ။

(မြို့ကြီးတွေမှာ ဖိတ်ကြားပြုလုပ်တဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲနဲ့ အထူးအရောင်းပွဲကလွဲရင်ပေါ့။)

နမူနာတခုကို ထုတ်နုတ်ပြသရရင် ပြီးခဲ့တဲ့တပတ်က တပ်ကုန်းမြို့နယ် အနောက်ဖျားဒေသတွေမှာ တောင်သူပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ထုံးစံအတိုင်း ၇၅%က အမျိုးသမီးတွေပေါ့လေ။

ကျန်တာတော့ သက်ကြီးရွယ်အို အဖိုးကြီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။

ဟောပြောပွဲ စ,လို့ မိတ်ဆက်စကား ပြောရင်း..

သူကြီး ခေတ်က တအိမ်တယောက် ခေါ်တဲ့ အကြောင်း ရောက်သွားတယ်။

ကျနော့ပရိသတ်ကြီး..".မိန်းမ..ဒူလာ။ ယော်ကျား..မီးယပ်" ဆိုတာ ကြားဖူးကြလား  " မေးတော့..

ခပ်သွက်သွက် အမျိုးသမီးတယောက်က..

"ကြား..ကြားဖူး ပေါင်..တော်။ ယောက်ျား..ဒူလာ။ မိန်းမ..မီးယပ်..ပဲ ကြားဖူးပါတယ်။"လို့ မျက်စောင်းလေးထိုးပြီး ပြောလာပါကော..။

ဟုတ်ပါတယ်ဗျာ..။အခုမှ ပြောင်းသွားတာပါ...လို့..။

ဒါပေမယ့် ဒီစကားက  သူကြီးခေတ်ကတည်းက..လာတာဗျ" အစချီပြီး..

သူကြီးခေတ်က တအိမ်တယောက်ခေါ်ရင် မောင်းထုရပါတယ်။ ဒူ....ဒူ...ဒူ..သုံးချက် ဆိုရင်ရွာထဲက အိမ်ထောင်ဦးစီးတွေ တအိမ်တယောက် သူကြီးအိမ်လာရပါတယ်။

တကယ်လာကြတော့ မိန်းမတွေချည်းလာတာများတော့..သူကြီးက..

ဒူ..ဆို လာပြီ..မိန်းမတွေချည်းပဲ။

နင်တို့ ယောကျာ်းတွေ အိမ်မှာ  ထမင်းချက်ရင်း မီးယပ်နေတာမို့လား..လို့ မေးပါလေကော..တဲ့။

(ထင်းမီးဖိုကို မီးတောက်အောင် ယပ်တောင်ခတ်တာကို မီးယပ်တာလို့ ခေါ်ပါတယ်။)

အခုလည်း...ကျနော့ပရိသတ်တွေမှာ၊ မိန်းမတွေများလာလို့၊၊ မိန်းမ..ဒူလာ..လို့ ပြောတာပါ။ ဆိုတော့..

အခုနက အမျိုးသမီးက ပြန်ပြောတယ်။

"အိမ်က ယောကျာ်းတွေက မီးယပ်နေလို့မဟုတ်ဘူးဆရာရေ။ တချို့က လာအို။ တချို့က မလေး။ တချို့က ထိုင်း သွားကုန်ကြပြီ။ မိန်းမနဲ့ အိုနာကျိုးကန်းပဲ ကျန်တော့တယ်.."  တဲ့။

ဆိုတော့ အခြေအနေက အဲ့ဒီလိုဖြစ်နေပြီပေါ့ဗျာ..။

ဆက်ပြောပါသေးတယ်..။

" ဒါပေမဲ့..မိန်းမတွေများလို့ အထင်တော့ မသေးနဲ့ဆရာ.. ဆေးဝယ်၊ ဆေးဖျန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဒီမိန်းမတွေ ကိုယ်တိုင်လုပ်တာပ..".တဲ့ဗျာ။

စာရေးသူတောင်. ခဏတာ.. ဆွံ့အသွားမိတယ်..။

အတွေးထဲမှာတော့ ..

- ဘိုးဘွားအမွေ၊ လယ်ယာမြေကို တောင်သူတွေ တဖြည်းဖြည်းနဲ့ ကျောခိုင်းကုန်ကြမှာလား..။

- စိုက်ပျိုးရေးနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဖို့  မလုံလောက်တော့ဘူးလား..။

- လယ်ယာလုပ်သားတွေ ရှားပါးလာရင် လုပ်ငန်းခွင် ဘယ်လိုဆက်လက် လည်ပတ်ကြမလဲ။

- ဒီပြဿနာတွေကို တာဝန်ရှိသူတွေရော  သိကြပါရဲ့လား.။

ဖြေရှင်းဖို့ နည်းလမ်းရော  ရှိကြပါရဲ့လား.. ဆိုတဲ့အတွေးတွေက.. စာရေးသူကို တဒင်္ဂ တွေဝေသွားစေပါတယ်။

ပြီးတော့မှ..အိန္ဒြေ ပြန်ဆည်ပြီး..

အမျိုးသမီးတွေများလို့ စိတ်ပျက်စရာမဟုတ်ပါဘူးဗျာ..။

မိန်းမ ဆိုတာ အိမ်ထောင်စုရဲ့ ဘဏ္ဍာရေးမှူးပဲ။

“ပုခက်လွှဲသောလက်သည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည်" လို့ အဆိုရှိတယ်မို့လား..။

စျေးကွက်စီးပွားရေးခေတ်မှာ ကဏ္ဍအသီးသီးမှာ ယောက်ျား ၊ မိန်းမ မခွဲခြားပဲ ရင်ပေါင်တန်းလုပ်နေကြပါပြီ။...အဓိက ကတော့  တယောက်ချင်းစီတိုင်းမှာ စည်းကမ်းနဲ့ နည်းလမ်း သိရှိလိုက်နာဖို့လိုတာပါပဲ လို့ အားပေးစကား ပြောတော့မှ.. 

မျက်လုံးလေးတွေ အရောင်လက်ပြီး အားတက်သရော နားထောင်လာကြပါတယ်။

ဆင်းရဲတဲ့ စိုက်ပျိုးရေးနိုင်ငံတွေမှာ အမျိုးသမီးထုတွေ လယ်ထဲဆင်းရတာ များသလို စာရေးသူတို့ဆီမှာလည်း အမျိုးသားတွေ အခြားထွက်လုပ်ပြီး အမျိုးသမီးတွေ လယ်ထဲဆင်းရတာ များလာနိုင်ပါတယ်။

ဒါပေမဲ့ အထက်က ဆိုခဲ့ပါ Green Way ဆောင်းပါးက ဂမ်ဘီယာနိုင်ငံအကြောင်းမှာဆိုခဲ့သလို အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် စီမံအုပ်ချုပ်ရေးပိုင်းနဲ့  မျိုးရွေးချယ်ရေးအပိုင်းမှာ ပိုတော်တယ်ဆိုတာက သာမန်အားဖြင့်တော့ မှန်ကန်တဲ့ဘက်မှာရှိပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအတွက် တန်းတူပညာပေးမှုနဲ့ အရင်းအမြစ်ပိုင်ဆိုင်မှုတွေသာပေးရင် စားနပ်ရိက္ခာထုတ်လုပ်မှုပိုင်းမှာ ၃၀ ရာခိုင်နှုန်းလောက်တိုးလာနိုင်တယ်လို့ ဆိုထားတာကလည်း စိတ်ဝင်စားစရာအချက်ပါ။ 

ဒါကြောင့် ကျွန်တော်တို့နိုင်ငံဟာလည်း စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက်၊ စိုက်/ မွေး  ကဏ္ဍမှာ အမျိုးသမီးများ ဦးဆောင်မှုအခန်းမှ ပါဝင်လာနိုင်ရေး ဆိုတဲ့အချက်ကို အပြည့်အဝ ထောက်ခံလိုတဲ့အတွက် ဒီဆောင်းပါးကို ရေးဖြစ်တာပါ..။

စိုက်/ မွေးကဏ္ဍ အောင်မြင်စွာ အကောင်အထည်ပေါ်ဖို့ ကျား၊ မ ဆိုတာသည် အဓိက ပြဿနာ မဟုတ်ပါဘူး။

သို့သော်..

မြန်မာနိုင်ငံရဲ့ ကျေးလက် ဒေသအများစုမှာက သမီးမိန်းကလေးဆိုရင် မူလတန်း၊ အလယ်တန်း ပညာရေး တဝက်တပျက်နဲ့ ကျောင်းထွက်။ မိသားစုစားဝတ်နေရေးအတွက်  အလုပ်ထွက်လုပ်ရတာများပါတယ်။

စိုက်/ မွေး ဆိုင်ရာ နည်းပညာတွေ လေ့လာဖို့ဆိုရင်ကျ အခြေခံပညာလည်း လိုအပ်ပါတယ်။

အနည်းဆုံး အစိမ်းရောင်လမ်း ဆော့ဝဲထဲ ဝင်ရောက်လေ့လာ မေးမြန်းတာတွေ လုပ်နိုင်ရင် တောင်မှ နည်းပညာ လိုအပ်ချက်ကို အတော်များများ ဖြည့်စွက်ပေးပြီးသား ဖြစ်စေနိုင်ပါတယ်။

ဒါထက်ပိုပြီး...အစိမ်းရောင်မှတ်တမ်းလိုမျိုးကဏ္ဍမှာ ပါဝင်နိုင်တဲ့အဆင့်ထိ ဆောင်ရွက်နိုင်ဖို့ဆိုရင်တော့..

အမျိုးသမီး စိုက်/ မွေး ကဏ္ဍ ၊ ကွင်းဆင်းပညာပေးအဖွဲ့ ကဲ့သို့ ပရဟိတ အဖွဲ့အစည်းတခုက၊ လက်တွေ့ သင်တန်းပေးပြီး အကောင်အထည်ဖော်နိုင်မှ ပိုအဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။

အိုင်တီခေတ်မို့ ဖုန်းအသုံးပြုဖို့ မခဲယဥ်းသော်ငြား လုပ်ငန်းခွင်အသုံးချနည်းပညာအတွက်ဆိုရင်တော့ စနစ်တကျသင်ကြားဖို့လိုအပ်မှာဖြစ်ပါတယ်။

ဥပမာ..

- အွန်လိုင်းမှတဆင့် စိုက်ပျိုးရေးနည်းပညာများ မေးမြန်းနည်း

- အစိမ်းရောင်လမ်းကဲ့သို့ စိုက်/ မွေးနည်းပညာ လေ့လာရန် ဆော့ဝဲများ ရယူသုံးစွဲနည်း၊

- အစိမ်းရောင်လမ်းမှတ်တမ်းများ လက်တွေ့ ရေးသွင်း အသုံးချနည်း စတာမျိုးတွေကို သုံးစွဲတတ်စေဖို့က အမျိုးသမီးများ စိုက်/ မွေးပညာ စွမ်းဆောင်ရည်မြှင့်သင်တန်းများပို့ချခြင်း.. လိုမျိုး လက်တွေ့အသုံးချ နည်းပညာသင်တန်းများ အခါအားလျော်စွာ ဖွင့်လှစ်ပို့ချဖို့လိုအပ်ပါတယ်။

စာရေးသူတို့ ကျေးလက် တောင်သူပညာပေး ဆွေးနွေးပွဲများမှာလည်း တဖြည်းဖြည်းနဲ့  အမျိုးသမီးပညာတတ်လူငယ်များ ပါဝင်လုပ်ဆောင်လာတာတော့ တွေ့ နေရပါပြီ။

လက်မှတ်ရပိုးသတ်ဆေး၊ မြေသြဇာ အရောင်းဆိုင်များမှာလည်း အမျိုးသမီးများ ဦးဆောင်လုပ်ကိုင်လာကြတာ ရှိပါတယ်။

အစိုးရမဟုတ်သော ကျေးလက်ဖွံ့ဖြိုး ရေး အသေးစား ချေးငွေလုပ်ငန်းတွေမှာလည်း အမျိုးသမီးအစုအဖွဲ့များ ပါဝင်လုပ်ဆောင်နေတာ တွေ့လာရပါတယ်။

ဒါပေမဲ့ သည်ထက်ပိုပြီး စိုက်/ မွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အမျိုးသမီးများ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပိုပြီး ပါဝင်လုပ်ဆောင်လာကြတာ‌တွေ ဖြစ်စေချင်ပါတယ်။

ဒါကြောင့် လက်ရှိ စိုက်/မွေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုပါကြောင်းနဲ့ မြန်မာ့လယ်ယာစိုက်ပျိုး/ မွေးမြူရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်