ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း

23/11/2020 18:00 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    အဘိုးအိုနှင့် သားသုံးယောက် ပုံပြင်ထဲက "ခေါင်းတစ်ရာသား စားပါ" ဆိုတဲ့ ဆုံးမစာလေးကို ကျွန်မသတိရမိတယ်။ ကျေးလက်နေသူတွေ၊ တောင်သူမိသားစုတွေအနေဖြင့်တော့ ခေါင်းတစ်ရာသားက ရင်းနှီးတဲ့ဟင်းတစ်ခွက်ဆိုရင်တောင် မမှားနိုင်ပါဘူး။ မိုးရာသီကာလမှာဆို ငါးနုတ်ငါးဖွဲကတော့ စားမကုန်၊ ရောင်းမကုန်လောက်အောင် ပေါများခဲ့တာပါ။ ပိုလျှံနေတဲ့ ငါးနုတ်ငါးဖွဲကနေ အိမ်လုပ်ငါးပိ၊ ငါးငံပြားရည်၊ ငါးဆားနယ်၊ ငါးခြောက်...ဒီလို အထားခံ (သို့) တန်ဖိုးမြင့်အစားအသောက်တွေအဖြစ် နွေနှင့် ဆောင်းရာသီအတွက်ပါ သိုလှောင်ထားတာတို့၊ ပြန်လည်ရောင်းချတာတို့တောင် ရှိခဲ့ကြပါတယ်။ 

    ထို့ပြင် ငါးနုတ်ငါးဖွဲအများစုဟာ လယ်ကွင်းတွေမှာ ပိုမိုခိုအောင်းပြီးနေထိုင်ကျက်စားတဲ့အတွက် စပါးပင်ကို အကျိုးပြုတဲ့ အချက်များစွာရှိလာပါတယ်။ ၎င်းကို ငါး-စပါးရောနှောစိုက်ပျိုးပြီး သုတေသနပြုစုထားတဲ့ အချက်တွေက သက်သေပြနေပါတယ်။ ဒါဆို စပါးကွင်းတွေထဲမှာ  ငါးတွေနေထိုင်ကျက်စားခြင်းက ဘယ်လိုအကျိုးကို ဖြစ်စေပါသလဲ?

- ငါး၏ အညစ်အကြေးများမှာ သဘာဝမြေသြဇာဓာတ်ကို တိုးမြင့်ပေးနိုင်ခြင်း

- စပါးဆစ်ပိုးကဲ့သို့ ဖျက်ပိုးများ၏သားလောင်းများကို ငါးတွေစားခြင်းဖြင့် ဖျက်ပိုးများ အရေအတွက်လျော့နည်းသွားခြင်း

- မြေကြီးလေဝင်လေထွက် ပိုကောင်းစေခြင်း

- စပါးခင်းတွင် အလင်းနှင့် အာဟာရအတွက် ယှဉ်ပြိုင်နေသော ရေညှိနှင့် ပေါင်းတချို့ကို ထိန်းချုပ်ပေးနိုင်ခြင်း

- ငါး-စပါးရောနှောစိုက်ခင်းသည် စပါးတစ်မျိုးတည်းစိုက်ခင်းထက် အထွက်နှုန်း ၂၀ ရာခိုင်နှုန်းပိုကြောင်း သုတေသနပြုချက်များမှာ တွေ့ထားရပေသည်။ ဒါ့ကြောင့် ငါးတွေဟာ စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် အကျိုးပြုနေသည်မှာ မြင်သာပါတယ်။

    သို့သော် ဒီအခြေအနေတွေ တဖြည်းဖြည်းလျော့ပါးလာတာဟာ ယခင်မိုးရာသီနှစ်ခုမှစ၍ မြင်သာလာတာကို ကျွန်မသတိထားမိလာတယ်။ ငါးဇင်ကျွဲ၊ ငါးမြွေထိုး၊ ငါးဘတ် စတဲ့ ငါးမျိုးစိတ်တွေကို ကျွန်မတို့အရပ်ဒေသမှာ မတွေ့ရတာ နှစ်ကာလအတော်ကြာပေပြီ။ ငါးနုတ်ငါးဖွဲပမာဏမှာလည်း ပိုလျှံလို့ ငါးပိ၊ ငါးငံပြာရည်လုပ်ပြီး သိုလှောင်ထားရတဲ့ကာလတွေ မရှိတော့တာ နှစ်အတန်ငယ်ရှိနေလေပြီ။ ဒီလို ပြောင်းလဲလျော့ပါးလာမှုတွေက ကျေးလက်နေတောင်သူတချို့အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ ဟုဆိုလျှင်....

- လယ်တွေမှာ ငါးတွေလျော့ပါးလာမှုကြောင့် စပါးပင်အကျိုးပြုစေသော အချက်တွေ ဆုံးရှုံးလာရတယ်

- ငါးနုတ်ငါးဖွဲစားခြင်းမှရသော သံ၊ သွပ်၊ ကယ်လ်ဆီယမ်နှင့် ဗီတာမင် A ကဲ့သို့ အရေးကြီးသော အများလိုအာဟာရဓာတ်များနှင့် ကြွယ်ဝသောပရိုတင်းဓာတ်များကို ဆုံးရှုံးလာရတယ်

- အိမ်လုပ် ငါးပိ၊ ငါးငံပြာရည်နှင့် ငါးခြောက်များအစား တာရှည်ခံဆေးတွေ၊ ဆွေးမြေ့လွယ်စေသောဓာတုပစ္စည်းတွေ ထည့်သွင်းပြုလုပ်ထားတဲ့ ငါးပိ၊ ငါးခြောက်တွေကိုဝယ်ယူ စားသုံးလာကြရတယ် 

- မီးဖိုချောင်စရိတ် ထွက်ငွေ ပိုများလာရတယ်

    ဒါကြောင့်  အကျိုးပြု၊ အသုံးဝင်သော ငါးနုတ်ငါးဖွဲနဲ့ ငါးသားပေါက်တွေ ဘာကြောင့်လျော့ပါးလာရလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မတို့ ရှာဖွေသုံးသပ်ကြည့်ဖို့ အရေးကြီးပါတယ်။

    ပထမဆုံးအနေဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုသည် အဓိကကျသောအချက်ထဲမှာ ပါဝင်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့်လေထုတို့တွင် အပူချိန်ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့တယ်။ ဒါ့ကြောင့် ငါးတွေမှာ ဇီဝကမ္မဗေဒဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်လာစေပါတယ်။ ထို့ကြောင့် ငါးများ၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို ထိခိုက်လာပြီး ရောဂါဒဏ်ခံနိုင်ရည် နည်းလာကြတယ်။ ထို့ပြင် မိုးခေါင်း၍ မိုးရေချိန်နည်းမှု၊ အပူချိန်ပြင်းမှုကြောင့် ချောင်းမြောင်းများတွင် ဆောင်းရာသီခိုအောင်းစရာ ရေများပင် ခန်းခြောက်လာကြပါတယ်။ ဒါကြောင့် ငါးမျိုးစိတ်တချို့ပါ လုံးဝပျောက်ကွယ်လာပြီး ငါးနုတ်ငါးဖွဲပမာဏမှာလည်း နည်းသထက်နည်းလာတာကို တွေ့ရပါတယ်။

    စိုက်ပျိုးရေးသုံးဓာတုဆေးဝါးများမှာလည်း ငါးများ မျိုးတုံးပျောက်ကွယ်စေနိုင်သော အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ငါး၏တစ်သျှူးများတွင် ၎င်းအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုများကို စုဆောင်းနိုင်စွမ်းရှိသောကြောင့် အစာစားချင်စိတ်ကိုဖျက်စီးကာ ကိုယ်ခံအားစနစ် လျော့နည်းစေလာပါတယ်။ စပါးပင်ဖျက်ပိုးသာမက မြေအောင်းပိုး စသဖြင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးမျိုးစုံကို ဆက်တိုက်ဆိုသလို သုံးစွဲနေရခြင်းကြောင့် လယ်ကွင်းများသာမက ၎င်းတို့မှ စီးဆင်းလာသော ချောင်း၊ မြောင်း၊အိုင် များတွင်လည်း ဓာတုအဆိပ်သင့်မှုတွေ ဖြစ်လာကြတယ်။ ထို့ကြောင့် ငါးသားပေါက်များနှင့် ငါးနုတ်ငါးဖွဲပါမကျန် မျိုးတုံးပျောက်ကွယ်မှုအန္တရာယ်ကို ကြုံတွေ့နေကြရပါပြီ။ ထို့ပြင် ထိုဓာတုအဆိပ်သင့်နေသောငါးများကို စားသုံးမိသော ငှက်များနှင့် လူများတွင်လည်း သက်ရောက်မှုရှိတာကို သတိမူသင့်ပါတယ်။ 

    ထို့ပြင် စိုက်ပျိုးနည်းစနစ်များ တိုးတက်ပြောင်းလဲလာမှုသည်လည်း ငါးများလျော့ပါးလာမှု၏ အကြောင်းရင်းထဲတွင် ပါဝင်နေပါတယ်။ ယခင် စက်မှုလယ်ယာစနစ်အဖြစ် မထွန်းကားခင်က စပါးခင်းများတွင် ရေပြတ်လတ်မှုမှာ မရှိသလောက်ရှားသောကြောင့် ငါးများကျက်စားရန် နေရာကျယ်ပြန့်ခဲ့ပါတယ်။ သို့သော် ယခုများတွင် စပါးရိတ်ခြွေစက်များ အသုံးပြုလာသောကြောင့် ရိတ်ချိန်တွင် လယ်ကွင်းထဲရှိရေများကုန်စင်အောင် ထုတ်ပစ်ကြရပေသည်။ ဒါ့ကြောင့် လယ်ကွင်းနှင့် ချောင်းမြောင်းများတွင် ရေပြတ်လတ် ခမ်းခြောက်လာခြင်းသည်လည်း အနည်းနှင့်အများဆိုသလို ငါးများလျော့ပါးလာရခြင်း အကြောင်းရင်းတစ်ခုပါပဲ။

    ထို့ပြင် ဥပဒေစိုးမိုးမှုမှာ အောက်ခြေထိ ထိထိမိမိမပေါက်ရောက်ခြင်းက တစ်ကြောင်း၊ စားဝတ်နေရေးအခြေအနေက တစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသေးမှုက တစ်ကြောင်း စသောအခြေအနေအရပ်ရပ်ကြောင့် ဘတ္ထရီရှော့တိုက်ငါးဖမ်းခြင်းများကို တရားမဝင် လုပ်ကိုင်နေကြပေသည်။ ၎င်းသည် ငါးသားပေါက်နှင့် ငါးနုတ်ငါးဖွဲများ မျိုးသုန်းလျော့ပါးလာရခြင်း အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။

    ဒါကြောင့် ကျွန်မတို့ရဲ့ စိုက်ပျိုးရေးမှာလည်း ဂေဟစနစ်တွေပြောင်းလဲလာတာနဲ့အမျှ ဆုံးရှုံးမှုတွေ၊ ထိခိုက်နစ်နာမှုတွေမှာလည်း တစ်ဆက်တည်း ဖြစ်ပေါ်နေမှာပါပဲ။ လူတွေကြောင့် ဖြစ်စေ၊ သဘာဝကြောင့်ဖြစ်စေ အကျိုးသက်ရောက်မှုတွေမှာ အပြန်အလှန်မှီတင်းနေကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့တောင်သူတွေအနေဖြင့်လည်း  ရုန်းကန်လှုပ်ရှားနေကြရတဲ့ နေ့စဉ်ဘဝတွေမှာ ဂေဟစနစ်ကို အတတ်နိုင်ဆုံး အထိခိုက် အနည်းဆုံးနည်းဖြင့် စတင်နေထိုင်သွားဖို့ လိုအပ်လာပါပြီ။

လေးစာစွာဖြင့်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်