ပဲမျိုးနွယ်ဝင် အပင်လည်းဖြစ် မြန်မာ့အမျိုးသားယဉ်ကျေးမှုပန်းလည်းဖြစ်တဲ့ ပိတောက်ပင်အကြောင်း

17/04/2025 19:31 PM တွင် Thu Ra Nyi Nyi Thu Ra Nyi Nyi မှ ရေးသား

စက္ကန့်လက်တံဟာ တစ်စက္ကန့်မှာ တစ်ကြိမ်ရွေ့ပြီး နာရီလက်တံဟာ သူ့အလုပ်အတိုင်း တစ်နာရီကျ တစ်ခါရွေ့ကာ နှစ်သစ်သို့ကူးပြောင်းခဲ့ပါပြီ။ မြန်မာတို့ရဲ့ သမိုင်းအစဉ်အဆက်ဆက်က ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ကြီးဟာလည်း ကာလအခြေနေများအလျောက် ခမ်းနားသင့်သလောက် မခမ်းနားခဲ့ပါသော်လည်း ယမန်နေ့က ပြီးဆုံးခဲ့ပါပြီ။ သင်္ကြန်ကာလအတွင်း သစ္စာရှိပန်းလေးဖြစ်တဲ့ ပိတောက်ကလည်း သူ့ရဲ့ ဝတ္တရားအတိုင်း အချိန်မှန်မှန်ပွင့်လန်းကာ လူတွေရဲ့ စိတ်နှလုံးရွှင်ပြုံးအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ကျနော်တို့မြန်မာတွေဟာ ပိတောက်ပွင့်ရင် ပျော်ကြတယ်။ ပြုံးကြတယ်။ မြတ်မြတ်နိုးနိုး ပန်ဆင်ကြ၊ မွှေးကြူကြတယ်။ ဘုရားမှာ တင်ကြတယ်။ တဦးနဲ့ တဦး မျှဝေကြတယ်။ အပျော်တွေကူးစက်ကြတယ်။ ပန်းမကြိုက်တတ်တဲ့ ယောက်ျားသားတွေတောင်မှ ပိတောက်ပန်းမြင်ရင် ပြုံးမိ ကြည်နူးမိတတ်ကြပါတယ်။ ပိတောက်ဟာ ကျနော်တို့တွေကို ပျော်စေ ပြုံးစေခဲ့တာ ကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ကျနော်တို့ရဲ့ အမျိုးသားယဉ်ကျေးမှုပန်းဖြစ်တဲ့ ပိတောက်ပန်းတို့ ပွင့်လန်းရာ ပိတောက်ပင်အကြောင်း ပြောပြချင်ပါတယ်။

ပိတောက်

ပိတောက်ပင်ဟာ ရွက်ကြွေပင်မျိုးစိတ် တစ်ခုဖြစ်ပါတယ်။ ရွက်ကြွေပင်ဆိုတာက ခြောက်သွေ့တဲ့ရာသီတွေမှာ အရွက်တွေ ကြွေကျ၊ သွေ့ခြောက်နေပြီး မိုးရာသီလို စိုစွတ်တဲ့ ချိန်ခါမျိုးမှာ ဆိုရင်တော့ စိမ်းစိုအုံ့မှိုင်းနေတတ်ပါတယ်။ ပိတောက်ပင်တွေဟာ ယေဘုယျအားဖြင့် အမြင့်ပေ ၅၆ ပေ ကနေ ၇၅ ပေ ကျော်အထိ ရှိတတ်ပြီး တချို့အခြေအနေမှာတော့ အမြင့် ပေ ၁၀၀ လောက်ထိ ရှိတတ်ပါတယ်။ 

ပင်စည်က အများအားဖြင့် ဖြောင့်စင်းနေတတ်ပါတယ်။ တချို့အခြေအနေတွေမှာတော့ ပင်စည်ခြေမှာ ကြီးမားပြီး ဖောင်းကြွတဲ့ အမြစ်ကြီးတွေ ဖြာထွက်နေတာမျိုးလဲ ရှိတတ်ပါတယ်။ နေရောင်ကောင်းကောင်းရတဲ့ လွင်တီးခေါင်လို နေရာမျိုးမှာ ပေါက်ရင် ပင်စည်တိုပြီး ကိုင်းဖြာတတ်ပါတယ်။ 

ပိတောက်ပင်က အရှေ့တောင်အာရှမှာ အရေးပါတဲ့ သစ်သားထွက်အပင် ဖြစ်ပါတယ်။ နှစ်စဉ် သစ်တန်ချိန်ပေါင်းများစွာ ပြည်ပကို တင်ပို့ကြပါတယ်။ တရုတ်ရိုးရာ ပရိဘောဂ အသုံးအဆောင်တွေလုပ်တဲ့ အဓိက သစ်သုံးမျိုးထဲမှာ ပါဝင်ပါတယ်။ လက်ရှိအခြေအနေမှာ ပိတောက်ပင်တွေဟာ သဘာဝတောထဲကနေ သစ်အလွန်အကျွံထုတ်ယူမှု၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်းကြောင့် သစ်တောပြုန်းတီးမှု စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပေါက်ရောက်ရာဒေသနှင့် ပေါက်ရောက်ပုံ

အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ စိုစွတ်ရွက်ကြွေတောနဲ့ ခြောက်သွေ့ရွက်ကြွေတောတွေမှာ တွေ့ရပြီး ကျွန်းပင်တွေနဲ့ ရောနှောပေါက်ရောက်တာကို မကြာခဏ တွေ့ရပါတယ်။ ရေစီးရေလာကောင်းပြီး မြေဆွေးဓာတ်နည်းတဲ့ သဲနုန်းမြေမျိုးကို နှစ်သက်ပါတယ်။ အပူပိုင်းမြေနိမ့်ဒေသတွေမှာ ပေါက်ရောက်ပြီး  ပင်လယ်ရေမျက်နှာပြင်အမြင့် ၈၅၀ မီတာနဲ့အထက်မှာ တွေ့ရလေ့ရှိပါတယ်။ နှစ်စဉ် အပူချိန် ၂၄ ဒီဂရီနှင့် ၃၄ ဒီဂရီစင်တီဂရိတ် ကြားရှိတဲ့ ဒေသတွေမှာ အကောင်းဆုံး ကြီးထွားနိုင်ပြီး အပူချိန် ၈ - ၄၂ ဒီဂရီ စင်တီဂရိတ်ကြား ခံနိုင်ရည် ရှိပါတယ်။ ဆီးနှင်းခဲကျတာမျိုးကိုတော့ ခံနိုင်ရည်မရှိပါ။ နှစ်စဉ် မိုးရေချိန် ၅၉ - ၁၀၀ လက်မ  ရှိတာကို နှစ်သက်ပြီး ၃၄ - ၁၉၆ လက်မ အတွင်း ရှင်သန်နိုင်ပါတယ်။ နေရောင် ကောင်းကောင်းရတာကို ကြိုက်ပါတယ်။ မြေချဉ်ငန်ဓာတ် ၅.၅ မှ ၆.၅ အတွင်း နှစ်သက်ပြီးတော့ ၅ မှ ၇.၅ အတွင်း ခံနိုင်ရည်ရှိတယ်။ အက်စစ်ဆန်သော မြေမျိုးနှင့် ဓာတ်ပြယ်နေတဲ့ (အက်စစ် - ဗေ့စ် ဓာတ်မရှိသော) မြေမျိုးမှာ ဖြစ်ထွန်းပါတယ်။

စစိုက်တဲ့နှစ်မှာ ၂ပေ မှ ၄ပေ ထိ ကြီးထွားနိုင်ပြီး ဒုတိယမြောက်နှစ်မှာ ရှိရင်းစွဲကနေ ၄ - ၇ ပေ ထပ်ပြီး ကြီးထွားပါတယ်။ 

ပန်းပွင့်ခြင်းနဲ့ အသီးသီးခြင်းက အများအားဖြင့် အပင်သက် ၅ နှစ် ကနေ ၁၀ နှစ် အတွင်း စတင်ပါတယ်။ ပဲမျိုးနွယ်ဝင် အပင်ဖြစ်တဲ့ ပိတောက်တွေဟာ အမြစ်ဖုတွေမှာ နေထိုင်ပြီး လေထုထဲက နိုက်ထရိုဂျင်ကို ဖမ်းယူပေးတဲ့ မြေဆီလွှာထဲက ဘက်တီးရီးယားတချို့နဲ့ ဆက်နွယ်မှုတွေရှိပါတယ်။ ဘက်တီးရီးယားတွေ ဖမ်းယူပေးတဲ့ နိုက်ထရိုဂျင်တချို့ကို အပင်ကြီးထွားဖို့ အာဟာရအတွက် အသုံးပြုပြီး တချို့ကိုတော့ အနီးအနားက အပင်တွေက မျှယူ သုံးစွဲပါတယ်။ 

အသုံးဝင်ပုံများ 

ပိတောက်ပင်ရဲ့ အမြစ်နဲ့ အခေါက်ကို ဆီးရောဂါဆိုင်ရာ ရောဂါတွေနဲ့ အရည်ဝမ်းသွားတာတွေမှာ ဆေးမြီးတိုအနေနဲ့ အသုံးပြုကြပါတယ်။ ပိတောက်ပင်က ရတဲ့ သစ်စေးကို အနီရောင်ဆိုးဆေး အနေနဲ့ သုံးလို့ရပါတယ်။ ပိတောက်အနှစ်သားက ဖြတ်ကာစမှာ  ကြက်သွေးရောင်၊ အုတ်နီခဲရင့်ရောင် စသည်ဖြင့် အရောင်တောက်တောက် ရှိတတ်ပြီး အနက်ရောင် အစင်းလေးတွေ ပြေးနေတတ်ပါတယ်။ လေသလပ်သွားတဲ့အခါမှာတော့ အရောင်ညို့ပြီး ညိုရွှေရွှေ ဖြစ်သွားပါတယ်။ အပြင်အကာသားကတော့ မီးခိုးရောင် ရှိပါတယ်။ အသင့်အတင့်ကြမ်း၍  အနံ့စူးစူးလေး ရှိတတ်တယ်။အသားက ကျစ်လစ်မာကျောပြီး လေးလံတာမို့  အကြမ်းခံတယ်။ ခြလည်း မစားနိုင်ပါ။ ဒါပေမဲ့ ပိုးတော့ ထိုးပါတယ်။ လွှနဲ့လွယ်လွယ် ဖြတ်မရပါ။ စူး၊ ဆောက် တို့လို လက်မှုကိရိယာတွေနဲ့ ထွင်းဖို့လဲ ခက်တယ်။ ခြောက်သွားချိန်မှာ ပိုဆိုးတယ်။ ဒါပေမဲ့ ရွေဘော်စားလို့ရတယ် ။ ကော်စွဲတယ်။ 

ကြမ်းခင်း၊ ပရိဘောဂ၊ ဘိလိယက်ခုံတွေနဲ့ သစ်သားလက်မှုအနုပညာတွေ ပုံဖော်ရာမှာလဲ သုံးတယ်။ သစ်တောပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပိတောက်ပင်ကို သုံးတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း  ဒေသမျိုးရင်း သစ်တောထူထောင်ရေး စီမံကိန်းတွေမှာဆို ပိတောက်ကို စဦးမျိုးစိတ် (Pioneer species) အနေနဲ့ သုံးကြပါတယ်။  ပိတောက်ပင်တွေကို ပြန်းတီးသစ်တောမြေတွေနဲ့ လွင်တီးခေါင်တွေမှာ တခြား အပင်မျိုးစိတ်တွေနဲ့ ရောနှာစိုက်ပျိုးခြင်းဖြင့် အပင်များကြီးထွားမြန်ခြင်း၊ အပင်အခက်အလက်များ ဖြာထွက်ပြီး လောင်းရိပ်ဖြစ်ပေါ်တာကြောင့် ပေါင်းပေါက်ရောက်မှုကို လျော့နည်းစေခြင်း၊ ငှက်နဲ့ လင်းနို့တို့လို တောရိုင်းကောင်တွေကို ဆွဲဆောင်ပြီး အစေ့များကို ဖြန့်ကျက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ်။ 

ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်းပြုလုပ်မယ်ဆိုလျှင်

များသောအားဖြင့် အစေ့အိမ်မဖယ်ဘဲ စိုက်ပျိုးပါတယ်။ 

တိုက်ရိုက်စိုက်ပျိုးနိုင်ပေမဲ့ ရေမှာ  ၁၂ - ၂၄ နာရီကြာ စိမ်ပေးရင် အပင်ပေါက် ပိုမြန်ပါတယ်။ အစေ့တွေကို ပျိုးအိမ်ထဲတွင် ဘောင် သို့မဟုတ် ပျိုးခွက်ထဲမှာ ပျိုးထောင်ပါ။ 

၁၁ ရက်ခန့်ကြာပြီးနောက် အပင်ပေါက်ခြင်း စတင်ပြီး ၆၄ ရာခိုင်နှုန်းခန့် ပေါက်ပါတယ်။ 

အစေ့တွေကို အစေ့အိမ်ထဲက ထုတ်ပြီး စိုက်ပျိုးရင် ၅ရက်အတွင်း ၇၀ ရာခိုင်နှုန်းနဲ့အထက် အပင်ပေါက်နှုန်းရှိပါတယ်။

မူလရွက်တွေ ဖွံ့ဖြိုးလာရင် ပျိုးအိတ်ထဲသို့ ပြောင်းထည့်ပါ။

ပျိုးပင်တွေကို အပင်သက် ၁ နှစ်ကြာ ၁ ပေ အရွယ်တွင် နေရာအတည်တကျသို့ ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။

အစေ့တွေကို နှစ်ပေါင်းများစွာတိုင်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။ မြေပြင်ပေါ်မှာ ကြွေကျနေတဲ့ အစေ့က အပင်ကနေ တိုက်ရိုက်ခူးတဲ့ အစေ့တွေထက် ပိုပြီး အပင်ပေါက်နှုန်းကောင်းပါတယ်တဲ့။

ပိတောက်အကြောင်းကတော့ ဒီလောက်ပါပဲ ခင်ဗျာ။ 

“နှစ်သစ်မှာ ရေလို အေးမြပါစေ။ ပိတောက်လို မွှေးကြပါစေ”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်