အနည်းလိုအာဟာရ ချို့တဲ့သည့်အခြေအနေကိုသိရင် ပြဿနာရဲ့ အဖြေရှာတာ လွယ်ကူတယ်။ အာဟာရ တစ်ခုချင်းစီ ရဲ့ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဘိုရွန်(Boron)
ဘိုရွန်ကို မိုးများလွန်းရင် မြေကရေစိမ့်ဆင်းမှု (Leaching) များရင် အပင်ကရနိုင်မှု နည်းသွားတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုက ချို့တဲ့မှုဖြစ်စေတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းသိမ်းနိုင်တဲ့ ဩဂဲနစ်ပစ္စည်းများကို သုံးစွဲဖို့လိုတယ်။ ဘိုရွန်လိုအပ်ချက်ဟာ သီးနှံအလိုက် ကွဲပြားခြားနားတယ်။ သုံးတာများသွားရင် အဆိပ်သင့်တယ်။ နည်းပြန်ရင်လည်း အာနိသင်မပြဘူး။ ဒီအခြေအနေ (၂) ခုကြား ကွာဟချက်(gap) ကလည်း ကျဉ်းလွန်းတယ်။ ဒီတော့ဘိုရွန်ပါတဲ့ မြေဩဇာ သုံးရာမှာ အထူးသတိပြုရပါမယ်။
၂။ ေကာပါး (Copper)
ဩဂဲနစ်များတဲ့မြေ၊ မြေတွေမှာ ဩဂဲနစ်က ကောပါးကို ထိန်းချုပ်ထားတဲ့အတွက် အပင်ကရနိုင်မှု နည်းသွားတယ်။ သဲဆန်မြေကျတော့လဲ အာဟာရထိန်းတာနည်းတော့ ကောပါးချို့တဲ့တယ်။ စနယ်မြေတွေမှာတော့ ကော့ပါးချို့တဲ့မှု နည်းတဲ့ အလားလာရှိပါတယ်။ မြေထဲမှာ ရှိတဲ့ဓာတ်တွေဖြစ်တဲ့ သံ၊ မင်းဂနိနဲ့ အလူမီနီယံတွေကလည်း ကောပါးနဲ့ မျှတစွာမပါရင်၊ ကောပါးရနိုင်မှု နည်းပါးတယ်။ ဒါကြောင့် ကောပါးပါတဲ့မြေဩဇာတွေ သုံးနိုင်ဖို့လိုပါတယ်။
Copper sulphate ကိုအများဆုံးသုံးပါတယ်။ ပျော်ဝင်မှုကောင်းလို့ မြေမှာထည့်ထည့်၊ အရွက်ကပေးပေး အဆင်ပြေပါတယ်၊ အကျိုးသက်ရောက်မှုများတာ ကုန်ကျစရိတ်သက်သာတာ၊ ကိုင်တွယ်ရာမှာ လွယ်ကူတာနဲ့ ရနိုင်မှု လွယ်ကူတာတွေက Sulphate ရဲ့ အားသာချက်ဖြစ်တယ်။ Oxide ပုံစံတွေက ပျော်ဝင်မှု sulfate လောက်မကောင်းပါ။ တစ်ယူနစ် တန်ဖိုးတွက်ရင်တော့ sulfate ထက်သာပါတယ်။ ကောပါးဟာ အခြားအနည်းလိုအာဟာရတွေလိုဘဲ သုံးတာများရင် လောင်တတ်ပါတယ်။ သုံးတာများရင် အပင်က သံဓာတ်ရနိုင်မှုကို လျော့နည်းစေပါတယ်။
၃။ သံဓာတ် (Iron)
မြေကြီထဲမှာ ဖေါ့စ်ဖိတ် (P) များနေရင် ဒါမှမဟုတ် မြေချဉ်ငံကိန်းများနေရင် မြေပြုပြင်ရာမှ ထုံးထည့်တာများသွားရင် မြေကြီးထဲမှာ ဘိုင်ကာဘိုနိတ်တွေများနေရင် သံဓာတ်ချို့တဲ့မှုဖြစ်စေတယ်။ သံဓာတ်ကို အရွက်က ဒါမှမဟုတ် မြေကြီး က ထည့်ပေးနိုင်တယ်။ Iron sulphate ကဲ့သို့ ပျော်ဝင်နိုင်တဲ့အာဟာရကို မြေမှာထည့်ပေးတာတောင် မြေအခြေအနေ အရ အဆင်မပြေရင် ဓာတ်ပြိုကွဲပြီး အပင်ကမရနိုင်တဲ့သံဓာတ်ပုံစံ ဖြစ်သွားသေးတယ်။ ဒါကြောင့် သံဓာတ်ကို အရွက်ကပေးတာက ပိုအဆင်ပြေတယ်။ သစ်သီးသစ်ပင်တွေမှာ သံဓာတ်ချို့တဲ့ရင် ပင်စည်အကိုင်းအခက်ထဲကို သံဓာတ်ကို တိုက်ရိုက်ထိုးထည့်ပေး (Injectiion) လို့ရတယ်။ သီးနှံပင်ရဲ့ အမြစ်ဝန်းကျင် မြေချဉ်ငံကိန်း အခြေအနေကို သံဓာတ်ပျော်ဝင်ရရှိနိုင်တဲ့ အနေအထား ပြောင်းလဲပေးရင်လည်း သံဓာတ်ချို့တဲ့မှုကို ကုစားနိုင်ပါတယ်။ ကန့်ပါတဲ့ ပစ္စည်းတွေကို သီးနှံအမြစ်ဝန်းကျင်မှာ ထည့်ပေး(band) တာဟာ အပင်က သံဓာတ်ကို ပိုရစေပါတယ်။
၄။ မင်းဂနိ (Manganese)
ဩဂဲနစ်များတဲ့မြေ၊ မြေချဉ်ငံကိန်းမြင့်တဲ့ မြေတွေမှာ ချို့တဲ့တာများတယ်။ တခြားအာဟာရတွေ (သံ၊ မက်ဂနီစီယံ နဲ့ ကယ်လ်စီယံ) မျှမျှတတ မြေထဲမှာ မရှိရင် (Imbalace) ဖြစ်ပြီး အပင်ကရရှိမှု နည်းသွားပါတယ်။ အေးမြေစိုစွတ်တဲ့ ရာသီ၊ ရေဝပ်တဲ့မြေတွေမှာ မင်းဂနိချို့တဲ့မှုရှိပါတယ်။ မြေကပြန်ဖြန့်သွားရင် ရာသီက ပူနွေးတဲ့ဘက် ပြောင်းလာရင် မင်းဂနိရရှိနိုင်မှုက တိုးတက်လာပါတယ်။ မြေချဉ်ငံကိန်းကို (၆.၅) အောက် ရောက်အောင် ကန့်ပါတဲ့ ပစ္စည်းတွေ မြေထဲမှာထည့်ပေးရင် မင်းဂနိရရှိမှု ပိုလာပါတယ်။ ပဲပုတ်မှာ မင်းဂနိချို့တဲ့မှုရှိနေတာကို တစ်ဧက Mnso4 ၁၀ပေါင် နှုန်းနဲ့ spray လုပ်ပေးတာ အဆင်ပြေပါတယ်။ မြေချဉ်ငံကိန်း အလွန်နိမ့်သွားရင် (PH<5) မင်းဂနိအဆိပ်သင့်မှု ရရှိနိုင်တာ သတိထားရပါမယ်။
၅။ မိုလစ္ဒီနံ (Molybdenum)
မြေချဉ်ငံကိန်း (PH) မြင့်လာရင် မိုလစ်ဒီနံပိုရလာတယ်။ ချဉ်တဲ့မြေမှာ ရှိနိုင်မှုနည်းပါတယ်။ သဲဆန်တဲ့မြေမှာ စနယ်မြေထက် မိုလစ်ဒီနံရနိုင်တာနည်းတယ်။ ဖော့စဖိတ် များများသုံးတဲ့မြေတွေမှာ မိုလစ်ဒီနံရတာများနိုင်ပြီး ကန့် (S) သုံးတဲ့မြေတွေမှာ ရတာနည်းသွားတယ်။ အမိုနီယံ ဆာလ်ဖိတ်မြေဩဇာသုံးတာ များရင်တော့ မိုလစ်ဒီနံချို့တဲ့တာ ပိုဆိုးလာမှာဖြစ်တယ်။ မြေကအချဉ်ဘက်ယိုင်နေရင် မိုလစ်ဒီနံရတာ နည်းတယ်။ ဒါကြောင့် ချဉ်တဲ့မြေမှာ မိုလစ်ဒီနံ ရတာများဖို့ ထုံးထည့်မြေပြင်ပေးဖို့ လိုတယ်။ မိုလစ်ဒီနံ စားသုံးတာများရင် စားကျက် တိရစ္ဆာန်တွေမှာ ကျွဲ၊ နွားတွေ မှာ ဝမ်းပျက်ဝမ်းလျော ဝေဒနာခံစားရတယ်။ (Severe diarrhea) အပင်တွေမှာလဲ စားသုံးမှုများရင် အထွက်လျော့ တယ်။ မိုလစ်ဒီနံကို NPK နဲ့ရောသုံးတယ်။ ရွက်ဖြန်းအနေနဲ့သုံးတယ်။ မျိုးစေ့နဲ့ နယ်လူးစိုက်တယ်။
၆။ သွပ် (Zinc)
မြေငန်မှာ အပင်က ဇင့်ရနိုင်တာနည်းတယ်။ ဖော့စဖိတ်သုံးတာများတဲ့ မြေမှာဇင့်ချို့တဲ့တယ်။ ဩဂဲနစ်ပစ္စည်းကလည်း သွတ်ဓာတ်ကို ထိန်းထားတတ်တယ်။ တိရစ္ဆာန်အညစ်အကြေး ထည့်ထားများတဲ့ မြေမှာ ပိုမိုသိသာပါတယ်။
ရေပျော်နိုင်တဲ့ဇင့်ပါဝင်မှု ၄၀-၅၀% ရှိတဲ့ ဇင့်မြေဩဇာဟာ ဇင့်ချို့တဲ့တဲ့ပြဿနာဖြေရှင်းရာမှာ အကောင်းဆုံး ဖြစ်ပါ တယ်။
၇။ ကီလိတ် (Chelate) မြေဩဇာများ
ကီလိတ် (Chelate) က ဂရိဝေါဟာရ Chela လာတဲ့စကားလုံးဖြစ်တယ်။ အဓိပ္ပာယ်ကတော့ ညှပ် (Claw)လို့ ရပါတယ်။ အဲ့ဒီမြေဩဇာမှာ သံ၊ သွပ်၊ ကော့ပါးစတဲ့ သတ္တု အာဟာရတွေကို ကီလိတ်က ဝိုင်းရံပြီး ညှပ်ထားတဲ့ အတွက်မြေမှာ ထည့်တဲ့အခါ မြေနဲ့သတ္တုနဲ့ ဓာတ်ပြုပြိုကွဲသွားတာ မဖြစ်ဘူး။ ကီလိတ်က ထိန်းထားတယ်။ အပင်က လိုတဲ့အခါမှာ ကီလိတ်က ညှပ်ကိုလျော့လိုက်သလို ဖြစ်စေလို့ အပင်ကအာဟာရကို ကောင်းစွာရတယ်။ အများဆုံး သုံးတဲ့ ကီလိတ်ကတော့ EDTA ဖြစ်တယ်။ သူ့ထက်ကောင်းတာက EDDHA ဖြစ်တယ်။ ကီလိတ်က အသုံးတည့် ထိရောက်ပေမယ့် ဈေးကကြီးလို့ ဈေးကောင်းရတဲ့သီးနှံ၊ ပန်းမန်နဲ့သစ်သီးပင်တွေမှာ သုံးစွဲတာ များပါတယ်။
ဦးကျော်စိုး (Soil Scientist)