ရွက်ဖျန်းအားဆေး (ရွက်ဖျန်းအာဟာရရည်များ) ရဲ့ ကောင်းကျိုးအာနိသင်များ

22/05/2018 16:24 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     “အပင်တစ်သျှူးများရဲ့ ၉၆% ကို ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ ကာဗွန်နဲ့ ဖွဲ့စည်းထားပြီး ကျန် ၄% ကို  N-P-K ပမာဏ ၂.၇ %  နဲ့ အခြားသော အနည်းလို အာဟာရဒြပ်စင်များ ၁.၃% နဲ့ ဖွဲ့စည်းထားပါတယ်။”

ရွက်ဖျန်းအားဆေးဆိုတာ ဘာလဲ??

    အပင်ကိုအာဟာရများရရှိအောင် အရည်ပုံစံနဲ့ ဖျန်းပက်ကျွေးရတဲ့ အရည်မှန်သမျှကို ရွက်ဖျန်း အပင်ကြီးထွားအားဆေးလို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ယနေ့ခေတ်မှာ တွင်ကျယ်စွာသုံးနေကြတဲ့ ရွက်ဖြန်းဆေးရည်ပြင်းများမှာတော့ N-P-K အာဟာရဓါတ်များကို လိုချင်တဲ့ အချိုးအစားနဲ့ အပင်က လျှင်မြန်စွာ စုပ်ယူနိုင်အောင် ခေတ်မီစွာ ဖော်စပ်ထားပြီးဖြစ်လို့ ရေနဲ့ရောစပ်ကာ အလွယ်တကူဖျန်းလိုက်ရုံပါပဲ။ မြေအတွင်း ကြဲပက်/ထည့်သွင်းကျွေးရတဲ့ မြေသြဇာအတုံးအခဲများလို အပင် မှ လွယ်ကူလျင်မြန်စွာ မစုပ်ယူနိုင်တဲ့ ပုံစံအဖြစ်နဲ့ရှိနေမှာ၊ သွင်းရေထုတ်ရေတို့နဲ့အတူ ပျော်ဝင် ဆုံးရှုံးသွားမှာလည်း ပူပန်စရာမလိုပါ။ N-P-K တို့အပြင် အပင်ကြီးထွား လှုံ့ဆော်ဟော်မုန်းများ နဲ့ ဗီတာမင်များ၊ အနည်းလိုအာဟာရဓါတ်များပါ ထည့်သွင်းပြီးဖြစ်တာမို့ အဖက်ဖက်က ပြည့်စုံ လှပါတယ်။ မိမိဖျန်းလိုတဲ့ အပင်ပေါ်မူတည်ပြီး အချိုးအစားမျိုးစုံနဲ့  ပုံစံမျိုးစုံ ရရှိနိုင်ပါတယ်။ 

    အပင်ဖွံ့ဖြိုးကြီးထွားမှု အဆင့်အလိုက် အာဟာရလိုအပ်ချက် မတူညီတာကြောင့် မိမိဖျန်းလိုတဲ့ ပမာဏပေါ်လိုက်ပြီး မိမိနှစ်သက်သလို ဖော်စပ်လို့လည်း ရနိုင်ပါတယ်။ ဥပမာ - မိမိက အရွက် ကို ပိုမိုကြီးထွားစေလိုပါက P နဲ့ K တို့ထက် N ပမာဏကို တိုးမြှင့်ဖျော်စပ်နိုင်သလို အပွင့်အသီး အတွက် ရည်ရွယ်ဖျန်းလိုပါက N ပမာဏထက် P နဲ့ K တို့ရဲ့ပမာဏကို တိုးမြှင့်ဖျော်စပ် နိုင်ပါတယ်။ ဥပမာ - သင်္ဘောပင်စိုက်ခင်း တစ်ခုဆိုကြပါစို့၊ အပင်ငယ်စဉ် အရွက်ဖြစ်ပေါ်ချိန်မှာ အရွက်များ ကျန်းကျန်းမာမာနဲ့ ဝေဝေဆာဆာ ကြီးထွားနိုင်စေဖို့ N ကို ပမာဏပိုများတဲ့ အချိုး အစားနဲ့ ဖျန်းသင့်ပြီး အဖူးအပွင့်ဖြစ်ပေါ်တဲ့အဆင့်ကို ရောက်ပြီဆိုရင်တော့ အသီးအားကောင်း စေဖို့ P နဲ့ K ပမာဏ ပိုမိုအားသာတဲ့ ဖျော်စပ်ပုံအချိုးနဲ့ ကျွေးသင့်ပါတယ်။ 

ရွက်ဖျန်းဆေးနဲ့ သီးနှံအထွက်နှုန်း

     သီးနှံပင်အထွက်ကို သိသိသာသာတိုးစေတဲ့ နည်းကတော့ ရွက်ဖျန်းအားဆေးများ ဖျန်း၊ ကျွေး ခြင်းပဲ ဖြစ်ပါတယ်။ မြေအတွင်း ထည့်ကျွေးခြင်းထက် ဖျန်းပက်ကျွေးခြင်းက အထွက်ကို ၁၂% မှ ၂၅%ထိ ပိုမိုကောင်းစေတယ်လို့ သုတေသနညွှန်းကိန်းများအရ သိရှိရပါတယ်။ 

    မတူညီတဲ့ မြေအနေအထားနဲ့ ကွဲပြားတဲ့ ရာသီဥတုအခြေအနေတွေမှာ လေ့လာပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်များအရ

     • မြေသြဇာကို ရွက်ဖျန်းရည်အနေနဲ့ အသုံးပြုပါက ဖျန်းလိုက်တဲ့ပမာဏရဲ့ ၉၀%အထိ အကျိုး ရှိစွာ စုပ်ယူအသုံးချနိုင်ပြီး မြေထဲကိုတိုက်ရိုက် ကျဲပက်ထည့်သွင်းခြင်းနည်းနဲ့ သုံးမယ်ဆိုရင် တော့ ပျမ်းမျှ ၁၀% သာလျှင် အပင်က စုပ်ယူအသုံးချလိုက်နိုင်ပါတယ်။ ကျန်၉၀%ခန့်သော ပမာဏများဟာ အငွေ့ပျံဆုံး ရှုံးခြင်း၊ မြေအတွင်းရှိ Clay minerals လို့ခေါ်တဲ့ ရွံ့လွှာများအ တွင်း ပိတ်မိသွားပြီးနောက် အပင်မှ ရယူစားသုံးရန် ခက်ခဲသွားခြင်း၊ သွင်းရေထုတ်ရေများနဲ့ အတူ ပျော်ဝင်စီးဆင်း/ စိမ့်ဆင်းကာ စိုက်ပျိုးမြေအတွင်းမှ ပျောက်ဆုံးသွားခြင်းများအပြင်၊ နောက်ဆက်တွဲ ပြသနာများအနေနဲ့ သဘာဝလေထု၊ ရေထု ညစ်ညမ်းခြင်းတို့ဖြစ်စေပါတယ်။ 

     • သဲဆန်တဲ့မြေများမှာဆိုလျှင် မြေသြဇာအဖြစ် မြေထဲသို့မကျွေးဘဲ၊ ရွက်ဖျန်းအဖြစ် အပင်ကို တိုက်ရိုက်ပက် ဖြန်းခြင်းက အဆ၂၀ ပိုမိုထိရောက်စေပါတယ်။

     • မြေအတွင်းအစိုဓါတ် နည်းနေချိန်မှာဆိုရင် အပင်မြစ်များက အာဟာရဓါတ်များကို အပြည့်အဝ မစုပ်ယူနိုင်သောကြောင့် ရွက်ဖျန်းအဖြစ် ပက်ဖြန်းခြင်းက ပိုမို အကျိုးရှိစေပါတယ်။ 

 ရွက်ဖျန်းဆေးနဲ့ အပင်ရဲ့အသုံးချမှုစွမ်းရည်

     ရွက်ဖျန်းမြေသြဇာကို အပင်တစ်ပင် မည်မျှအကျိုးရှိစွာ အသုံးချနိုင်သလဲဆိုတဲ့အချက်ဟာ 

    • ယင်းအပင်ရဲ့ အရွက်မျက်နှာပြင်အကြီးအသေး၊ 

     • အရွက်ကိုဖုံးအုပ်ထားတဲ့ အရေပြားဖယောင်းလွာလေးရဲ့ ကျန်းမာမှု၊

     • ဖျန်းလိုက်တဲ့ဆေးရဲ့ အာနိသင်ဟာ အရွက်မျက်နှာပြင်မှာ မည်မျှ အချိန်ကြာကြာ အာနိသင် မပျက်ပြယ်ဘဲ တည်ရှိနေနိုင်သလဲဆိုတဲ့ အချက်၊

     • ဆေးရည်ရဲ့ အပင်ဆဲလ်များအတွင်းသို့ ပျံ့ရောလွယ်ခြင်း၊ မလွယ်ခြင်းဆိုတဲ့ အချက် (ဆေးရည် ဟာ ပြင်းအားများရာကနေ နည်းရာကို ပျံ့ရောတဲ့ သဘောအာနိသင်ရှိပါတယ်။ ဥပမာ - အရွက် တစ်ခုကို ဆားရည်စိမ်ပါက ဆားရည်ရဲ့ ပြင်းဆဟာ အရွက်ထဲက ရေဓါတ်ရဲ့ ပြင်းဆထက် များ တာကြောင့် အရွက်ထဲက ရေဓါတ်ဟာ ဆားရည်ထဲကို စိမ့်ထွက်လာပြီး အရွက်ဟာ ညိုးရောသွား ပါမယ်) နဲ့ 

     • ဖျောစပ်မှု ပုံစံများ စသည်တို့ပေါ်မူတည်ပြီး  ကွဲပြားနိုင်ပါတယ်။ 

    ဒါကြောင့် ရွက်ဖျန်းဆေးရည်အနေနဲ့ သုံးတော့မယ်ဆိုရင် ရေမှာမပျော်ဝင်နိုင်တဲ့ ဆေးမှုန့်များ၊ အဆီသဘောသဘာဝရှိတဲ့ ဆေးများထက် ရေမှာပျော်ဝင်လွယ်တဲ့ ဆေးများကို ရွေးချယ်သုံးကြဖို့ တိုက်တွန်းလိုပါတယ်။ ဖျန်းတဲ့အခါမှာလဲ အမှုန်ရဲ့အရွယ်အစား အသေးဆုံးဖြစ်စေမယ့် နော် ဇယ်လ်ခေါင်းများကို ရွေးချယ်သင့်ပါတယ်။ ဆေးမှုန်များ ထွက်ရာအရပ်ဟာ အပင်နဲ့ ၉၀ ဒီဂရီ ထောင့်ချိုးအတိုင်း ရှိနေသင့်ပါတယ်။

Source - မိုးအိမ် (Bag 2008’)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်