စက်မှုတော်လှန်ရေး ၄.၀ (Industry Revolution 4.0) ဟူသော ဝေါဟာရနှင့်အတူ စိုက်ပျိုးမွေးမြူရေး ၄.၀ (Agriculture 4.0) ဟူသော ဝေါဟာရသည်လည်း ၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် အလွန်အရေးကြီးသော ဝေါဟာရ တစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးမွေးမြူရေးနိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားများ အနေဖြင့် စိုက်ပျိုးမွေးမြူရေး ၄.၀ ဟူသည်မှာ အဘယ်နည်းဟူသည်ကို သိရှိထားရန် လိုအပ်ပါသည်။ စိုက်ပျိုးမွေးမြူရေး ၄.၀ သည် စိုက်ပျိုးမွေးမြူရေးသမားများအတွက်သာ မဟုတ်ဘဲ နိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသား အားလုံးနှင့် သက် ဆိုင်ပါသည်။ အဘယ်ကြောင့်နည်း။
လူဦးရေ သန်းပေါင်း ၈၀၀၀ ကျော်ရှိသော ယနေ့ကမ္ဘာတွင် လူဦးရေ ၇၃၃ သန်းခန့်မှာ လုံလောက်သော အစာအာဟာရ မရရှိကြဘဲ ငတ်မွတ်ခေါင်းပါးနေကြရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (UN FAO) က လာမည့် သက္ကရာဇ် ၂၀၅၀ တွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီလျံ (သန်းပေါင်းတစ်သောင်း) ခန့်ဖြစ် လာမည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာမြေပေါ်တွင် ယနေ့ထက်လူဦးရေ သန်းပေါင်း ၂၀၀၀ ခန့် ပိုမိုများပြား လာမည်ဆိုသည့် သဘောဖြစ်ပါသည်။ လတ်တလောတွင် လူဦးရေ သန်းပေါင်း ၈၀၀၀ တွင် ၇၃၃ သန်း မှာ စားနပ်ရိက္ခာ ဖူလုံပြည့်စုံမှုမရှိသည့် အခြေအနေတွင် ရှိနေရာ လူ ၁၁ ယောက်တွင် ၁ ယောက်နှုန်းမှာ နေ့စဉ် ဆာလောင်မွတ်သိပ်စွာ အိပ်ယာဝင်နေကြရသည့် သဘောဖြစ်ပါသည်။ ထိုအခြေအနေမျိုးတွင် နောက်ထပ် လူဦးရေသန်းပေါင်း ၂၀၀၀ ခန့် ထပ်မံရောက်ရှိလာမည်ဆိုပါက စားနပ်ရိက္ခာဖူလုံမှုကို မည်မျှအထိ ခြိမ်းခြောက်နိုင်မည်ကို တွေးဆကြည့်ရမည် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အစားအသောက်များ (အထူးသဖြင့် မွေးမြူရေးထုတ်ကုန် အသားဓာတ်များ) ကို ပိုမိုစားသောက်လာကြမည် ဖြစ်သည်။ လူဦးရေ တိုးလာသလို၊ တစ်ဦးချင်းစီ၏ စားသုံးမှုမှာလည်း မြင့်မားလာမည်ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်လာမည် ဖြစ်ပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ၂၀၅၀ ခုနှစ်တွင် စားသောက်ကုန်လိုအပ် ချက် ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၀၉ ခုနှစ်က (လူဦးရေ သန်း ၇၀၀၀ ခန့် ရှိချိန်က) ထုတ်လုပ်မှုထက် ၇၀% ပိုမို ထုတ်လုပ်ရန် လိုအပ်မည်ဟု ခန့်မှန်းထားပါသည်။ သို့ရာတွင် တစ်ကမ္ဘာလုံး၏ စိုက်ပျိုးမွေးမြူရေးမှာ ၂၀၂၂ ခုနှစ် စာရင်းဇယားများအရ စုစုပေါင်းထုတ်လုပ်မှု တန်ဖိုး (Global GDP) ၏ ၄.၂၅% သာရှိတော့သည်ကို သတိပြုရမည် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း လူဦးရေထူထပ်လာခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန်အတွက် မြေယာ ရှားပါးလာခြင်း၊ သဘာဝရင်းမြစ် (natural resources) များ ခမ်းခြောက်လာခြင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်လာခြင်းနှင့် စားသောက်ကုန်များ လေလွင့်ဆုံးရှုံးခြင်း အစရှိသည့် စားနပ်ရိက္ခာဖူလုံမှုအပေါ် ခြိမ်းခြောက်လာသည့် အချက်အလက်များက ရှိနေပြန်ပါသည်။ စားနပ်ရိက္ခာကို တိုး၍ ထုတ်လုပ်ရမည့် တပြိုင်နက်တည်းတွင် ကမ္ဘာမြေကြီးအား ထိန်းသိမ်းစောင့်ရှောက်ရမည့် အလုပ်က ရှိနေပြန်ပါသည်။ လက်ရှိတွင် ပျက်ယွင်း ပြီးသား သဘာဝအရင်းအမြစ်များကို ပြန်လည်ပြုပြင် ဖြည့်စည်းရမည် ဖြစ်သကဲ့သို့ ထပ်မံပျက်စီးယိုယွင်းခြင်း၊ လျော့ပါးခြင်း မရှိရအောင် ကာကွယ်ရမည့် တာဝန်ကလည်း ရှိနေပါသေးသည်။ စာနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ထုတ်လုပ်မှုမြင့်တင်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို ကာကွယ်ခြင်းတို့သည် ထိပ်တိုက်တွေ့ရလေ့ရှိသည့် ဆန့်ကျင်ဘက် ပဋိပက္ခများ ဖြစ်နေတတ်ပါသည်။
ထို့ကြောင့် “လက်ရှိအခြေအနေကို ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ လာမည့် ၂၅ နှစ် ခရီးကို ဆက်သွားနေပါက ၂၀၅၀ တွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ ကို လုံလောက်အောင် ကျွေးမွေးနိုင်ပါမည်လား” ဟူ သော မေးခွန်း ပေါ်ထွက်လာပါသည်။ အဖြေက ရှင်းပါသည်။ “ယခုထုတ်လုပ်မှုအတိုင်းဆိုလျှင် ဘယ်လိုမှ မဖြစ်နိုင်ပါ” ဟူသော အဖြေ ပင်ဖြစ်ပါသည်။
ထိုသို့ဆိုလျှင် “လူဦးရေ ၁၀ ဘီလီယံ အတွက် စားနပ်ရိက္ခာလုံလောက်အောင် ဘာလုပ်ကြမည်နည်း” ဟူ သော မေးခွန်း ထပ်မံပေါ်ထွက်လာမည်ဖြစ်ပါသည်။ ပို၍တိတိကျကျ မေးနိုင်သည့်မေးခွန်းမှာ “လူဦးရေ ၁၀ ဘီလီ ယံ ကို အာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် မည်ကဲ့သို့သော အပြောင်းအလဲများ ဆောင်ရွက်သင့်သနည်း” ဟူသော မေးခွန်းဖြစ်ပါသည်။
လက်ရှိစိုက်ပျိုးမွေးမြူရေးစနစ်များတွင် ခေတ်မီနည်းပညာများ၊ တီထွင်ဆန်းသစ်မှုများကို ဖြည့်စွက်ပေး ခြင်းဖြင့် ထုတ်လုပ်မှုစရိတ်ကို လျှော့ချနိုင်ပြီး၊ သဘာဝအရင်းအမြစ်များကို ကာကွယ်နိုင်ကာ ထုတ်လုပ်မှု မြင့်မားစေနိုင်မည်ဟု ပညာရှင်များက ယုံကြည်ကြပါသည်။ ယင်းသို့ ခေတ်မီနည်းပညာများ၊ တီထွင်ဖန်တီးမှုများဖြင့် စိုက် ပျိုးမွေးမြူရေးအား အဆင့်မြှင့်တင်ပေးခြင်းကို “စိုက်ပျိုးမွေးမြူရေး ၄.ဝ” ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
တချိန်က စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ ရေများကို စိုက်ခင်းအတွင်းရှိ အပင်အားလုံးထံသို့ ပြန့်ပြန့်နှံ့နှံ့ရောက်ရှိစေရေးအတွက် နည်းပညာများ တီထွင်ဖန်တီးခဲ့ကြပါသည်။ စိုက်ပျိုးမွေးမြူရေး ၄.၀ တွင်မူ တစ်ကွင်းလုံးရှိ အပင်များအားလုံးထံသို့ သွင်းအားစုများ ရောက်ရှိသွားရေးထက် အပင်တစ်ပင်ချင်းစီ၏ သွင်းအားစုလိုအပ်ချက်များကို တိတိကျကျ ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာများကို အသုံးပြုလာကြတော့မည် ဖြစ်ပါသည်။ ထိုသို့ အပင်တစ်ပင်ချင်းစီ၊ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ လိုအပ်ချက်ကို တိတိကျကျ ဖြည့်ဆည်း ပေးခြင်းဖြင့် လေလွင့်ဆုံးရှုံးမှုကို လျော့ကျစေကာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်းသွားစေမည်ဖြစ်ပါ သည်။ တစ်ဖက်တွင်လည်း အပင်၊ တိရစ္ဆာန်များအနေဖြင့် လိုအပ်ချက်အတိုင်း မှန်ကန်တိကျသည့် သွင်းအားစုနှင့် ပြုစုစောင့်ရှောက်မှုကို ရရှိသဖြင့် ထုတ်လုပ်မှုကို တိုးတက်မြင့်မားစေပါသည်။ အခြားတစ်ဖက်တွင် ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေး စသည်တို့ကို လိုအပ်သလောက်သာ တိတိကျကျ အသုံးပြုခြင်းဖြင့် သဘာဝအရင်းအမြစ်များအား ထိခိုက်ပျက်စီးမှုကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။
ယင်း၏ အကျိုးဆက်အနေဖြင့် တချိန်က အပင်စိုက်၍ မရသည့်ဒေသများတွင် အပင်များ စိုက်ပျိုးလာနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ရေရှားပါးသည့် ဒေသတွင် ယခင်က ရေမလုံလောက်သဖြင့် အပင်စိုက်ပျိုး၍ မရပါ။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေး ၄.၀ တွင်မူ ယင်းဒေသများတွင်ပင် အနည်းငယ်မျှသာရရှိသော ရေကို နည်းပညာဖြင့် အလွန်အကျိုးရှိစွာအသုံးချပြီး အပင်များ စိုက်ပျိုးလာနေကြပြီ ဖြစ်ပါသည်။ အပင်တစ်ပင်ချင်းစီ ၏ အာဟာရဓာတ်နှင့် ရေလိုအပ်ချက်ကို တွက်ချက်ကာ ယင်းအာဟာရဓာတ်များနှင့် ရေ ကို “အစက်ချရေသွင်း နည်းစနစ် (drip irrigation)” ဖြင့် အပင်တစ်ပင်ချင်းစီ၏အခြေသို့ ပို့ဆောင်ပေးခြင်းဖြင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ယင်း နည်းပညာကိုပင် အခြားသော ခေတ်မီနည်းပညာများနှင့် ထပ်မံပေါင်းစပ်လိုက်သည့်အခါ စိုက်ပျိုးမွေးမြူရေး ၄.၀ မှာ အံ့မခန်းစရာ ဖြစ်သွားပါတော့သည်။ အပင်တစ်ပင်ချင်းစီ၏ အစာနှင့် ရေလိုအပ် ချက်ကို အာရုံခံစနစ် (sensor) များဖြင့် စစ်ဆေးခြင်းဖြင့် ပိုမိုတိကျစေပါသည်။ ယင်းသို့ အပင်တစ်ပင်ချင်းစီ၊ တိရစ္ဆာန်တစ်ကောင်ချင်းစီအတွက် သွင်းအားစုလိုအပ်ချက်များကို အတိကျဆုံး၊ အခြိုးခြံဆုံး အသုံးပြုနိုင်မည့် နည်းပညာမျာကို Precision technology ဟု ခေါ်ပါသည်။
စိုက်ပျိုးမွေးမြူရေး ၄.၀ သည် Precision technology ကို အခြေခံပြီး ယင်းအပြင် မျိုးဗီဇပြုပြင်ပြောင်းလဲခြင်း (Genetic modification) နည်းပညာလည်း ပါဝင်ပါသေးသည်။ အစားအသောက်များအား သုံးဖက်မြင်နည်းပညာဖြင့် ထုတ်လုပ်ခြင်း (3D Food Printing) ၊ အသားများအား ဓာတ်ခွဲခန်းထဲတွင် ထုတ်လုပ်ခြင်း (meat culture) အစရှိသည့် အစပျိုးနေဆဲ နည်းပညာပေါင်းများစွာလည်း ပေါင်းစပ်ပါဝင်လာပါလိမ့်ဦးမည် ဖြစ်ပါ သည်။
စက်ရုပ်များ၊ အာရုံခံကိရိယာများ၊ အင်တာနက်စနစ်များ၊ အခြား သတင်းအချက်အလက် နည်းပညာများ၊ ကွန်ပျူတာနည်းပညာများ၊ ဒရုန်းနည်းပညာများ၊ ဂြိုဟ်တုပုံရိပ်ဖမ်းနည်းပညာများစသည်ဖြင့် မြောက်များလှစွာသော နည်းပညာများကို စိုက်ပျိုးမွေးမြူရေးတွင် ပေါင်းစပ်အသုံးချကြမည် ဖြစ်ပါသည်။ ယင်းကိုပင် စိုက်ပျိုးမွေး မြူရေး ၄.၀ ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် စတုတ္ထမြောက် စက်မှုတော်လှန်ရေး (စက်မှု တော်လှန်ရေး ၄.ဝ) မှ နည်းပညာများကို စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ချိတ်ဆက်အသုံးပြုခြင်းပင် ဖြစ်သည်။
ပညာရှင်များအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို ဖြည့်ဆည်းပေးနိုင်ရန်၊ ကမ္ဘာလောကကြီးအား ရှေ ရှည်တည်တန့်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် စိုက်ပျိုးမွေးမြူရေး ၄.၀ က ကူညီဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေကြပါသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ကျင့်သုံးပါသည်ဆိုသော နိုင်ငံတစ်နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေး ၄.၀ အတွက် မည်မျှပြင်ဆင်ထားပါသနည်း၊ မည်သည့် ပြင်ဆင်မှုတွေ လိုအပ်ပါသနည်း စသည်ဖြင့် အတွေးထဲရောက်နိုင်ကြစေဖို့ “စိုက်ပျိုးမွေးမြူရေး ၄.ဝ” ကို မိတ်ဆက် တင်ပြလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
