Analog Forestry နှင့် သဘာဝမြေဆွေး (သီရိလင်္ကာနိုင်ငံ ဟယ်လ်ဒူမူလာလက်ဖက်ခြံ၏ လက်တွေ့ဆောင်ရွက်ချက်များ)

19/06/2024 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်း (Analog Forestry)ရဲ့ ရည်ရွယ်ချက်က ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ရယူပြီး ဂေဟစနစ်ကို ပြန်လည်ရှင်သန်စေချင်လို့ ဖြစ်ပါတယ်။ သစ်တောပုံတူစိုက်ခင်းလို့ဆိုပေမယ့် သစ်ပင်တွေကိုပဲ အာရုံစိုက်ရတာတော့ မဟုတ်ပြန်ပါဘူး။ မြေဆီလွှာကိုလည်း အာရုံစိုက်ပြီး ပြုစုပျိုးထောင်ပေးရပါတယ်။ ဘာကြောင့်လဲဆိုရင် မြေ(Soil)ဆိုတာ ဂေဟစနစ်ကြီးရဲ့ အခြေခံအုတ်မြစ် ဖြစ်နေလို့ပါ။ မြေဆိုတဲ့ အခြေခံအုတ်မြစ်ကောင်းပါမှ အဲဒီမြေပေါ်မှာ အပင်တွေရဲ့ ပေါက်ရောက်ရှင်သန်ပုံ မှန်ကန်ကောင်းမွန်ပါလိမ့်မယ်။ ဒါမှသာ အပင်တွေကို အမှီပြုပြီး ဇီဝမျိုးကွဲစုံလင်မှုကိုရရှိပြီး ဂေဟစနစ်ရဲ့ အကျိုးရလဒ်တွေကို ခံစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သစ်တောပုံတူစိုက်ခင်းထူထောင်ရာမှာ မြေဆီလွှာပြုပြင်ထိန်းသိမ်းမှုက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ သီးနှံတစ်မျိုးတည်းကို စီးပွားဖြစ် တစ်အုပ်တစ်မစိုက်ပျိုးမှုကြောင့် ဆုံးရှုံးသွားတဲ့ မြေဆီလွှာရဲ့အရည်အသွေးတွေ၊ အော်ဂနစ်ပစ္စည်း (Organic Matter)တွေကို ပြန်လည်ဖြည့်သွင်းပေးဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် သဘာဝမြေဆွေး(Compost)တွေကို အကောင်းဆုံးအသုံးချ နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံကို သစ်တောပုံတူစိုက်ခင်း ထူထောင်ခြင်းနဲ့ပတ်သက်ပြီး သွားရောက်လေ့လာခဲ့ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးကို ဝေမျှပေးပါရစေ။ သီဟိုဠ်ကျွန်းကြီးရဲ့ တောင်ဘက်အလယ်ပိုင်းလောက်က Uva ပြည်နယ်၊ Badulla ခရိုင်ထဲမှာရှိတဲ့ ဟယ်လ်ဒူမူလာ (Haldummulla) ဆိုတဲ့ လက်ဖက်ခြံလေးက အတွေ့အကြုံပါ။ 

ဟယ်လ်ဒူမူလာမှာ သစ်တောပုံတူစိုက်ခင်းထဲကအပင်တွေ အာဟာရဓာတ်ရရှိနိုင်ဖို့အတွက် Kaley Tea Estate မှာလိုပဲ နွားချေးအရည်ကို မြေဩဇာအဖြစ် သုံးစွဲပါတယ်။ ဒါပေမယ့် ထူးခြားတာက သဘာဝမြေဆွေး (Compost) ကိုပါ ထုတ်လုပ်သုံးစွဲတာပါ။

မြေဆီလွှာထဲကို အာဟာရဓာတ် ဖြည့်သွင်းပေးဖို့အပြင် မြေဆီလွှာပြုပြင်မှုအတွက်လည်း ရည်ရွယ်ပါတယ်။ 

ခြံတာဝန်ခံရဲ့ ရှင်းပြချက်အရ သူတို့ဆီမှာ နွားကောင်ရေအနည်းငယ်သာ မွေးမြူထားတာမို့ လက်ဖက်ခင်းတစ်ခုလုံးအတွက် မြေဩဇာလုံလုံလောက်လောက် မထုတ်လုပ်နိုင်သေးဘူးလို့ သိရပါတယ်။ ပြင်ပကနေ နွားချေးဝယ်ယူပြီး သုံးစွဲတာမျိုးလည်း လုပ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နွားမွေးမြူရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဆက်လက်တိုးချဲ့ဖို့ရှိတယ်လို့ ဆိုပါတယ်။ လက်ဖက်အပါအဝင် သစ်တောပုံတူ စိုက်ခင်းတစ်ဧကအတွက် နွားတစ်ကောင်နှုန်း မွေးမြူသင့်တယ်လို့ သိရပါတယ်။ 

ဟယ်လ်ဒူမူလာရဲ့ နွားခြံလေးဟာ ကုန်းမြင့်မြင့်လေးပေါ်မှာ တည်ရှိပါတယ်။ သစ်တောပုံတူစိုက်ခင်းထဲက ထွက်ရှိတဲ့မြက်၊ မြေပြန့်ချယ်ရီတွေကို နွားစာအဖြစ် အသုံးပြုပါတယ်။ 

နွားခြံရဲ့နောက်မှာ နွားချေးနဲ့ အစာကျန်တွေကိုစုစည်းပေးမယ့် စုဆောင်းကန်(collecting area)ကို ထားရှိပါတယ်။ အဲဒီစုဆောင်းကန်ရဲ့ကြမ်းခင်းကို ဆင်ခြေလျှောလေး လုပ်ပေးထားတာကို တွေ့ရပါတယ်။ နွားချေးအရည်နဲ့ အဖတ်တွေကို သီးခြားစီ ခွဲထုတ်ဖို့ပါ။ အရည်တွေဟာ မြင့်ရာက နိမ့်ရာကို စီးဆင်းတယ်ဆိုတဲ့ ရူပဗေဒသဘောတရားကို အသုံးချပြီး နွားမစင်ကို အရည်နဲ့အဖတ် အလွယ်တကူ ခွဲခြားတာဖြစ်ပါတယ်။ နိမ့်တဲ့ဘက်မှာ စုလာတဲ့ အရည်တွေကို ပိုက်လိုင်းတစ်ခုကနေတဆင့် အရည်စုကန်ထဲကို ပို့ဆောင်ပေးပါတယ်။ အဲဒီအရည်တွေကို ရေ ၆ ဆနဲ့ရောစပ်ပြီး စိုက်ခင်းထဲမှာ မြေဩဇာအရည်(liquid fertilizer)အဖြစ် အသုံးပြုပါတယ်။ 

စုဆောင်းကန်ရဲ့ အောက်မှာ လှေကားထစ်ပုံစံနဲ့ နောက်ထပ် မြေဆွေးခန်း ၃ ခန်းကို အဆင့်လိုက် တည်ဆောက်ထားပါတယ်။ စုဆောင်းကန်ထဲက ကျန်ရှိနေတဲ့ အဖတ်တွေကို ကပ်လျက် ပထမမြေဆွေးကန်ထဲကို ရွှေ့ပြောင်းပေးပါတယ်။ နွားချေးတစ်လွှာထည့်ပြီးတိုင်း စိုက်ခင်းထဲကရရှိတဲ့ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်စသဖြင့် ကာဗွန်ကြွယ်ဝတဲ့ အမှိုက်သရိုက်တွေကို တစ်လွှာထပ်ခင်းပေးပါတယ်။ အဲဒီလို နွားချေး တစ်လွှာ၊ အမှိုက်တစ်လွှာ စုဆောင်းရင်း ရက်ပေါင်း ၂၀ လောက် ကြာတဲ့အခါ မြေဆွေးအပုံတစ်ပုံ ရရှိပါပြီ။ အဲဒီနောက် ပုံထားတဲ့ အပုံကို အောက်ဘက်ကပ်လျက်က ဒုတိယမြေဆွေးကန်ထဲကိုထပ်ပြီး ရွှေ့ပြောင်းယူပြီး မြေဆွေးပုံ ထပ်မံပြုလုပ်ပါတယ်။ အမြင့်မှာရှိနေတဲ့ ကန်ထဲကနေ အောက်ကကန်ထဲကို ရွှေ့ယူရတာမို့ လုပ်အားလိုအပ်ချက် သက်သာလှပါတယ်။ အဲဒီလိုရွှေ့ပြောင်းပေးခြင်းအားဖြင့် မြေဆွေးပုံထဲကို လေဝင်စေပါတယ်။ ဒါကြောင့် မြေဆွေးဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ အဏုဇီဝပိုးမွှားလေးတွေအတွက် အောက်ဆီဂျင်ရရှိပြီး ဆွေးမြည့်မှုကို မြန်မြန်ဖြစ်ပေါ်စေပါတယ်။ 

ဒုတိယမြေဆွေးကန်ထဲမှာ ရက်၂၀လောက် ကြာပြီဆိုရင် တတိယကန်ထဲကို ရွှေ့ပြောင်းယူပြီး မြေဆွေးပုံအဖြစ် ပြန်ပုံပါတယ်။ တတိယကန်မှာ ရက်ပေါင်း ၂၀ ကြာပြီဆိုရင်တော့ မြေဆွေးပုံရဲ့ သက်တမ်းဟာ အကြမ်းဖျဉ်း ရက်ပေါင်း ၆၀လောက် ရရှိပြီ ဖြစ်ပါတယ်။ မြေဆွေးဖြစ်သွားပြီမို့ ရောဂါပိုးမွှားတွေ ကင်းစင်သွားပြီဖြစ်သလို မြေဆီလွှာကို ပြုပြင်ပေးနိုင်မယ့် သဘာဝမြေဆွေးလည်း ဖြစ်သွားပါပြီ။ ဒါကြောင့် စိုက်ခင်း တွေထဲမှာ ထည့်သုံးပြီဖြစ်ပါတယ်။ လက်ဖက်ပင်တစ်ရုံကို သဘာဝမြေဆွေး ၂ ကီလိုဂရမ်နဲ့ ရက် ၆၀ (နှစ်လ) တစ်ကြိမ် ထည့်သွင်းပေးတယ်လို့ သိရပါတယ်။

ဒီနေရာမှာ သဘာဝမြေဆွေးနဲ့ ဇီဝမျိုးကွဲစုံလင်မှုရဲ့ကြားက အဆက်အစပ်နဲ့ပတ်သက်ပြီး Analog Forestry ဖခင်ကြီးဒေါက်တာရာနေးလ်ရဲ့ Belipora Arboretum ကျောင်းတော်ကြီးဆီ ရောက်ရှိခိုက်မှာ Analog Forestry သင်တန်းဆရာ မစ္စတာဒေဂျန် (Dejan deZoysa)က စာရေးသူကို ရှင်းပြခဲ့တာလေး တစ်ခုကို သတိရမိပါတယ်။ သူက “ပျက်စီးနေတဲ့မြေထဲကို သဘာဝမြေဆွေးတွေ ဖြည့်သွင်းပေးတဲ့အတွက် မြေဆီလွှာဟာ ပြန်ပြီးရှင်သန်လာတယ်။ ဆိုလိုတာက မြေကြီးထဲကို ဩဂဲနစ်ပစ္စည်း (Organic Matter)တွေ ရောက်ရှိလာတဲ့အတွက်  မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်ပုံ မှန်လာပြီး၊ ရေ၊ လေ နဲ့ အာဟာရတွေကို ထိန်းပေးလာနိုင်တယ်။ ဒါကြောင့် အကျိုးပြုအဏုဇီဝပိုးမွှားတွေ ရှင်သန်ပေါက်ပွားလာတယ်။ ဇီဝမျိုးကွဲစုံလင်မှုဟာ မြေပြင်ပေါ်မှာ မမြင်ရသေးရင်တောင် မြေဆီလွှာထဲမှာ စပြီးတိုးတက်လာနေပြီလို့ ပြောလို့ရပါတယ်။ နောက်ပြီး မြေဆီလွှာထဲက အကျိုးပြုအဏုဇီဝပိုးမွှားတွေဟာ မြေပြင်ပေါ်မှာ ဇီဝမျိုးကွဲစုံလင်ဖို့ အခြေခံပါပဲ” လို့ ရှင်းပြခဲ့တာပါ။ 

နိဂုံးချုပ်အနေနဲ့ကတော့ သစ်တောပုံတူစိုက်ခင်း ထူထောင်ရာမှာ ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းဟာ အရေးတကြီးလိုအပ်ပြီး အဲဒီလိုပြုပြင်ထိန်းသိမ်းနိုင်ဖို့ သဘာဝမြေဆွေးတွေက အင်မတန်အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေကြောင်းနဲ့ သဘာဝမြေဆွေးတွေ အလုံအလောက် ရရှိနိုင်ဖို့ကတော့ မွေးမြူရေးနဲ့တွဲဖက်ဖို့ လိုအပ်တဲ့အကြောင်း တင်ပြလိုပါတယ်။

တစ်ဆက်တည်းမှာ မွေးမြူရေး လုပ်ငန်းနဲ့ သဘာဝမြေဆွေးထုတ်လုပ်မှုကို ဟန်ချက်ညီညီနဲ့ တွဲဖက်နိုင်ဖို့ မိမိရဲ့မြေပြင်အခြေအနေ၊ လုပ်အား၊ စီမံခန့်ခွဲနိုင်မှု၊ လိုအပ်ချက်စတဲ့ အချက်အလက်မျိုးစုံကို အသေးစိတ်တွက်ချက်ပြီး ဒီဇိုင်းရေးဆွဲ ဆောင်ရွက်နိုင်လေလေ အကျိုးဖြစ်ထွန်းလေလေပဲဖြစ်ပါကြောင်း ဟယ်လ်ဒူမူလာ လက်ဖက်ခြံရဲ့ အတွေ့အကြုံကို အခြေခံပြီးတင်ပြလိုက်ရပါတယ်။

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်