တိရိစ္ဆာန်စာအဖြစ် ဘောစကိုင်း

Photo - animal feeds

အပူပိုင်းအနိမ့်ဒေသ မြေဩဇာကောင်းပြီး ရေမဝပ်သောနေရာမျိုးတွင် အရွက်မြောက်များစွာ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းအရွက်များမှာ စားမြုံပြန်သော တိရိစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ ဆိတ်တို့အတွက် ခံတွင်း မြိန်၊ အစာကြေ လွယ်၊ အာဟာရကြွယ်ဝသော အစာဖြစ်သည်။ အသား၊ နို့နှင့် ဥများ ထုတ်လုပ်သည့်မွေးမြူရေးလုပ်ငန်းအတွက် အရေးပါလှသော အစာတစ်မျိုးလည်းဖြစ်သည်။

တိရိစ္ဆာန်များမှာ အချို့သောရာသီတွင် ပေါများပြီး အချို့သော ရာသီတွင်ရှားပါးတတ်သည်။ ထိုအစာရှားပါးသော ကာလမျိုးတွင် ပရိုတင်းဓာတ်များသော၊ အစာကြေလွယ်သောအစာမျိုး ရှားပါးခြင်းမှာ အဆိုးဆုံးအခြေအနေများ ကို ဖြစ်စေသည်။ ဘောစကိုင်းသည် အရွယ်သာမက အဖူး၊ အပွင့်၊ အသီး၊ အညွန့်အားလုံးကို တိရိစ္ဆာန်စာအဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် အတိုင်းအဆဖြင့် အသုံးပြုပါက တိရစ္ဆာန်ကောင်ရေများစွာကို စိုက်ခင်းကျဉ်းကျဉ်းဖြင့် ထိန်းထားနိုင်သည်။

ရာသီအလိုက် ခြောက်သွေ့ခြင်းထက် အစာစိမ်းများပြတ်လပ်ခြင်းမှာ မွေးမြူသူများအတွက် ပို၍ အန္တရာယ်ကြီး မားသည်။ ထိုနေရာမျိုး၌ ဘောစကိုင်းကို တိရိစ္ဆာန်စာစိုက်ခင်းများအဖြစ် ပြုစုပျိုးထောင်ခြင်းက အကျိုးများစွာ ဖြစ်ထွန်းနိုင်သည်။ ဘောစကိုင်းမှာ အလွန်ရှည်သော အမြစ်အဖွဲ့အစည်းရှိနေခြင်းကြောင့် အမြစ်တိုသောမြက်များ ခြောက်သွေ့သွားသော ကာလတိုင်အောင် စိမ်းလျက်ကျန်ရှိနေကြသည်။ ခြောက်သွေ့သော ကာလတစ်လျှောက်လုံး အစာစိမ်းများ ထောက်ပံ့နေနိုင်သကဲ့သို့ မိုးကာလသို့ပြန် ရောက်သောအခါ၌လည်း မြက်များထက်ပို၍ စောစီးစွာ လျင်မြန်သောအဟုန်ဖြင့် ကြီးထွားနိုင်ကြသည်။

စားကျက်အတွက် စိုက်ထားသော ဘောစကိုင်းခင်းကို အပင်များ အရှည်တစ်မီတာရှည်သောအခါ တိရိစ္ဆာန်များကို တိုက်ရိုက်စားစေသည်။ ထိုအပင်မျိုးသည် ဘယ်သောအခါမှ သစ်ပင်များအဖြစ်သို့ မကြီးထွားလာနိုင်တော့ပေ။ ထွက်လာသော သားထက်များမှာလည်း သစ်သားထုတ်နိုင်သည့် အဆင့်သို့ မရောက်နိုင်တော့ပေ။ အရွက်များ သာမြောက်များစွာ ဖြစ်ပေါ်လာကြသည်။ ထိုအရွက်များမှာ နုသည်ဖြစ်စေ၊ စိုသည်ဖြစ်စေ၊ ခြောက်သည်ဖြစ်စေ၊ တိရိစ္ဆာန်များ ခုံမင်စွာစားကြသည်။ အထူးသဖြင့် အစာစိမ်းများရှားပါးသောကာလတွင် ပို၍ အလုအယက် စားကြသည်။ အပင်မှအရွက်များကို တိရိစ္ဆာန်များက တိုက်ရိုက်စားကြသကဲ့သို့ လူကဆွတ်ခူးရိတ်သိမ်း၍ ဖြစ်စေ၊ Cut and Carry စက်များဖြင့် ဖြတ်တောက်စုဆောင်းခြင်းဖြင့်ဖြစ်စေ တိရိစ္ဆာန်များကို ကျွေးနိုင်သည်။ ဤနေရာ၌ ရွက်စိမ်းသက်သက်သာမက အချို့ကို အခြောက်ပြုလုပ်ခြင်း၊ချဉ်ဖတ်ပြုလုပ်ပြီးမှ ကျွေးလေ့ရှိသည်။ တိရိစ္ဆာန်များ သည် ဘောစကိုင်းပင်၏ အခေါက်ကိုပင် ခွာ၍စားကြသည်။ အပင်ကို နင်းဖိစားကြသည်။ ဘောစကိုင်းစိုက်ခင်း မှာ စားကျက်အဖြစ် နှစ်ပေါင်းကြာရှည်စွာ အသုံးပြုနိုင်သည်။ ခြောက်သွေ့သော ပတ်ဝန်းကျင်နှင့် ညံ့ဖျင်းသော မြေမျိုး၌ပင် တစ်ဟက်တာ၌ တစ်နှစ်လျှင် ဘောစကိုင်းအရွက်ခြောက် (၆) တန် မှ (၈) တန်အထိ ရရှိနိုင်သည်။ အစိုအလေးချိန်မှာ တန်(၂၀) မှ (၈၀) အထိဖြစ်သည်။ ရာသီဥတုနှင့် မြေဩဇာကောင်းသော အခြေအနေမျိုးတွင် (၄) ပတ်မှ (၆) ပတ်တစ်ကြိမ် အရွက်များကို ဆွတ်ခူးရိတ်သိမ်းနိုင်သည်။

ဘောစကိုင်းအရွက်များ၏ အာဟာရတန်ဖိုးမှာ သမပိုင်းမွေးမြူရေးလောကတွင် အကောင်းဆုံးဟု စံထားရသော တစ်နှစ်ခံပဲမျိုး အယ်ဖာဖာ(Alfalfa) နှင့် ယှဉ်နိုင်ပေသည်။ ဘောစကိုင်း၏ ကြွေကျပြီးသော အရွက်ခြောက် များတွင် ပရိုတင်းဓာတ်(၃၀) ရာခိုင်နှုန်း ပါဝင်သည်။ မာလာဝီ၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အရွက်များကို နေခြောက်လှန့်ပြီး ပြည်တွင်း၌ အသုံးပြုရုံမက ဥရောပ၊ ဂျပန်နှင့် စင်္ကာပူနိုင်ငံများသို့ တင်ပို့ရောင်းချကြသည်။

အရွက်ခြောက်သက်သက်ကို ရေ၊ တင်လဲရည်၊ ကော်များမပါဘဲ တိရိစ္ဆာန်အစာတောင့်များ (Feed Pellets) အဖြစ် ကြိတ်ထုတ်နိုင်သည်။ ဘောစကိုင်းပင်၏ ပရိုတင်းမှာ အာဟာရတန်ဖိုးမြင့်မားသည်။ အယ်ဖာဖာကဲ့သို့ပင် ယင်း ၏ အမိုင်နိုအက်ဆစ်များမှာလည်း အချိုးမျှတမှု (Well Balanced) ရှိသည်။ ယင်းအရွက်၏ ထူးခြားချက် တစ်ရပ်မှာ ကာရိုတင်း (Carotene) နှင့် ဗီတာမင်ခေါ် သက်စောင့်ဓာတ်များ ကြွယ်ဝခြင်းပင်ဖြစ်သည်။ ပရိုဗီတာမင် (Provitamin) ပါဝင်မှုပမာဏမှာ အပင်လောကတွင် မရှိဘူးသော အမြင့်ဆုံးစံချိန်ဖြစ်သည်။ ထို့ကြောင့် စားသုံးသောနွားများ၏ အဆီကိုဝါစေသည်။ ကြက်များ၏ အရေပြားကိုဝါစေပြီး ကြက်ဥနှစ်ကို လိမ္မော်နီရောင် ဖြစ်စေသည်။ ထိုလက္ခဏာများမှာ ဈေးကွက်တွင် လူကြိုက်များ၊ တန်ဖိုးထားသော လက္ခဏာများ ဖြစ်သည်။ ထို့ပြင် ဘောစကိုင်းရွက်မှာ ထုံး၊ မီးစုန်းနှင့် အခြားအာဟာရပိုင်းဆိုင်ရာ အရေးပါသည့် သတ္တုဓာတ် များ ကြွယ်ဝစွာပါဝင်သည်။ ဘောစကိုင်း၏ အရွက်နှင့်အညွန့်များ၏ အစာခြေညှက်နိုင်နှုန်းမှာ အခြားသာမာန် ပဲများနှင့် အတူတူပင်ဖြစ်သည်။ (၅၀) မှ (၇၀) ရာနှုန်းဖြစ်သည်။ အရွက်သက်သက်မှာကား (၇၀) ရာနှုန်း ဖြစ်သည်။ ဘောစကိုင်းနှင့် မြက် ဆတူစိုက်ထားသောစိုက်ခင်း တစ်ဟက်တာ (၂.၄၇ဧက) သည် နွားထီးကြီး (၆) ကောင်ကျော်အတွက် အစာလုံလောက်ပေသည်။ ဘောစကိုင်းစားရသော နွား၏နို့မှာ သာမာန်နွားနို့ထက် ပိုကောင်းသည်။ ကာရိုတင်းကြောင့် အဝါရောင်အနည်းငယ်သန်းသည်။ ဘောစကိုင်း နှင့် ရောစိုက်သော မြက်ခင်း တွင်မွေးသော နွားများမှာ အခြေားသာမာန်ပဲမျိုးနှင့် မြက် ရောစိုက်ထားသော စိုက်ခင်းမှ နွားများထက် နို့ထွက် ပိုကောင်းပေသည်။ ဩစတြေးလျပြည်မြောက်ပိုင်းမှ သုတေသနမှတ်တမ်းများအရ ဘောစကိုင်းနှင့် မြက် ရောစိုက် သော စားကျက်မြေတစ်ဟက်တာမှ နို့ထွက်နှုန်းမှာ တစ်နှစ်လျှင် လီတာ (၅၀၀၀) မှ (၆၀၀၀) အထိရှိကြောင်း သိရသည်။

ဦးဖရက်သိန်းဖေ

စိုက်ပျိုးရေးစာစုများ

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်တွင် သစ်ပင်ဖြစ်ပေါ်လာရန် နှစ်ပေါင်း လေးထောင်ကျော် အချိန်ယူရသည်"