အခုသီတင်းပတ်အတွင်း တောင်သူဦးကြီးများနဲ့ စိုက်ပျိုးရေးနဲ့ နှီးနွယ်ပတ်သက်သူတွေအကြား စိုးရိမ်သောကပွားနေရတာကတော့ ကန္တာရကျိုင်းကောင်ခေါ် ကန္တာရနှံကောင်ဖြစ်ပါတယ်။ ကင်ညာနိုင်ငံမှာ နှစ်ပေါင်း (၇၀) အတွင်း၊ ဆိုမာလီယာနိုင်ငံနဲ့ အီသီယိုပီးယားနိုင်ငံတို့မှာ (၂၅) နှစ်အတွင်း အဆိုးဝါးဆုံးကျရောက်ဖျက်ဆီးတဲ့ ကန္တာရနှံကောင်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မှာ မေလနဲ့ဇွန်လအတွင်း သားပေါက်ဖို့ရှိပြီး ဇွန်လအတွင်းမှာ အဆ (၅၀၀) ပွားလာနိုင်တယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) ကလည်း ခန့်မှန်းထားခဲ့တယ်မို့လား။ ခန့်မှန်းထားတဲအတိုင်း မှန်ကန်တဲ့အပြင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကို ကန္တာရနှံကောင် အုပ်စုလိုက်ပျံသန်းလာပြီဆိုတဲ့သတင်းလည်း ကြားပြီဆိုတော့ တောင်သူဦးကြီးများ စိုးရိမ်သောကပွားရသည်မှာ မမှားပါ။
ကန္တာရနှံကောင်ဆိုတာ တစ်ခြားနိုင်ငံကနေ ကျူးကျော်ဝင်ရောက်လာတဲ့ နှံကောင်ဖြစ်ပါတယ်။ လိုရင်းပြောရရင် ကျူးကျော်ဖျက်ပိုးတစ်မျိုးဖြစ်ပြီး ၄င်းဟာ ကျူးကျော်ဝင်ရောက်တဲ့နှံကောင်တွေထဲမှာ အဖျက်ဆီးဆုံးနှံကောင်ဖြစ်ပါတယ်။ ကျူးကျော်ဖျက်ပိုးဆိုတာ ၄င်းရဲ့ကျူးကျော်ဝင်ရောက်မှုကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ဂေဟစနစ်မှာရှိတဲ့ ပတ်ဝန်းကျင်နဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ဖျက်ပိုးဖြစ်ပါတယ်။ ၄င်းဟာ နိုင်ငံတွင်း ဒေသရင်းနှံကောင်မျိုးစိတ်တွေရဲ့နေရာကို အစားထိုးဝင်ရောက်နိုင်တာရယ်၊ ၄င်းတို့ကို နှိမ်နင်းနိုင်တဲ့ သဘာဝရန်သူမရှိတာကြောင့်ရယ်၊ လျင်မြန်စွာ မျိုးပွားနိုင်စွမ်းရှိတာကြောင့်ရယ်၊ ပတ်ဝန်းကျင်အသစ်မှာ အလွယ်တကူနေသားတကျ နေထိုင်နိုင်တဲ့စွမ်းရည် ရှိတာကြောင့်ရယ်၊ အစုံစား အင်းဆက်ဖြစ်တာတို့ရယ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက စိုးရိမ်ကြရပါတယ်။ ဥပမာအနေနဲ့ မူရင်းနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံနဲ့ ဥရုဂွေးနိုင်ငံကနေပေါက်ပွားလာတဲ့ ရွှေခရု၊ မူရင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘာ့အနောက်ဖက်ခြမ်းက အမေရိကန်နဲ့ အာဂျင်တီးနားကြားက ဖောငမြောင်တောင်တို့ရဲ့ ကျူးကျော်ဝင်ရောက်မှုအန္တရာယ်ကို စိုက်ပျိုးရေးကိုအဓိကထားတဲ့ မြန်မာနိုင်ငံအနေနဲ့ နဖူးတွေ့ဒူးတွေ ကြုံဆုံရပြီးဖြစ်ပါတယ်။
ကန္တာရနှံကောင်ဆိုတာ လျင်မြန်စွာပျံသန်းနိုင်မှုနဲ့ လျင်မြန်စွာမျိုးပွားနိုင်စွမ်းရှိပါတယ်။ တစ်ရက်ကို (၁၅၀) ကီလိုမီတာ (၉၃ မိုင်) ပျံသန်းနိုင်ပြီး သူ့ကိုယ်ခန္ဓာအလေးချိန်ရှိတဲ့ (၂) ဂရမ် ကို စားသောက်ဖျက်ဆီးနိုင်ပါတယ်။ တိုက်တဲ့လေအပေါ် မူတည်ပြီး တစ်နာရီကို ၁၆ ကီလိုမီတာကနေ (၁၉) ကီလိုမီတာနှုန်းအထိနဲ့ ပျံသန်းလေ့ရှိပါတယ်။ အုပ်စုလိုက် ပျံသန်းတဲ့ အကောင်ကြီးတွေဟာ တစ်ရက်ကို (၅) ကီလိုမီတာကနေ (၁၃၀) ကီလိုမီတာ ခန့်အထိ ပျံသန်းနိုင်ကြပါတယ်။ ဒီနှံကောင်တွေဟာ လေထဲမှာ အချိန်အကြာကြီးနေနိုင်ကြပါတယ်။ ဥပမာအနေနဲ့ ဒီနှံကောင်တွေဟာ အကွာအဝေး (၃၀၀) ကီလိုမီတာရှိတဲ့ ပင်လယ်နီကို ပုံမှန်ဖြတ်သန်းကြပါတယ်။ အုပ်စုလိုက်ပျံတဲ့ ကန္တာရနှံကောင်ကြီးတွေရဲ့ အရွယ်အစားဟာ တစ်စတုရန်းကီလိုမီတာကနေ ကီလိုမီတာပေါင်း ရာချီပြီးရှိပါတယ်။ အုပ်စုလိုက်ပျံတဲ့ နှံကောင်ကြီးအရေအတွက်ဟာ တစ်စတုရန်းမီတာမှာ အနည်းဆုံး အကောင်ရေ သန်း (၄၀) ရှိနိုင်ပြီး ၄င်းတို့ဟာ လူဦးရေ (၃၅,၀၀၀) ခန့် စားနိုင်တဲ့ အစာပမာဏကို စားကြပါတယ်။ ဒါဟာ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနရဲ့ အဆိုအရ လူတစ်ယောက် တစ်ရက်ကိုစားတဲ့ ပျမ်းမျှအစာအလေးချိန်အပေါ် အခြေခံပါတယ်။ ပဲရစ်မြို့လောက်ရှိတဲ့ နှံကောင်အုပ်ဟာ ပြင်သစ်လူဦးရေတစ်ဝက်လောက်ရဲ့ တစ်ရက်စာအစာပမာဏကို စားနိုင်ပါတယ်။
ဒါပေမဲ့ တောင်သူဦးကြီးများကို မေတ္တာရပ်ခံလိုသည်မှာ ကိုဗစ်ကာလအစက ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စကား ခဏငှားပြောရမယ်ဆိုရင် “သိပ်ပြီး ကြောက်ဖို့လည်းမလိုသလို မကြောက်ဘဲလည်းမနေပါနဲ့” လို့ ပြောပါရစေ။
ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုရင် ကန္တာရနှံကောင်နဲ့ပတ်သက်လို့ ၁၉၂၀ − ၁၉၃၀ ခုနှစ်များကတည်းက ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းရဲ့ ဦးဆောင်မှုနဲ့ ကန္တာရနှံကောင်ကာကွယ်နှိမ်နင်းရေးအတွက် နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ကန္တာရနှံကောင်နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုဖလှယ်ဖို့ ၁၉၃၀ ခုနှစ်များက နိုင်ငံတကာ မျက်နှာစုံညီအစည်းအဝေးတွေကို ကျင်းပခဲ့ရာ ၁၉၃၁ ခုနှစ်မှာ ရောမမြို့၊ ၁၉၃၂ ခုနှစ်မှာ ပဲရစ်မြို့၊ ၁၉၃၄ ခုနှစ်မှာ လန်ဒန်မြို့၊ ၁၉၃၆ ခုနှစ်မှာ ကိုင်ရိုမြို့၊ ၁၉၃၈ ခုနှစ်မှာ ဘရပ်ဆဲလ်မြို့တို့မှာ ကျင်းပခဲ့ပါသည်။ ရောမမြို့မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အစည်း၏ ကန္တာရနှံကောင် သတင်းအချက်အလက်လုပ်ငန်း (DLIS) ကလည်း ရာသီဥတု၊ ဂေဟဆိုင်ရာအခြေအနေများနှင့် ကန္တာရနှံကောင်အခြေအနေများကို နေ့စဉ် စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဒီ DLIS ကနေပြီး ကန္တာရနှံကောင်ကျရောက်ခံနေရတဲ့ နိုင်ငံတွေရဲ့ အမျိုးသားကန္တာရနှံကောင်ကာကွယ်ရေးအဖွဲ့အစည်းက ဆောင်ရွက်နေတဲ့ စစ်တမ်းကောင်ယူတာနဲ့၊ ကာကွယ်နှိမ်နင်းမှုလုပ်တာတွေရဲ့ရလဒ်ကို လက်ခံယူပြီး လက်ရှိအခြေအနေကို စိစစ်သုံးသပ်ဖို့၊ ကန္တာရနှံကောင်တွေရဲ့ သားပေါက်တာနဲ့ ကျူးကျော်ဝင်ရောက်တာ (၆) ပတ်ကြိုပြီး ခန့်မှန်းဖို့ MODIS လို ဂြိုလ်တု၊ မိုးလေဝသ ခန့်မှန်းချက်၊ အပူချိန်တို့ဖြင့် သတင်းအချက်အလက်တွေကို စုပေါင်းပါတယ်။ ဒီလို ကန္တာရနှံကောင်အခြေအနေ စိစစ်သုံးသပ်တာနဲ့ ခန့်မှန်းတာကို ၁၉၇၀ ခုနှစ်များကတည်းက လစဉ်စာစောင်တွေကို ထုတ်ဝေဖြန့်ချိပါတယ်။ ဒါ့အပြင် ကန္တာရနှံကောင် ကျရောက်ဖျက်ဆီးခံနေရတဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် သတိပေးချက်တွေနဲ့ နှိုးဆော်ချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို http://www.fao.org/ag/locusts/en/info/info/index.html မှာ ၁၉၉၀ နှစ်များကတည်းက လိုသလောက် သိရှိနိုင်ပါတယ်။ FAOLocust facebook page ကို Like သို့မဟုတ် Follow လုပ်ထားရင်လည်း ကန္တာရနှံကောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်တွေကို အချိန်မီသိရှိနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်းရဲ့ ကန္တာရနှံကောင်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်ကို အကျဉ်းမျှပြောပါရစေ။ ဆူဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ဆူဒန်နိုင်ငံတောင်ပိုင်း၊ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဟာ ဇူလိုင်လအတွင်း ကန္တာရနှံကောင်ကို ဆက်လက်ပြီး သတိကြီးကြီးထားဖို့နဲ့ အနောက်အာဖရိကနိုင်ငံကတော့ ခန့်မှန်းနည်းလမ်းများနဲ့ ကြိုတင်ပြင်ဆင်ရေးခြေလှမ်းတွေကို ဆက်လက်ဆောင်ရွက်ရမှာလို့ ဆိုထားပါတယ်။
ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ယခုဇူလိုင်လအတွင်း ကန္တာရနှံကောင်နဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ဆိုရမှာပါ။ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း ကန္တာရနှံကောင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝက်ဘ်ဆိုဒ်၊ စိုက်ပျိုးရေး − ပြန်ကြားရေး ဌာနစိတ် ဖေ့စ်ဘွတ် စာမျက်နှာ၊ သီးနှံကာကွယ်ရေးဌာနခွဲရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာ https://ppdmyanmar.org တို့ကို ဝင်ရောက်ကြည့်ရှူပြီး ပြင်ပမှာရှိတဲ့ ကောလာဟလများကို တောင်သူဦးကြီးများအနေဖြင့် ဆင်ခြင်သုံးသပ် ချင့်ချိန်ယုံကြပါရန် တိုက်တွန်းအပ်ပါသည်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)