ဥယျာဉ်ခြံထဲ စိုက်ပျိုးထားတဲ့ အပင်တွေမှာ တခါတရံ ပုရွက်ဆိတ်တွေ တက်နေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ အဲဒီလို ပုရွက်ဆိတ်တွေတက်ရတဲ့ အကြောင်းရင်းအချို့ရှိနေပြီး အတော်များများကိုတော့ အလွယ်တကူ ပြုပြင်နိုင်ပါတယ်။ အပင်တွေမှာ ပုရွက်ဆိတ်များ ရှိနေခြင်းဟာ များသောအားဖြင့် အခြားသော အင်းဆက်အဖျက်ပိုးမွှားများ ဝင်ရောက်နေခြင်းကို ညွှန်ပြတဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ထို့ကြောင့် အင်းဆက်ပိုးမွှား ကျရောက်ခြင်းနဲ့ ပုရွက်ဆိတ်များ ရှိနေခြင်းတို့ရဲ့ ဆက်စပ်မှုနဲ့ ပြဿနာတွေကို ဘယ်လို ကုစားရမလဲဆိုတာကို ယခုဆောင်းပါးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အချို့သော ပုရွက်ဆိတ်မျိုးစိတ်တွေဟာဆိုရင် honeydew လို့ခေါ်တဲ့ ချိုမြိန်စေးကပ်တဲ့ စွန့်ထုတ်အရည်တစ်မျိုးကို နှစ်သက်ကြပါတယ်။ အဆိုပါ honeydew ဆိုတာဟာ အပင်မှာကျရောက်တဲ့ အင်းဆက်ပိုးမွှားတွေကနေ အပင်ရည်ကိုစုပ်ယူစားသုံးပြီးနောက် ထွက်ရှိလာတဲ့ စွန့်ထုတ်အရည်တစ်မျိုး ဖြစ်ပါတယ်။ ထို့ကြောင့် မိမိစိုက်ပျိုးထားတဲ့ အပင်တွေမှာ ပုရွက်ဆိတ်တွေရှိနေတာကို တွေ့ရရင် တခြားသော အင်းဆက်ပိုးမွှားတွေလည်း ကျရောက်နေပြီလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ အဆိုပါ အင်းဆက်ပိုးမွှားတွေကတော့ ပျပိုး၊ ပိုးစေးနှဲ၊ အကြေးပိုးနဲ့ ယင်ဖြူ ကဲ့သို့သော ပိုးမွှားတွေဖြစ်နိုင်ပါတယ်။
၁။ ပျပိုး
ဤသေးငယ်တဲ့ အင်းဆက်လေးတွေဟာ အညိုရောင်၊ အနက်ရောင်၊ အနီရောင်၊ အစိမ်းနဲ့ အဝါရောင် ရှိတတ်ကြပြီး ၎င်းတို့ရဲ့ ပါးစပ်ဖြင့် ထိုးဖောက်စားသောက် ဖျက်ဆီးကြတာဖြစ်ပါတယ်။ ပျပိုး တွေဟာ အပင်ရဲ့ အရွက်နဲ့ ပင်စည်ကနေ အရည်တွေကို စုပ်ယူစားသုံးခြင်းဖြင့် အပင်များကို ပျက်စီးစေတာ ဖြစ်ပါတယ်။ ပျ ပိုး အများအပြားကျရောက်တဲ့အခါ စစ်ထုတ်ရည်တစ်မျိုးကို ထုတ်လေ့ရှိပြီး ၎င်းအရည်ဟာ ပုရွက်ဆိတ်နဲ့ ယင်ကောင်များကို ဆွဲဆောင်နိုင်ပြီး အပင်ရဲ့မျက်နှာပြင်ပေါ်မှာ မှိုတွေကိုပါ ပေါက်ပွားစေနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် သူတို့ အစာစားတဲ့အခါ အပင်ထဲကို ဗိုင်းရပ်စ်ရောဂါတွေပါ ထိုးသွင်းနိုင်တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ဖြစ်ပေါ်လာနိုင်တဲ့လက္ခဏာတွေကတော့ အရွက်များကွေးကောက်လာခြင်း၊ အဝါရောင်အစက်အပြောက်များ ဖြစ်ပေါ်လာခြင်း၊ ကြီးထွားမှုရပ်တန့်သွားခြင်း၊ ပန်းပွင့် (သို့မဟုတ်) အသီးအနှံများ ပုံပျက်သွားခြင်းတို့ ပါဝင်ပါတယ်။ ၎င်းတို့ရဲ့ ပျမ်းမျှသက်တမ်းဟာ တစ်လသာ ရှိပေမဲ့လည်း သားလောင်းအကောင်ဦးရေ ၈၅ ကောင်အထိ မွေးထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပျပိုးတွေဟာ ချိုမြိန်တာကိုကြိုက်နှစ်သက်တဲ့ ပုရွက်ဆိတ်မျိုးစိတ်များစွာအတွက် ကြီးမားတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ပုရွက်ဆိတ်တွေကို မဖယ်ရှားနိုင်ပါက ၎င်းတို့ကနေတဆင့် အပင်ပေါ်ကို ပိုးမွှားအသစ်တွေပါ ဆက်လက်သယ်ဆောင်လာနိုင်ပြီး ပိုးမွှားကျရောက်ခြင်းကို ဖယ်ရှားနိုင်ဖို့က ပိုမိုခက်ခဲသွားနိုင်ပါတယ်။ ပျပိုးကျရောက်နေမယ်ဆိုရင် ရေနဲ့ ပန်းကန်ဆေးဆပ်ပြာတို့ကို ဖျော်စပ်ပြီး အရွက်ရဲ့အောက်မျက်နှာပြင်ကို ဖျန်းပေးနိုင်ပါတယ်။ ဖျန်းပြီးရင်တော့ ၅ မိနစ်လောက်ထားပါ။ ပြီးတဲ့အခါ အပင်ကိုရေဖျန်းပေးပါ။ ဖော်ပြပါအတိုင်း ၂ ကြိမ်လောက်လုပ်ပေးတဲ့အခါ ပျပိုးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဖော်ပြပါနည်းလမ်းထက် အနည်းငယ်ပိုပြီး အာနိသင်ပြင်းတာမျိုး သုံးချင်ရင်တော့ ပိုင်ရီသရင် ပါဝင်တဲ့ ဓာတုဆေး (သို့မဟုတ်) တမာပိုးသတ်ဆေးတွေ အသုံးပြုနိုင်ပါတယ်။
၂။ ပိုးစေးနှဲ
ပိုးစေးနှဲတွေဟာ သေးငယ်တဲ့ အင်းဆက်တွေ ဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ အရောင်အသွေးနဲ့ အစုလိုက်အပြုံလိုက် ရှိနေတတ်တဲ့ အလေ့အထတွေကြောင့် ဥယျာဉ်စိုက်ခင်းတွေထဲမှာ အလွယ်တကူ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ပန်းစိုက်ခင်းတွေ၊ ရှောက်၊ သံပရာ၊ စပျစ်၊ ငှက်ပျော၊ ခရမ်းချဥ်၊ ခရမ်းသီးပင်၊ ကျောက်စိမ်းပင်၊ သစ်ခွ၊ ဂန္ဓမာ၊ ခေါင်ရမ်း၊ ထပ်တရာပန်း၊ ကတ္တီပါရွက်လှ၊ တိုက်ကပ်နွယ်၊ ကြွေပန်း(ဖိုးစိန်ခေါင်းပေါင်း) နဲ့ အိမ်တွင်းအလှစိုက် အပင်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အတွေ့ရများတဲ့ ပိုးစေးနှဲ မျိုးစိတ်အများစုကတော့ အဖြူရောင်ဖြစ်ပြီး ၎င်းတို့ရဲ့ကိုယ်ခန္ဓာကို ဖုံးအုပ်ထားတဲ့ အမျှင်တွေပါရှိပြီး ထူးခြားတဲ့ အသွင်အပြင်ကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ပိုးစေးနှဲတွေဟာ ၎င်းတို့ရဲ့ ချွန်ထက်တဲ့ ပါးစပ်အစိတ်အပိုင်းတွေကို အရွက်နဲ့ ပင်စည်ထဲ ထိုးသွင်းပြီး အပင်ရည်ကို စုပ်ယူကာ စားသောက်ဖျက်ဆီးတာ ဖြစ်ပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ အရွက်တွေဟာ ရှုံ့တွသွားတာ သို့မဟုတ် ကွဲအက်သွားတာမျိုး ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ပိုးကောင်ငယ်တွေ စားသောက်ဖျက်ဆီးရာကနေ စွန့်ထုတ်လိုက်တဲ့ စစ်ထုတ်ရည်တွေဟာ အမည်းရောင်မှိုတွေကိုဖြစ်ပေါ်စေပြီး အပင်ဗိုင်းရပ်စ်ရောဂါတွေ ပျံ့နှံ့မှုကိုလည်း အားပေးနိုင်တာ ဖြစ်ပါတယ်။ ပိုးစေးနဲတွေကို ရေဖျန်းပေးခြင်းဖြင့် အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ပိုးကျရောက်မှု အနည်းငယ်သာ ရှိသေးတယ်ဆိုရင် လက်အိတ်ဝတ်ပြီး ပိုးကျတဲ့နေရာကို ညင်သာစွာ ခြစ်ထုတ်နိုင်ပါတယ်။ ဒါမှမဟုတ် ပျပိုးမှာကဲ့သို့ ဆပ်ပြာဖျော်ရည် အသုံးပြုပြီး နှိမ်နင်းနိုင်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။
၃။ အကြေးပိုး
အကြေးပိုးတွေဟာ ရုတ်တရက်ကြည့်လိုက်ရင် အင်းဆက်ပိုးလို့ကို မထင်ရပါဘူး။ ဒီပိုးတွေမှာ အလွန်မာကြောတဲ့ အပြင်ဘက်အခွံရှိပြီး အရွက်နဲ့ ပင်စည်တွေမှာ တွယ်ကပ်ပြီး ကျရောက်တာ ဖြစ်ပါတယ်။ ပိုးကျရောက်တဲ့ အစပိုင်းမှာဆိုရင် အရွက်နဲ့ ပင်စည်တွေပေါ်မှာ အညိုရောင် အဖုငယ်လေးများနဲ့တော်တော်လေး ဆင်တူပါတယ်။ အကြေးပိုးဟာလည်း စေးကပ်တဲ့ အရည်တစ်မျိုးကိုထုတ်လေ့ရှိပြီး ၎င်းတို့ဟာ နောက်ဆုံးမှာ အမဲရောင်ပြောင်းသွားပြီး မှိုတက်တဲ့ ပုံစံမျိုး တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပိုးကျရောက်မှု နည်းနေမယ်ဆိုရင်တော့ လက်နဲ့ အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ပိုးတွေဟာ ရွေ့လျားသွားလာတတ်တာကြောင့် ပိုးအရေအတွက်များစွာ ကျရောက်နေမယ်ဆိုရင်တော့ လက်နဲ့ဖယ်ရှားဖို့ ခက်ခဲနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဂွမ်းစ (သို့မဟုတ်) အဝတ်ကို ရေစွတ်ပြီးတော့ ပွတ်တိုက်ဖယ်ရှားနိုင်ပါတယ်။ ဆပ်ပြာဖျော်ရည်လည်း အသုံးပြုနိုင်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပါမီသရင် (သို့မဟုတ်) မာလာသီအွန် ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။
၄။ ယင်ဖြူ
ယင်ဖြူဆိုတာ အပင်တွေအတွက် ထိခိုက်မှုများစွာဖြစ်စေနိုင်တဲ့ အဖျက်ပိုးတစ်မျိုး ဖြစ်ပါတယ်။ ယင်ဖြူဟာ အတောင်ပံပါရှိပြီး အဖြူရောင်ရှိကာ သီးနှံမျိုးစုံမှာ ကျရောက်နိုင်တဲ့ အဖျက်ပိုးပါ။ အပင်ရည်ကို စုပ်ယူစားသုံးပြီးတဲ့နောက် ရောဂါတွေပြန့်ပွားစေနိုင်တဲ့ သေးငယ်သော အဖျက်ပိုးတစ်မျိုးလည်း ဖြစ်ပါတယ်။ မျိုးပွားနှုန်း မြင့်မားတဲ့ အဖျက်ပိုးဖြစ်ပြီး အရွယ်ရောက်ပြီးတဲ့ ယင်ဖြူတစ်ကောင်ကနေ ဥပေါင်း ၂၀၀ - ၄၀၀ အထိ ဥချနိုင်ပါတယ်။ ဥတွေကို အရွက်ရဲ့ အောက်မျက်နှာပြင်နဲ့ အပင်ရဲ့အောက်ဘက် အစိတ်အပိုင်းတွေမှာ ဥချလေ့ရှိတာ ဖြစ်ပါတယ်။ ယင်ဖြူကျရောက်နေတဲ့ အပင်တွေမှာ သိသာတဲ့အချက်က အရွက်တွေမှာ အဖြူရောင် အကောင်ငယ်လေးတွေနဲ့အတူ အဖြူရောင် အမျှင်နဲ့ အမှုန်လေးတွေ တွေ့ရမှာဖြစ်ပါတယ်။ ထို့အပြင် အရွက်ပေါ်မှာ ၎င်းတို့စားသောက်ပြီးတဲ့နောက် စစ်ထုတ်လိုက်တဲ့ စေးကပ်တဲ့ အရည်တစ်မျိုးကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ယင်ဖြူဟာ ဗိုင်းရပ်စ်ရောဂါတွေကိုလည်း သယ်ဆောင်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါကျရောက်တဲ့အခါ အပင်ရဲ့ အရွက်တွေဟာ တွန့်လိမ်ကောက်ကွေးပြီး ဆက်လက်ကြီးထွားနိုင်ခြင်း မရှိတော့ဘဲ အပင်တွေကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။
အပင်တွေကို ရေပက်ဖျန်းပေးခြင်းဖြင့် ယင်ဖြူတွေရဲ့ ဥ (Eggs) နဲ့ အကောင်ပေါက် (သို့မဟုတ်) ပိုးမမည် (Nymph) တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ အကောင်ပေါက်အဆင့်ဟာ ရွှေ့လျားခြင်းမရှိတာကြောင့် ရေနဲ့ပက်ဖျန်းလိုက်ခြင်းအားဖြင့် ၎င်းတို့ရဲ့ အစာအရင်းအမြစ်ကနေ ဖယ်ရှားလိုက်သလို ဖြစ်ပြီး နောက်ပိုင်းမှာ အစာငတ်ပြီး သေဆုံးသွားမှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ Yellow Sticky Trap လို့ခေါ်တဲ့ အဝါရောင် ကော်ထောင်ခြောက်တွေကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ယင်ဖြူတွေကို ကာကွယ်နှိမ်နင်းဖို့ အဝါရောင်ကော်ထောင်ခြောက်တွေ အသုံးပြုတဲ့အခါ ထောင်ခြောက်ကို မြေပြင်ကနေ ၂ - ၃ ပေ အကွာအဝေးမှာ ထားရှိခြင်းဖြင့် ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
ပိုးကျရောက်မှု ပြင်းထန်တဲ့အခါ ဆပ်ပြာဖျော်ရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆပ်ပြာ ထမင်းစားဇွန်း ၁ ဇွန်းကို ရေ ၁ လီတာနဲ့ ရောစပ်ပြီး ပက်ဖျန်းပေးနိုင်ပါတယ်။ ဆပ်ပြာဖျော်ရည်ဟာ ယင်ဖြူရဲ့ ဥများ၊ သားလောင်းများနဲ့ အကောင်ကြီးတွေကိုပါ ကောင်းစွာဖုံးအုပ်နိုင်ပြီး တဖြည်းဖြည်းနဲ့ အသက်ရှုကြပ်လာစေကာ သေဆုံးစေနိုင်ပါတယ်။ အပူချိန်လျော့နည်းတဲ့ မနက်စောစောနဲ့ ညနေခင်းလို အချိန်တွေမှာ ဆပ်ပြာဖျော်ရည် အသုံးပြုခြင်းဖြင့် အဖျက်ပိုးတွေကို ထိရောက်စွာ နှိမ်နင်းပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ တမာဆီကို အသုံးပြုခြင်းဖြစ်ပါတယ်။ ရောစပ်နည်းကတော့ တမာဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ဆပ်ပြာအရည် ၂ - ၃ စက်၊ ရေ ၁ ဂါလံ စတာတွေကို ရောစပ်ပြီး ယင်ဖြူကျရောက်တဲ့ နေရာတွေကို ပက်ဖျန်းပေးရမှာ ဖြစ်ပါတယ်။ တမာဆီအသုံးပြုခြင်းဟာ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ယင်ဖြူရဲ့ ဘဝအဆင့်အားလုံးကို ကာကွယ်နှိမ်နင်းပေးနိုင်သလို အမည်းရောင်ကြပ်ခိုးမှိုတွေ (Black Sooty Mold) တွေ ကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ တမာဆီရဖို့ ခက်ခဲတယ်ဆိုရင်တော့ အသင့်သုံး တမာပိုးသတ်ဆေးတွေ အသုံးပြုပြီးတော့လည်း ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။