လယ်ယာ လုပ်ငန်းခွင်ထဲက လုပ်သားရှားပါးမှု/ကုန်ကျစာရိတ်များ လျော့ချနိုင်ဖို့ စက်မှုလယ်ယာစနစ် ပြောင်းကြစို့

22/12/2017 14:37 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 

ဒီအစီအစဉ်မှာဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်မှာလယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ အလုပ်သမားခ ကုန်ကျစရိတ်တွေ၊ လက်လုပ်လက်စားတွေရဲ့ ဝင်ငွေရရှိမှုအခြေအနေတွေ၊ အလုပ်သမားခေါ်ယူရရှိမှုအခြေအနေတွေကိုတင်ပြပေးချင်ပါတယ်။ 

သောတရှင်များခင်ဗျား။ ပြန်ကြားရေးဝန်ကြီးဌာန၊ UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာ့အသံနှင့် သြစတြေးလျ ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့ကစီစဉ်ထုတ်လွှင့်လိုက်တဲ့ “စားနပ်ရိက္ခာဖူလုံရေးသားစဉ်မြေးဆက်ပေးအစီအစဉ်ကိုတင်ဆက်တော့မှာ ဖြစ်ပါတယ်”။ ဒီအစီအစဉ်မှာဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်မှာလယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ အလုပ်သမားခကုန်ကျစရိတ်တွေ၊ လက်လုပ်လက်စားတွေရဲ့ ဝင်ငွေရရှိမှုအခြေအနေတွေ၊ အလုပ်သမားခေါ်ယူရရှိမှုအခြေအနေတွေကိုတင်ပြပေးချင်ပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးမြန်မာ့အသံရဲ့ သတင်းထောက် ခိုင်မျိုးအောင်ကဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ 

ခိုင်မျိုးအောင်။ ။အခုတင်ပြပေးချင်တာကတော့ တပ်ကုန်းမြိုနယ်၊ နွယ်ရစ်ကျေးရွာမှ တောင်သူဒေါ်မြင့်မြင့်ခိုင် ပြောပြတဲ့  လယ်ယာလုပ်သားငှားရမ်းခကုန်ကျစရိတ်အကြောင်းနဲ့ နေစားလယ်ယာလုပ်သားဦးကျော်ဝင်းရဲ့ လုပ်အားခရရှိမှုအကြောင်းပဲ ဖြစ်ပါတယ်။ 

ဒေါ်မြင့်မြင့်ခိုင်။ ။ တစ်ဧကကိုအလုပ်သမားအနည်းဆုံးဆယ်ယောက်ကုန်တယ်။ အလုပ်သမားတစ်ယောက်ကိုလေးထောင်ပေးရပါတယ်။ ဆယ်ယောက်ဆိုတော့ လေးသောင်းပေါ့။ စိုက်တာရယ်၊ ပေါင်းနုတ်စရိတ်ရယ်။ အဲ့ဒါ တစ်ရက်တာပေ့ါ။အကုန်လုံးလယ်ကော၊ ကုန်းသီးနှံကောဆိုလို့ရှိရင် အလုပ်သမားရာကျော်ကုန်တယ်။ သိန်းလေးဆယ်ကျော်တာပေါ့။ 

ခိုင်မျိုးအောင်။ ။ဒါကတောင်သူဒေါ်မြင့်မြင့်ခိုင်ပြောတဲ့တစ်နေ့တာ၊ တစ်နှစ်တာအလုပ်သမားငှားရမ်းခကုန်ကျစရိတ်ဖြစ်ပါတယ်။ နေ့စားအလုပ်သမားဦးကျော်ဝင်းကတော့ သူ့ရဲ့ဝင်ငွေရရှိမှုအကြောင်းအခုလိုပြောပါတယ်။

ဦးကျော်ဝင်း။ ။နေ့စားလုပ်တာပေါ့။ ၄၀၀၀ ကတော့ ပုံမှန်ပေါ့နော။ လုပ်ငန်းရှုပ်လို့ ငှားမယ်ဆိုရင်လည်း ၅၀၀၀ ပေးငှားတဲ့သူတွေရှိတယ်။ လုပ်ငန်းရှင်းတဲ့အခါကျတော့လည်း ၃၀၀၀ လောက်နဲ့ကြလည်းလိုက်ရတာပဲ။ နေ့စားသမားဆိုတော့ အလုပ်နားလို့မရဘူးလေ။ နေ့စားမရှိတဲ့အချိန်မှာတော့ ထင်းခွေသလိုလိုလုပ်ရတာပေါ့။ ရာသီဥတု ပြင်းတဲ့အခါမယ် မနက်ပိုင်းတင်လုပ်နိုင်တယ်လေ၊ နေ့လယ်ပိုင်းမလုပ်နိုင်တော့ဘူး၊ ၂၀၀၀ ပဲရတော့တယ်။ 

ခိုင်မျိုးအောင်။ ။ဦးကျော်ဝင်းလိုနေ့စားအလုပ်သမားကတော့ များများစားစားမရှိတော့ပါဘူး။ ဒီလိုလယ်ယာလုပ်သားရှာပါးလာတဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့ သုံးနေရတဲ့နည်းလမ်းတွေကိုတော့ သာစည်မြို့နယ်၊ အောင်သာကျေးရွာမှ တောင်သူဦးထွန်းဝင်းကအခုလိုပြောပြပါတယ်။

ဦးထွန်းဝင်း။ ။ ကျွန်တော်တို့ကျေးရွာကကလေးတွေကတစ်ခြားဒေသတွေမှာသွားပြီးတော့ အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ကြတဲ့အခါကြတော့ ကျွန်တော်တို့ကျေးရွာမှာလုပ်အားလျော့သွားတယ်။ အဲ့တော့ ထွန်မောင်းမည့်သူ၊  လယ်ထဲမှာသွားပြီးအလုပ်လုပ်မယ့်သူအင်အားကတော်တော်လေးနည်းသွားတယ်။ အဲ့ဒီအတွက်တခြားကျေးရွာတွေကနေပြီးတော့မှာလိုက်ပြီးတော့ ရှာဖွေလုပ်ကိုင်ရတယ်။ တစ်ချို့ကျတော့ တစ်ယောက်နဲ့တစ်ယောက်လက်စားလိုက်စနစ်ပေါ့လေ၊ အဲ့ဒါမျိုးလုပ်တာရှိတယ်။

ခိုင်မျိုးအောင်။ ။ လယ်ယာလုပ်သားရှားပါးတယ်ဆိုတာလုပ်မယ့်သူမရှိတာကြောင့်တင်မဟုတ်ဘဲလုပ်ငန်းသဘာဝကြောင့်လဲပါတယ်လို့ ရေဆင်းတက္ကသိုလ်၊ စိုက်ပျိုးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသိဂီ င်္မြင့်က အခုလိုရှင်းပြပါတယ်။ 

ဒေါက်တာသိဂီ င်္မြင့်။ ။ လယ်ယာလုပ်သားရှားပါးတယ်ဆိုတာမှာလုပ်မယ့်သူတွေနည်းသွားတာလဲတစ်ကြောင်း၊ နောက်တစ်ခုကအလုပ်ရဲ့ သဘာဝကြောင့်လည်းပါတာပေါ့၊ တစ်ကွင်းလုံးမှာစပါးတွေစိုက်ကြတယ်၊ တစ်ကွင်းလုံးမှာစိုက်တဲ့အချိန်၊ အကုန်လုံးကဟိုလယ်ကလည်းစိုက်မယ်၊ ဒီလယ်ကလည်းစိုက်မယ်ဆိုရင် ရှားတယ်ဖြစ်သွားတာလေ၊ စိုက်မယ့်လူကရှိတယ်။ ဒါပေမဲ့ အကုန်လုံးကဒီအချိန်မှာတပြိုင်နက်တည်းပဲစိုက်မယ်ဆိုရင် ရှိတော့ရှိပေမဲ့ မလုံလောက်ဘူးဖြစ်သွားတယ်။ ဒါပေမဲ့ စိုက်ပြီးရင် အဲ့ဒီလူတွေကအားသွားပြန်ရော။ တစ်ခါရိတ်မယ့်အချိန်ကျလည်းအဲ့ဒီပြဿနာဖြစ်တာပဲ။ စိုက်ပျိုးရေးမှာအလုပ်သမားလိုအပ်မှုကအမြဲတမ်းတစ်သတ်မတ်တည်းအတူတူလိုနေတာမဟုတ်ဘူး။ အဲ့ဒါမို့လို့ ရှားတဲ့ပြဿနာကပိုပြီးပြောကြတာပေါ့နော်။ 

ခိုင်မျိုးအောင်။ ။လယ်ယာလုပ်ငန်းခွင်ထက်ဝင်ငွေပိုရတဲ့ အခွင့်အလမ်းတွေ များပြားလာတာဟာလယ်ယာလုပ်သားရှားပါးမှုကို ဖြစ်စေပေမဲ့ တစ်နိုင်ငံလုံးရဲ့ အသားတင်ထုတ်ကုန်တန်ဖိုး(GDP) မြင့်တက်လာနိုင်တယ်လို့ဒေါက်တာသိဂီ င်္မြင့်က ဆက်ပြောပါတယ်။ 

ဒေါက်တာသိဂီ င်္မြင့်။ ။ လယ်မှာပဲလုပ်မှ ပိုက်ဆံရတယ်ဆိုတဲ့ အနေအထားထက် တစ်ခြားအလုပ်တွေကဈေးတွေပိုပေးနေရင် ဒီလယ်ထဲကအလုပ်ကိုဘယ်သူကလုပ်မှာတုန်း၊ တစ်ခြားအလုပ် အခွင့်အလမ်းတစ်ခုကတစ်နေ့ကိုခုနှစ်ထောင်ရနေတယ်ဆိုရင် သူခုနှစ်ထောင်ပဲလုပ်မှာပေါ့။ ပေါင်းမနုတ်ဘူး။ အဲ့ဒါပဲအဓိက က။ ဘာလို့လဲဆိုတော့ အခွင့်အလမ်းကောင်းတဲ့နေရာကိုသွားကြမှာပေါ့။ အဲ့ဒါတွေကလည်းဖွံ့ဖြိုးတိုးတက်မှုရဲ့ Impact တွေလို့ မြင်ပါတယ်။ အလုပ်သမားတွေကလည်းကတဖြည်းဖြည်းနဲ့ ကျွမ်းကျင်သော Skill labourတွေဖြစ်လာပြီးတော့ စျေးကောင်းကောင်းပေးပြီးငှားနိုင်ပြီ၊ အဲ့ဒါမှလည်းစိုက်ပျိုးရေးမှာလုပ်မည့်သူကျန်မှာလေ။ စက်တွေမောင်းမည့်သူလိုသေးတယ်၊ စီမံခန့်ခွဲမှုတွေ လိုသေးတယ်။ အဲ့ဒါဆိုမှ ဒီဘက်ကလည်းကုန်ကျစရိတ်က မြင့်လာတယ်။ ဒီဘက်ကသီးနှံဈေနှုန်းက မြင့်လာတယ်။ ဒီဟာကတွက်ချေကိုက်တယ်ဆိုရင် အကုန်လုံးပြိုင်တူတက်သွားပြီးအဲ့ဒါမှ နိုင်ငံတစ်ခုလုံးရဲ့ GDP က တက်လာမှာမဟုတ်ဘူးလား။ 

ခိုင်မျိုးအောင်။ ။ဒါပေမဲ့ ဒီလို ကျွမ်းကျင်လယ်ယာလုပ်သားတွေကိုဈေးကောင်းပေးပြီးမငှားနိုင်သေးတဲ့ အချိန်မှာလယ်ယာလုပ်သားရှားပါးတာကိုစက်တွေငှားသုံးပြီးလက်တွေ့ဖြေရှင်းနေတဲ့ တောင်သူဒေါ်မြင့်မြင့်ခိုင်ကတော့ စက်မှုလယ်ယာစနစ်ကိုလိုချင်တဲ့အကြောင်းဒီလိုဆိုပါတယ်။

ဒေါ်မြင့်မြင့်ခိုင်။ ။ အလုပ်သမားတွေရှားပါးတော့ စပါးရိတ်ချိန်ဆိုရင် စက်ကိရိယာနဲ့ပဲသုံးတယ်။ စပါးရိတ်ခြွေစက်ကြီးတွေ သွားခေါ်ပြီးတဲ့ အခါကျတော့ အဲ့ဒါနဲ့ပဲသုံးတော့တယ်။ အခုနေ့စားတွေကခက်ခဲတော့လေ။ ရိတ်တဲ့လူကမရှိဘူး။ အဲတော့ စက်မှုလယ်ယာနဲ့ ပိုလုပ်ရရင်တော့ အဆင်ပြေတာပေါ့။

ခိုင်မျိုးအောင်။ ။စက်မှုလယ်ယာစနစ်ဟာလယ်ယာလုပ်သားရှားပါးမှုပြဿနာကိုဖြေရှင်းနိုင်မည့် အဓိကနည်းလမ်းဖြစ်နေမလားဆိုတာကိုသိရဖို့ ဒေါက်တာသိဂီ င်္မြင့်ရဲ့ ပြောစကားကိုဆက်လက်နားဆင်ကြည့်ပါခင်ဗျာ။ 

(Dr. TheingiMyint)- စက်မှုလယ်ယာဖြစ်ဖို့အတွက်ကလည်းသွားရမှာ၊ ဘာလို့လဲဆိုတော့ အလုပ်သမားတွေကတဖြည်းဖြည်းနည်းလာပြီ။ ဆရာမတို့ကိုယ်တိုင်လဲရွာတွေကလာတယ်။ ကိုယ့်မိသားစုကတောင်သူတွေဖြစ်တယ်။ ဒါပေမဲ့ ရွာမှာ ပြန်မလုပ်ဘူးလေ။ ပညာတွေတတ်လာတယ်၊ မြို့မှာလုပ်ကြတယ်။ အဲ့ဒါဆိုရင် ဒီကျေးလက်မှာကလူကနည်းနည်းလာပြီ။ စိုက်ပျိုးရေးမှာလူတဖြည်းဖြည်းနည်းလာပြီ။ စိုက်ပျိုးရေးမှာလူနည်းလာလေလေစိုက်ပျိုးရေးကပိုထုတ်ဖို့လိုလာလေ။ ဘာလို့လဲဆိုတော့ စိုက်ပျိုးရေးမှာမလုပ်တဲ့သူတွေကိုကျွေးဖို့ စားနပ်ရိက္ခာပိုထုတ်ရမယ်။ ဒါပေမဲ့ လုပ်မယ့်သူကနည်းနည်းလေးပဲကျန်တယ်။ အဲ့ဒါဆိုရင် စက်မှုလယ်ယာပြောင်းကိုပြောင်းရမယ်။ မပြောင်းနိုင်တဲ့ကာအတွင်းမှာအလုပ်သမားခတွေ စျေးတက်မယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေတက်မယ်။ တစ်ခါ ဟိုဘက်ကသီးနှံဈေးတွေကျမယ်။ တွက်ချေမကိုက်ဘူး။ စက်မှုလယ်ယာအထိမသွားနိုင်သေးဘူးဆိုရင် ဒီအလုပ်သမားပြဿနာကြီးကလည်းတောင်သူတွေကခံနေရဦးမှာပဲ။ 

(Presenter) သောတရှင်များခင်ဗျား။ ။ လယ်ယာလုပ်ငန်းခွင်မှာ ကြုံတွေ့လာရတဲ့ လယ်ယာလုပ်သားရှားပါးလာတာဟာတောင်သူတွေအတွက် အခက်အခဲတစ်ခုအဖြစ် ရှုမြင်နိုင်ရုံသာမကပဲစက်မှုလယ်ယာစနစ်ကိုပိုမိုပီပြင်လာစေဖို့၊ ကျွမ်းကျင်လယ်ယာလုပ်သားတွေ ပေါ်ထွက်လာစေဖို့၊လယ်ယာထွက်ကုန်တွေ ဈေးကောင်းရရှိနိုင်ဖို့နဲ့ တစ်နိုင်ငံလုံးရဲ့ အသားတင်ထုတ်ကုန်တန်ဖိုး (GDP) မြင့်တက်လာဖို့ တွန်းအားတစ်ရပ်အဖြစ်လည်းရှုမြင်နိုင်ပါတယ်ဆိုတာတင်ပြလိုက်ရပါတယ်ခင်ဗျား။

(Presenter)။ ။စားနပ်ရိက္ခာဖူလုံရေး၊ သားစဉ်မြေးဆက်ပေးအစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာန UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ပြီး မြန်မာ့အသံနဲ့ Australia ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့ကစီစဉ်ထုတ်လွှင့်လိုက် တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုအသက်မွေးဝမ်းကြောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ Lift Fund က အဓိကကူညီပံ့ပိုးတာဖြစ်ပါတယ် ခင်ဗျာ