ဝေလံခေါင်သီသောနေရာက အထီးကျန်ကျေးရွာလေး တစ်ရွာအကြောင်း

Photo - labuttalote

 

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လပွတ္တလုတ်ကျေးရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေရဲ့ လူမှုဘဝ အခက်အခဲတွေနဲ့ ရှင်သန်နေထိုင်ကြပုံတွေကို သွားရောက်မေးမြန်းထားတဲ့ အင်တာဗျူးအစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဤအစီအစဉ်လေးကို UNESCO, LIFT , မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

 ဇင်ဝိုင်း (တင်ဆက်သူ) ။ ။ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း ဂျုံးဂျံုးကျချောင်းမကြီးထဲ စက်တပ်လှေ တစ်စင်းနဲ့ မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင်ဟာ (၂) နာရီ ခန့်ခရီးနှင်းခဲ့ပြီးနောက် မြို့ရော အနီး ပတ်ဝန်းကျင် ကျေးရွာများနဲ့ပါ အလှမ်းဝေးပြီး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ လပွတ္တလုတ် ရွာလေးကို ရောက်ရှိ လာပါတယ်။ ထိုရွာကလေးမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ လူမှုဘဝခက်ခဲမှုတွေ ရှိနေပြီး ဘယ်လိုနေထိုင် ရှင်သန်ကြရတယ် ဆိုတာတွေနဲ့ပတ်သက်လို့ မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင် က ကိုယ်တိုင် သွား ရောက်လေ့လာ မေးမြန်းထားတာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

နွဲ့နွဲ့ခိုင် (အယ်ဒီတာ)။ ။ သောတရှင်များရှင် အခုကြားနေရတာကတော့ လက်ပွတ်တလုတ် (စာဖြူစု) ကျေးရွာရှိ ဘုရားကျောင်းမှာ ရွာရှိကလေးများ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သိချင်းဆိုလေ့ကျင့်နေတဲ့ အသံပဲဖြစ်ပါတယ်။ လပွတ္တလုတ်ကျေးရွာ လူဦးရေစုစုပေါင်းရဲ့ လေးပုံ တစ်ပုံခန့်ဟာ စားဝတ်နေရေး ချောင်လည်မှုရှိပြီး ကျန်မိသားစုတွေ ဟာဆိုရင် လယ်ယာမဲ့တွေဖြစ်ကြသလို၊ တစ်ချို့လည်း ရေကြည်ရာမြက်နုရာသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရပြီး ရွာမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုများကို ထောက်ပံ့ကြရပါတယ်။ 

လပွတ္တလုတ်ရွာဟာ ပတ်ဝန်းကျင်ကျေးရွာများနဲ့ အလှမ်းဝေလျက်တည်ရှိပြီး၊ သွားရေးလာရေးအတွက် အဓိက အားထားရတာက စက်လှေဘဲ ဖြစ်တဲ့အတွက် မိုးရာသီကာလဆိုရင် ရေကြီးရေလျှံမှုတွေကြောင့် သွားရေးလာရေး ခက်ခဲပါတယ်။ နွေရာသီ ရောက်ပြန်တော့လည်း တစ်ခုတည်းသော ချောင်းကလေး ရေခမ်းသွားတဲ့အတွက် လှေနဲ့ ခရီးမသွားနိုင်ပြန် ဖြစ်ရတယ်။ ပညာရေးကိုကြည့်ပြန်တော့လည်း ရွာမှာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း တစ် ကျောင်းပဲ ရှိပါတယ်။ ရွာလူကြီး ဦးဇော်ဝင်းထွန်းရဲ့ ပြောပြချက်အရ ကျေးရွာရဲ့ အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းဟာ စပါးစိုက်ပျိုးရေးဖြစ်ပြီး ရာသီဥတုမမှန်ခြင်း၊ စိုက်ပျိုးနည်းစနစ်ကောင်းများ လေ့လာခွင့်မရရှိခြင်းနဲ့ တစ် ဧက စပါးထွက်နှုန်းရော အရည်အသွေးပါ ကျဆင်းခြင်း စတဲ့ အခက်အခဲတွေကြောင့် တောင်သူများမှာ အကြွေး သံသရာထဲ နစ်မွန်းနေကြရတယ်လို့ သိရှိရပါတယ်။ 

ဦးဇော်ဝင်ထွန်း (ရွာလူကြီး)။ ။ (စိုက်ဘဏ်က) ချေးတာတော့ လယ်တစ်ဧကကို တစ်သိန်းခွဲ ချေးပေးတယ်။ တစ် ဆယ်ဧကကျော်ရင်လည်း တစ်သိန်းခွဲနှုန်းနဲ့ (၁၅) သိန်းပါဘဲ။ အတိုးနှုန်းကတော့ ပြား (၈၀) လောက်ရှိပါတယ်။ တစ်နှစ်ကို နွေတစ်ခါ မိုးတစ်ခါ (၂) ခါ ပေးတယ်။ သမဝါယမကလည်းပေးတယ် ဒါပေမယ့် မယူဘူး။ တစ်ခုပြီး တစ်ခု ယူတာများသွားရင် အချိန်တန် ပြန်မဆပ်နိုင်မှာစိုးလို့။ စိုက်ဘဏ်က အစိုးရထုတ်ပေးတယ်ဆိုတော့ အတိုးနည်းတယ် ဆိုတော့ အတိုးအတွက် မစဉ်းစားတော့ဘူးလေ။ ဘဏ်သွားထုတ်တဲ့အခါကြတော့ ဘဏ်မှ အစည်းအဝေးလုပ်ပြီး ပြန်ဆပ်မယ့်အချိန်ကို ဘဏ်မန်နေဂျာက ပြောတယ်။ ရွာကတော့ လမ်းနဲ့ မီးအဓိက လိုအပ်ပါတယ်။ မီးကတော့ ကျနော်တို့ရွာက မီးခွက်တို့ ဖယောင်းတိုင်တို့ ထွန်းနေရတာများတဲ့အတွက် အိမ်မီးရနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အလှူငွေရရင်တော့ကောင်းတာပေါ့။ သူများလှူတာ မပြည့်ရင် ကိုယ့်ရွာက စိုက်ထည့်နိုင်ရင်လည်း ကောင်းပါတယ်။ 

နွဲ့နွဲ့ခိုင်။ ။ ရွာသားများရင်ဆိုင်ရတဲ့ အခက်အခဲများကို မေးကြည့်တော့ မြစ်ကမ်းပါးနားက ရွာမို့လို သဘာဝဘေး အန္တရာယ်ကြုံရပါက ရေပြင်သာဖြစ်ပြီး ရှောင်ရှားဖို့ မလွယ်တာပုံနဲ့ ရာသီဥတုမမှန်လို့ စိုက်ပျိုး ရေးကို ထိခိုက်ပုံတို့ကို လပွတ္တလုတ်ရွာသူ ဒေါ်တင်နွယ် က အခုလိုပြောပါတယ်။

ဒေါ်တင်နွယ် (ရွာသူ)။ ။ ရာသီဥတုကတော့ မမှန်ဘူးပေါ့နော်။ ရွာချင်ရွာတယ် မရွာချင် မရွာဘူး။ လယ်တွေက လည်း ကုန်းပိုင်ဆိုရင် မိုးကောင်းရင်တော့ စပါးနည်းနည်းကောင်းတာပေါ့နော်။ မိုးမကောင်းရင်တော့ စပါးက သိပ် မကောင်းဘူးပေါ့။ အနိမ့်ပိုင်းကျတော့ မိုးမကောင်းရင်တော့လည်း စပါးကရှည်တော့ နည်းနည်းကောင်းတာပေါ့။ မိုးတအားကောင်းရင်တော့ လယ်က ဘာမှမဖြစ်ဘူး…ရေဘဲ။ ရေကကြီးရင်တော့ စပါးတွေ ရေလွှမ်းပြီးသေတာဘဲ။ ရေဒီယိုထဲမှာ နားထောင်တော့ ကြော်ငြာတယ်လေ၊ မုန်တိုင်းတွေရှိသေးတယ်။ လေဖိအားရပ်ဝှမ်းတွေရှိတယ်။ ဒီလိုမျိုး ပြောတယ်။ ဒါပေမယ့် ကိုယ်က သတိထားပေမယ့်လို့ မတတ်နိုင်ဘူးလေ။ အများနဲ့ဆိုတော့ ဖြစ်လာရင်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ အချိန်တန် စပါးတွေ အသီးအနှံထွက်လာတဲ့အချိန်မှာ အဲ့လိုမုန်တိုင်းတွေဖြစ်ရင်တော့ ဆုံးရှုံးသွား တာပဲ။ အထွက်ကြတော့ သိပ်မထွက်ဘူး၊ တစ်ဧကမှ ၇၀ ၊ ၆၀ ကျော် အဲ့လောက်ဘဲ။ ဓာတ်ဆား (ဓာတ်မြေသြဇာ) ကတော့ ကျဲတာပဲ၊ အသီးအားဆေးလည်း ထည့်တာဘဲ၊ လုပ်တော့လုပ်တယ် ဒါပေမယ့် ဘုရားပေးသလောက်ဘဲပေါ့ နော်။ တစ်ခါတစ်လေ ပိုးတွေကကျတော့ ရော့သွားတာပေါ့။ အစိုးရဘဏ်က ငွေချေးပြီး အရင်းအနှီးပြန်လုပ်ရတာပေါ့။ အချိန်တန်လို့ အသီးအနှံတွေရလာရင် ပြန်ဆပ်ရတယ်။ လယ်လည်းလုပ်၊ ဝက်ကလေးမွေးလိုက်၊ ကြက်ကလေး မွေး လိုက်ပေါ့၊ အချိန်တန်ကြတော့ အဲ့ဒါတွေပြန်ရောင်းပြီး ဘဏ်တွေက ချေးငွေတွေကို ပြန်ဆပ်ပေါ့။ ဒီလယ်လေ လောက်ပဲ လုပ်နေရတာပေါ့။ ဒီနှစ်တော့ ရေ ကြီးတယ်။ ဆားငံရည်ဝင်ရင်တော့ အကုန်လုံးသေမှာဘဲ။ ပဲတို့၊ ငရုတ်တို့၊ စပါးတို့ကအစ အကုန်သေကုန်မှာဘဲ။ ဒါပေမယ့် ရေမရောက်တော့ ကျေးဇူးတင်ရတာပေါ့လေ။ 

နွဲ့နွဲ့ခိုင်။ ။ ရွာမှာ စီးပွားရေးကျပ်တည်းတော့ လူငယ်တွေ မြို့တတ် အလုပ်ရှာကြတယ်၊ တစ်ချို့ လည်း နိုင်ငံခြားအထိ သွားကြတယ်။ ဒါကြောင့် လယ်ယာလုပ်သားလည်း ရှားပါးလာတယ်။ စပါးရိတ်ချိန်မှာ အနီးအနားရွာတွေကနေ လုပ်သားရှာမရတဲ့အခါ စက်ကို ငှားရမ်းရပါတယ်။ စက်ငှားရမ်းခကို ငွေကြေးနဲ့ မပေးဘဲ၊ စပါး တင်း (၁၀၀) ကို (၅) တင်းပေးရပြီး၊ အမျိုးအစားကောင်းတဲ့ စပါးဆိုရင် (၄) တင်းပေးရ တယ်လို့ ဆိုပါတယ်။ 

ဒေါ်တင်နွယ် (ရွာသူ)။ ။ လိုက်ရိတ်တဲ့သူတွေ ငှားရတယ်။ တစ်ကွက်ကို (၅) သောင်း၊ (၆) သောင်းဘဲ။ ကိုယ်က ရိတ်ချင်ပြီးဆိုရင် သူတို့တွေကို သွားပြောတယ်၊ လာရိတ်ပေးတယ်။ လူတွေရိတ်လို့မအားရင် စက်ကို ငှားပြီး ရိတ်ရ တယ်။ စက်ကိုငှားလည်း ဒီအတိုင်းဘဲ။ တစ်ဧကကို (၅) သောင်း၊ (၆) သောင်းဘဲ။ ခြွေလှေ့ကတော့ တင်း (၁၀၀) ကို စပါးအကြမ်းက (၅) တင်း၊ စပါးအနု (ပေါဆန်း) တွေဆိုရင်တော့ (၄) တင်း စက်ခ စက်သမားကို ပေးရတယ်။ စပါး ဘဲ ယူတယ်။ ကျမတို့ဆို Solar တောင် မဝယ်နိုင်ဘူး။ အဲ့ဒါဝယ်လိုက်ရင်လည်း (စပါးရိတ်ဖို့) လူငှားခပေးဖို့ မရှိတော့လေ ဘာမှ မဝယ်ဖြစ်ဘူး။ နာဂစ်ပြီးကတည်းက တီဗွီမကောင်းတာ အခုထိ တီဗွီမဝယ်နိုင်သေးဘူး (ရယ်သံ)။ အခုက သူများ လှူထားတာလေ၊ ဒိုင်နမိုက တစ်ဦး၊ စက်ကတစ်ဦး အဲ့လိုမျိုးတွေပေါ့နော်။ ဘာမှလည်း မပြောတတ်၊ မသွား တတ် မလာတတ်ပေါ့နော်။ 

နွဲ့နွဲ့ခိုင်။ ။ လပွတ္တလုတ်ရွာတောင်သူတွေဟာ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးစရိတ် ချေးငွေ ကို ရရှိကြပေမယ့် ကောင်းမွန်တဲ့ စိုက်ပျိုးနည်းပညာများနဲ့ အခြားပညာဗဟုသုတများကို စိုက်ပျိုးရေးဌာန ဝန်ထမ်းများထံက မရရှိဘူးလို့ ပြောပြကြပါတယ်။

ရွာသားတစ်ဦး။ ။ ကျနော်တို့ဒေသဟာဆိုရင် မြို့နဲ့အလှမ်းဝေးတယ်။ ဒီတော့ ရွာကလူထုတွေကလည်း အသိပညာ အတတ်ပညာတွေ နည်းကြတာများတယ်။ လယ်သမားတွေ ကိုယ်ပိုင်လယ် ရှိပေမယ့်လို့ ကျနော်တို့ရွာမှာ စက်ပစ္စည်း တို့၊ နည်းပညာပိုင်းတို့မှာ သိပ်ပြီးတော့ နားလည်းတဲ့သူတွေ မရှိကြဘူး။ ပြီးတော့ စိုက်ပျိုးရေးပိုင်းဆိုင်ရာမှာ တကယ့်ကို ပဲ အားနည်းတယ်။ စက်မှုလက်မှုအတွက် ကျနော်တို့မှာ အကူအညီ လိုတယ်။ ဆိုလိုချင်တာကတော့ဗျာ ကျနော်တို့ ရွာအတွက် မြို့ကနေပြီးတော့ လယ်ထွန်စက်တို့ ရိတ်သိမ်းစက်တို့ စျေးနှုန်း ချိုသာစွာနဲ့ အရစ်ကျစနစ်နဲ့ ချပေးမယ် ဆိုရင်တော့ ကျနော်တို့ကျေးရွာအတွက် တကယ်ပဲ အကျိုးရှိလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ ဓါတ်မြေသြဇာတို့ ဒီဇယ်တို့ကိုလည်း စျေးနှုန်းချိုသာစွာနဲ့ပဲဖြစ်ဖြစ် ထောက်ပံ့မှုနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ ကျေးရွာမှာ ဒါတွေရရှိမယ်ဆိုရင် ကျေးရွာရဲ့ စားဝတ်နေရေးက တကယ်ပဲ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ညံ့ပါတယ်။ ကလေးတွေ ဒီကနေ ဘုရားစုကို ကျောင်းတက်ရပါတယ်။ လမ်းကမကောင်းတဲ့အတွက် ဗွက်တွေ နှုန်းတွေထဲမှာ လမ်းလျှောက်ရပါတယ်။ နောက်တစ်ခုက ကျန်းမာရေးပေါ့၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် နေမကောင်း ဘူးဆိုရင် ကျနော်တို့ရွာမှာ ဆေးခန်းမရှိတဲ့အတွက် အဲ့ဒီ ဘုရားစုရွာမှာဘဲ ဆေးခန်းရှိတယ်။ ဘုရားစုနဲ့ ကျနော်တို့ ရွာ က လမ်းပန်းဆက်သွယ်ရေးမကောင်းပါဘူး။ နွေဖက်ဆိုရင် ချောင်းရေခမ်းတဲ့အတွက် ပဲ့တောင် (လှေ) နဲ့သွားလို့ အဆင်မပြေဘူး။ အနည်းဆုံး တစ်နာရီ လျှောက်ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် ကျန်းမာရေး သော်လည်းကောင်း၊ ပညာရေးသော်လည်းကောင်း လိုအပ်တယ်လို့ ကျနော့်အနေနဲ့ မြင်မိတယ်။ 

နွဲ့နွဲ့ခိုင်။ ။ လပွတ္တလုတ်ရွာသူရွာသားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်း တွေကို ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ တိုင်းမန်နေဂျာ ဦးထွန်းအောင်ကျော်ကို မေးမြန်း ကြည့်တဲ့အခါ အခုလိုဖြေကြား ပါတယ်။

ဦးထွန်းအောင်ကျော် (တိုင်းမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန) ။ ။ ကျနော်တို့ကတော့ နည်းပညာနဲ့ လိုအပ်တဲ့ အကူ အညီပေးတယ်။ ငွေချေးတာဟာ တောင်သူလယ်သမားဘဝ မြှင့်တင်ရေးအတွက် ထိရောက်တဲ့လုပ်ငန်းတစ်ခုလို့ ကျနော် မယူဆဘူး။ ကျနော်တို့က စိုက်ပျိုးရေးဦးစီးဌာနက ဖြစ်တဲ့အတွက် စိုက်ပျိုးရေးရှု့ထောင့်ကနေ ဖြေပေးလို့ရ တာပေါ့။ စိုက်ပျိုးရေးအနေနဲ့ဆိုရင် လယ်သမားတွေ သူတို့ဆီမှာ စိုက်တယ်ပျိုးတယ်၊ သူတို့ဒေသနဲ့ကိုက်ညီတဲ့ မျိုးပေါ့။ သူတို့ တကယ်လို့ ကျနော်တို့ဆီမှာ တောင်းဆိုလာရင်ပေးမယ်ဆိုရင် ကျနော်တို့ဝန်ထမ်းတွေကလည်း အဲ့ဒီကိုရောက် လို့ သူတို့ တင်ပြတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ သိရရင် ဒီမှာ ဘာလိုတာလဲ ရေနက်စပါး လိုတာလား၊ ဆားငန်ဒဏ်ခံစပါး လိုတာလား၊ ဒါတွေကို ကျနော်တို့ကသိလိုရှိရင် သက်ဆိုင်ရာဒေသနဲ့ ကိုက်ညီမယ့် မျိုးတွေကို အဲ့မှာ ကူညီပေးလို့ရတယ်။ ဒါတွေကို ကျနော်တို့လည်း အကူအညီပေးနေပါတယ်။ ပေးနေပေမယ့် ကျေးရွာတွေကို ရောက်တယ် မရောက်ဖူးဆိုတာကတော့ သွားရေးလာရေးနဲ့ ဆက်သွယ်ရေး စသည်ဖြင့်ပေါ့လေ။ ကျနော်တို့ဌာနဲ့ တိုက်ရိုက်ချိတ်ဆက်မှု၊ ဒီအပေါ်မှာတော့ မူတည်တဲ့နေရာ တစ်ချို့ ရှိတာပေါ့။ နောက်တစ်ချက်က ငွေချေးတယ်ဆိုတာ စိုက်ဘဏ်ပေါ့နော်၊ စိုက်ဘဏ်ကနေ ငွေချေးတာတွေ ရှိမယ်။ ချေးတာတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ရဲ့လား။ သဘော ကတော့ စိုက်ရေးပျိုးရေးမှာ သုံးဖို့အတွက် ချေးတဲ့ငွေတွေကို တကယ်ပဲ စိုက်ရေးပျိုးရေးမှာ သုံးစွဲသလား။ ဒါတွေကို တော့ ကျနော်တို့မသိနိုင်ဘူးပေါ့။ ငွေချေးရင်တော့ စိုက်ဘဏ်ကပေးတဲ့ အတိုးနှုန်းကလည်း ချေးငွေတွေထဲမှာ အသက်သာ ဆုံးနှုန်းထားနဲ့ ချေးတယ်လို့ဘဲ ကျနော်တို့ သဘောပေါက်ပါတယ်။ 

နွဲ့နွဲ့ခိုင်။ ။ ဦးထွန်းအောင်ကျော်ရဲ့ အဆိုအရ လယ်သမားတွေလည်း တချို့သော ကိစ္စတွေမှာ ကိုယ့် အားကိုယ်ကိုးပြီး နည်းလမ်းရှာသင့်တယ်လို့ ဆိုပါတယ်။ ကိုယ်စိုက်ပျိုးမဲ့ကွင်းရဲ့ ရေပေါ်မူတည်ပြီး မှန်ကန်ကိုက်ညီ တဲ့စပါးမျိးစေ့များကို ရွေးချယ် စိုက်ပျိးသင့်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ စိုက်ပျိုးရေး ဖြစ်ဖို့ဆိုရင် ဒီနှစ်စိုက်ပျိုးရရှိတဲ့ထဲက မျိုးကောင်းမျိုးသန့် မျိုးစပါးကို နောင်နှစ်မှာ စိုက်ပျိုးနိုင်ဖို့အတွက် သိမ်းဆည်းထားသင့်သလို အလုပ်သမားရှားပါးမှုကို လည်း စက်ကရိယာသုံးပြီး အစားထိုးဖြေရှင်းသင့်ကြောင်း သူက အကြံပြုထား ပါတယ်။ 

ဇင်ဝိုင်း (တင်ဆက်သူ) ။ ။ ယခုအစီအစဉ်ကို မြန်မာ့အသံသတင်းထောက် မနွဲ့နွဲ့ခိုင် တင်ဆက်ခဲ့တာ ဖြစ်ပြီး၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲလျက် အထီးကျန်ရှင်သန်ရပ်တည်နေရတဲ့ ဧရာဝတီတိုင်းဒေသကြီးထဲက ကျေးရွာ ကလေး တစ်ရွာအကြောင်း ဖြစ်ပါတယ်။ မြန်မာပြည် အခြားအရပ်ဒေသက အလားတူ ကျေးရွာများမှ နားဆင်ကြတဲ့ သောတရှင်များလည်း မိမိတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ဘယ်လို ကျော်လွှာ ဖြေရှင်းမလဲလို့ အတွေးဆများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက သက်ဆိုင် ရာမြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ် မေးမြန်းကြပါလို့ တိုက်တွန်းရင်း သောတရှင်များ ကျန်းမာ ရွှင်လန်း ကြပါစေ။

 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်"