ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်မှု

26/12/2017 22:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။
 နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရတွေဟာ ကျန်းမာရေးနှင့်ကိုက်ညီပြီး ဓာတုဓာတ်ကြွင်းတွေကင်းစင်ဖို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အာဟာရပြည့်ဝတဲ့သီးနှံတွေကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့အခါမှာ နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်ဖို့၊ သီးနှံတွေကိုစားသုံးတဲ့အခါမှာလည်း အဓိကစာအုပ်စု ၃ ခုနဲ့ ညီမျှစွာ စား သုံးတတ်ဖို့နှင့် သီးနှံတွေရဲ့အာဟာရလျော့နည်းမသွားအောင် ချက်ပြုတ်တတ်ဖို့လိုအပ်ပါတယ်ဆိုတဲ့ အကြောင်း အရာတွေကို ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

 

ချိုအိအိဇင် (သတင်းထောက်)။ ။ မြန်မာ့ရုပ်မြင်သံကြားပရိတ်သတ်များရှင် ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာနဲ့အညီ နိုင်ငံတော်အတွက် စီးပွားရေးအရ အားထားရတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့စပါးကျီးတခုလို့ မှတ်ယူရသလို စပါးစိုက်ပျိုးမှုမှာလဲ အများဆုံး စိုက်ပျိုးတဲ့ တိုင်း ဒေသကြီး တခုဆိုလဲ မမှားပါဘူးရှင်။ မြန်မာနိုင်ငံမှာ ဆန်စပါးဟာ မရှိမဖြစ်အစာအာဟာရတခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ နေ့စဉ်ကြော်လှော် ချက်ပြုတ် စားသောက်နေတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကလဲ မရှိမဖြစ် အစား အစာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာတော့ မိသားစုများအနေနဲ့ စားနပ်ရိက္ခာဖူလုံဖို့ အိမ်ခြံဝန်းအတွင်း သီးနှံစားပင် များစိုက်ပျိုး ဆောင်ရွက်နေမှုများကို ပရိသတ်များ ဗဟုသုတရရှိ အောင် မေးမြန်းရိုက်ကူးပေးသွားမှာပါ။ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၊ တောင်စုကျေးရွာမှာ အိမ်ခြေ (၁၇၀) ရှိပြီး လူဦးရေ အနေနဲ့ (၇၀၁) ဦး နေထိုင်ကာ အိမ်ခြံဝန်းစိုက်ပျိုးရေးကို အိမ်ခြေ (၅၀) လောက်စိုက်ပျိုးကြပါတယ်။ အဲ့ဒီလိုစိုက်ပျိုးရာမှာ တော့ တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးကြတယ်လို့သိရပါတယ်ရှင်။ (00:00 – 01:07)
 
ချိုအိအိဇင်။ ။ ဘာတွေစိုက်ပျိုးထားလဲဆိုတာကတော့… အရင်တုန်းက ဒီလိုမျိုးတွေနဲ့စိုက်ပျိုးဖူးလား။ ဒါအခုမှ စိုက် တာလား။ 
 
ကိုကျော်ကျော်ဆန်း (တောင်စုကျေးရွာ) ။ ။ ဟိုးတုန်းကတော့ စိုက်ပါတယ်။ ဒါပေမဲ့အခု World Vision နဲ့ပူးပေါင်းပြီး စိုက်တာ ပိုပြီးအောင်မြင် ပါတယ်။ ဒါကတော့ ပဲသီး၊ ဒါကတော့ ခဝဲသီး …….(01:08 – 01:26)
 
ချိုအိအိဇင်။ ။ ဒီခဝဲသီးက တော်တော်လေးကို ကြီးတယ်နော်…..
ကိုကျော်ကျော်ဆန်း ။ ။ ကြာရင် ထပ်ကြီးအုံးမှာ…(01:27 – 01:30)
 
ချိုအိအိဇင်။ ။ အစ်ကိုတို့အနေနဲ့ World Vision နဲ့ပူးပေါင်းတဲ့အခါ World Vision က အစ်ကိုတို့ကို ဘာတွေ ထောက်ပံ့ပေးလဲ၊
ကိုကျော်ကျော်ဆန်း။ ။ မျိုးစေ့ရယ်၊ ပိုးသတ်ဆေးရယ်၊ ဆေးဖျန်းကိရိယာတွေပါ။ (01:31 – 01:40)
 
ချိုအိအိဇင်။ ။ အရင်တုန်းက သာမန်ရိုးကျစိုက်ပျိုးနည်းတွေနဲ့စိုက်ပျိုးကြပြီး၊ World Vision မှ သင်တန်းများ လာရောက်ပံ့ပိုးပေးလာမှုရှိတာကြောင့် အိမ်ခြံဝန်းအတွင်းစိုက်ပျိုးဖို့ နည်းလမ်းကောင်းများရရှိလာတယ်လို့ သိရပါတယ်။ အိမ်ခြံဝန်းအတွင်းစိုက်ပျိုးဖို့သင်တန်းများ၊ မျိုးစေ့များ ဆောင်ရွက်ပေးနေမှုကိုတော့ တောင်စုကျေးရွာမှာ တာဝန်ကျသူ ကိုစိုးသူရက အခုလိုပြောပါတယ်။ (01:41 – 02:00)
 
ကိုစိုးသူရ (World Vision)။ ။ ၂၀၁၅ နိုဝင်ဘာလမှာ စိုက်ပျိုးရေးသင်တန်းပေးခဲ့တယ်။ ဘယ်လိုမျိုးသီးနှံတွေကို စိုက်ပျိုးရမလဲ၊ ဘယ်လိုစိုက်ပျိုးရမှာလဲ၊ ရာသီအလိုက်စဉ်ဆက်မပြတ် ဘယ်လိုသီးနှံတွေကို ရွေးချယ်စိုက်ပျိုးရမလဲ ဆိုတာ ကို သင်တန်းပေးခဲ့တယ်ခင်ဗျ၊ တိရစ္ဆာန်တွေ ဝင်လို့မရအောင် ပိတ်ပြာစတွေ ပံ့ပိုးပေးခဲ့တယ်။ ပိုးသတ်ဆေး အနေနဲ့ ကတော့ သဘာဝ တမာပိုးသတ်ဆေးကို ပံ့ပိုးပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ သန့်ရှင်း လတ် ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလောက်စွာ မိသားစု တွေစားသုံးနိုင်ဖို့ နံပါတ်တစ် ရည်ရွယ်ထား တယ်။ အဲ့ဒီထဲမှာမှ သူတို့မိသားစုရဲ့ နေ့စဉ်ထွက်ငွေတွေကို လျော့ချနိုင်ဖို့ အတွက်ကို ရည်ရွယ်တယ်။ နောက်တချက်ကတော့ ကျန်းမာရေး အရ ငါးနှစ်အောက်ကလေးရဲ့ ကျန်းမာရေးမှာ လတ်ဆက်တဲ့ အသီးအရွက်တွေ ဓာတုဆေးဝါးကင်းစင်တဲ့ အသီးအရွက် တွေကို သူတို့စားသုံးနိုင်ဖို့အတွက် ကျွန်တော်တို့ ရည်ရွယ်ထား တာပေါ့နော်။ (02:01 – 02:44)
 
ချိုအိအိဇင်။ ။ အခုလို ခြံဝန်းအတွင်းမှာ တပိုင်တနိုင်စိုက်ပျိုးလို့ ရတာကြောင့် မိသားစုစားဝတ်နေရေးအပြင် အပို ဝင်ငွေလဲ တဖက်တလမ်းကနေ ရရှိကြောင်းကို ကျေးရွာနေ ဒေသခံတစ်ဦးရဲ့စကားသံကတော့…(02:45 – 02:55)
 
တောင်သူ စောအယ်ဝါး (တောင်စုကျေးရွာ)။ ။ စိုက်တဲ့သီးနှံအနေအထားကတော့ ကန်စွန်းပင်ရယ်၊ ချဉ်ပေါင်ပင်ရယ်၊ ငရုတ်ပင်၊ ရုံးပတီပင် အဲ့ဒါတွေ စိုက်ပါတယ်။ ကုန်ကျမှုကတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့သိပ်တော့မများဘူး၊ ဒီနှစ်ဆိုရင် အပင်တွေစိုက်ပျိုးတော့ ရောင်းလဲ ရောင်းရတယ်၊ စားလဲစားရတယ်။ နောက်ပြီးတော့ ကျန်းမာရေးအတွက် ပိုက်ဆံလိုအပ် မယ်ဆိုရင်လဲ ထဲ့သုံးလို့ ရတယ်။ (02:56 – 03:18)
 
ချိုအိအိဇင်။ ။ စိုက်ပျိုးရေးအတွက် မြေဆီသြဇာရရှိဖို့ ဆောင်ရွက်ရာမှာ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ကောက် ရိုးဆွေးများနဲ့ ဆောင်ရွက်ရာမှာ ငွေကုန်ကြေးကျသက်သာကာ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လတ်လတ် ဆက်ဆက် ဟင်းသီးဟင်းရွက်များဖြစ်ထွန်းတဲ့အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။ (03:19 – 03:33)
 
တောင်သူ ကိုမျိုးချစ် (တောင်ကုန်းကျေးရွာ)။ ။ ကျန်းမာရေးအတွက် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင် စိုက်ပျိုး တဲ့ သီးနှံဆိုရင် ဆေးဝါးနဲ့ဓာတုမပါဘူး။ Orangic ပဲသုံးတာဆိုတော့လေ ကျန်းမာရေးအရပြန်ကြည့်မယ်ဆိုရင် ဒီသီးနှံတွေ ကို စားသုံးခြင်းကြောင့် ကျွန်တော်တို့မိသားစုအနာဂတ်ကို အားလုံးကျန်းမာရေးနဲ့ ပတ်သက်လာရင် အရာရာအဆင်ပြေ တယ်လို့ ယူဆတယ်။ World Vision နဲ့ချိတ်ဆက်တာကတော့ အရာရာအားလုံးအဆင်ပြေတယ်။ စိုက်ပျိုးတဲ့အခါ ဘယ်လိုမြေကို ထွန်းယက်ပါ၊ ဘယ်လိုစိုက်ပျိုးပါ၊ ဘယ်သီးနှံကိုသူ့ရာသီအလိုက်စိုက်ပျိုးပါ၊ စိုက်ပျိုးတဲ့အခါ ဘယ်လို ပိုးမွှား အန္တရာယ်တွေကို ဘယ်လိုမြေသြဇာသုံး၊ ဓာတုပါတဲ့ဆေးဝါးတွေမသုံးနဲ့ အော်ဂဲနစ်တွေသုံးမှသာလျှင် ကျန်းမာရေးဘက်က ပြန်ကြည့်မယ် ဆိုရင် အရာရာပြီးပြည့်စုံတယ်။ (03:34 – 04:14)
 
ချိုအိအိဇင်။ ။ မြောင်းမြခရိုင်၊ တောင်ကုန်းကျေးရွာမှာလဲ အိမ်ခြံဝန်းစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး နည်းပညာသင်တန်း ပေး ဆောင်ရွက်နေမှုများလဲရှိပါတယ်။ သင်တန်းကိုတော့ သုံးရက်ကြာသင်ကြားပေးတာဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၄၀) တက်ရောက်ကာ စာတွေ့လက်တွေ့ သင်ကြားပေးနေမှုများ ရှိနေပါတယ်။ စာတွေ့လက်တွေ့သင်ကြားပေးမှု ရှိတာကြောင့် သင်တန်းသားတွေဟာ ဟင်းသီးဟင်းရွက်များစိုက်ပျိုးတဲ့အခါ ဘောင်တွေကို ဘယ်လိုပြင်ရမလဲ၊ စနစ်တကျ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သိရှိလာခဲ့ကြပါတယ်။ လက်တွေ့ဆောင်ရွက်နေမှုများနဲ့ပတ်သက်ပြီး သင်တန်းဆရာ တစ်ဦးက အခုလိုပြောပြခဲ့ပါတယ်ရှင်။ (04:15 – 04:45)
 
ချိုအိအိဇင်။ ။ အကို့ရဲ့နာမည်နဲ့ ဒီသင်တန်းမှာ အကိုတာဝန်ယူထားတဲ့အပိုင်းကို သိပါရစေရှင့်…
ခွန်ကျော်ဇင်ထွန်း (သင်တန်းဆရာ)။ ။ ကျွန်တော့်နံမည် ခွန်ကျော်ဇင်ထွန်းလို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ World Vision ရန်ကုန်ရုံးချုပ်က စိုက်ပျိုးရေးတာဝန်ခံတစ်ဦး ဖြစ်ပါတယ်။ (04:46 – 04:57)
 
 
ချိုအိအိဇင်။ ။ အခုလို သူတို့တွေ အိမ်ခြံဝန်းအတွင်းမှာ စိုက်ပျိုးနိုင်ဖို့အတွက် တစ်နှစ်ပတ်လုံး ပေါ့နော် ဘယ်လိုမျိုး သီးနှံ စိုက်ပျိုးသင့်သလဲဆိုတာ ဘယ်လိုရှင်းပြသလဲ။ (04:58 – 05:07) 
 
ခွန်ကျော်ဇင်ထွန်း (သင်တန်းဆရာ)။ ။ အရင်တုန်းက လိုက်ပြီးကွင်းဆင်းတာတွေ့တယ် အိမ်ခြံဝန်းစိုက်မယ်ဆိုရင် တစ်ကြိမ် နည်းနည်းလေး စိတ်တက်ကြွတုန်းလေး နောက်ပိုင်းမှာ ထပ်မဖြစ်နိုင်ဘူးပေါ့။ မအားတာတို့ပေါ့၊ တခါကျတော့ လည်း တစ်ကြိမ် နှစ်ကြိမ်ထဲ စိုက်ဖြစ်တာပေါ့နော်။ အခုဒီမှာဆိုရင် စဉ်ဆက်မပြတ်ရရှိအောင် အဓိကပို့ချပေးတာလဲ သီးနှံ အုပ်စု (၇) စု ရှိတယ် ဆိုတဲ့အကြောင်း ချပြတယ်။ အနည်းဆုံး (ပေ၂၀) ပတ်လည်မြေရှိရင်ကို အိမ်ခြံဝန်းထဲမှာ စိုက်လို့ ရပါပြီ။ သူတို့ကိုပြောပြတယ်၊ ဘောင် လေးဘောင်လောက်ရှိရင် တစ်ဘောင်ကို စားပြီးသွားရင် ကုန်သွားပြီဆိုတဲ့အခါ ကျန်တဲ့သုံးဘောင်ရှိတယ်။ အဲ့ဒီအခါ ဒီဘောင်ကို ပြန်စိုက်ပါ၊ စိုက်လို့ရတယ်ဆိုတဲ့အကြောင်း အဓိက ပြောပြတော့ သူတို့ မြင်လာတယ်။ အော်…ဒီဘောင်ကို ပြန် ပြင်ပြီး စိုက်လို့ရပါလားလို့ သိလာတယ်။ ပြီးရင် စိုက်သင့်တဲ့ ဟင်းသီးဟင်ရွက် (၇) စုကိုလည်း သိလာတယ်။ စဉ်ဆက် မပြတ် နေ့စဉ်နီးပါး သို့မဟုတ် တစ်ရက်ခြားလောက် စားလိုရအောင် ပို့ချပေးပါတယ်။ (05:08 – 06:27)
 
ချိုအိအိဇင်။ ။ သင်တန်းသားတွေကို စာတွေ့ပြသ သင်ကြားပေးပြီး၊ မိမိတို့စိုက်ပျိုးမယ့် အိမ်ခြံဝန်းမှာ နည်းစနစ်မှန် စိုက်ပျိုးနိုင်ဖို့ လက်တွေ့ပြသသင်ကြားပေးနေမှုများ ဆောင်ရွက်နေတာကို အခုလိုဘဲ ကြားသိရပါတယ်။ (06:28 – 06:38) 
 
ခွန်ကျော်ဇင်ထွန်း (သင်တန်းဆရာ)။ ။ ကျွန်တော်တို့ကတော့ အရင်ဦးဆုံး ဒီမြောင်းမြပေါ့ ဒီသင်တန်းလုပ်နေတဲ့ရွာဆိုရင် အခုနှစ်မှ အစပြုတယ်ဆိုတော့ ကျွန်တော်တို့သဘာဝမြေသြဇာကို အားပေးပါတယ်။ ပြီးတော့ အပင်ကိုမကျွေးနဲ့ မြေကို ကျွေးပါဆိုတဲ့ စကားပုံရှိပါတယ်။ မြေကိုအာဟာရဖြစ်အောင် နွားချေးဆွေး၊ သစ်ဆွေးမြေသြဇာ၊ နောက်ကောက်ရိုးပုံပေါ်မှာ သူ့အလိုလိုဆွေးနွေးတဲ့ဟာတွေ သုံးဖို့ပြောပြပါတယ်။ အဲ့ဒါဟာလည်း နက်နက်နဲနဲ သင်ပေးစရာမလိုပါဘူး။ သူတို့မြင် ပါတယ်။ နောက်ဆုံးမရနိုင်တဲ့အဆုံး သစ်ကြီး ဝါးကြီးအောက်က သစ်ရွက်ခြောက်ဆွေးမြေးနေတဲ့ အပေါ်ယံမြေ အနည်း ဆုံးဆယ်အိတ်လောက်ယူတဲ့နည်းတွေ ပြောပြပါတယ်။ အကြမ်းဖျင်းပြန်တွက်ရင် ကျွန်တော်တို့ ပံ့ပိုးပေးတာသည် မိသားစုတစ်စု တစ်အိမ်ကို တစ်သောင်းခွဲပဲ ရှိပါတယ်။ အဲ့ဒါက ပေနှစ်ဆယ်ပတ်လည်ကိုကာဖို့ ပိုက်ပြာစ ကိုးထောင် လောက် ကျတယ်။ ကျန်တာကတော့ သူတို့ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် တစ်ဘောင်ပြီးတစ်ဘောင် ထပ်ခါထပ်ခါ ပြန်စိုက်ဖို့ မျိုးစေ့က ခြောက်ထောင်လောက်ပဲ ကျတယ်ဆိုတော့ တစ်သောင်းခွဲဆို လုံလောက်ပါတယ်။ (06:39 – 07:50)
 
ချိုအိအိဇင်။ ။ အခုလိုသင်တန်းကို စာတွေ့လက်တွေ့သင်ကြားပေးတာကြောင့် မိမိတို့အိမ်ခြံဝန်းအတွင်းမှာ သီးနှံ တွေကို ဘယ်လိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ စိုက်ပျိုးမယ်ဆိုတာကိုတော့ သင်တန်းတက်ရောက်သူများထံမှအခုလို ကြားသိခဲ့ရပါတယ်။ (07:51 – 08:01)
 
ငြိမ်းငြိမ်းအိ (သင်တန်းသူ)။ ။ အခုကျွန်မကျဲနေတာကတော့ မုန်လာပင်ဖြစ်ပါတယ်။ ဒီလိုမျိုးကျဲနိုင်ဖို့အတွက် World Vision ကနေပြီး နည်းစနစ်ကျကျနဲ့ ဒီလိုမျိုး စိုက်နိုင်ဖို့အတွက် ခေါ်ပြီးသင်ပေးတာပါ၊ ဒီမုန်လာပင်ကတော့ ကလေးတွေ အတွက် အထောက်အကူပြုတယ်။ ဗင်တာမင်အေ လည်း ကြွယ်ဝတယ်။ အစိမ်းရောင်ဖြစ်တဲ့အတွက် စျေးလဲသက်သာ ပါတယ်။ စျေးထဲမသွားရတော့ပဲ နေ့စဉ်စဉ်ဆက် မပြတ်ခူးစားလို့ရပါတယ်။ မီးဖိုချောင်စရိတ်သက်သာတာပေါ့နော်၊ ခလေးတွေကိုလည်း အာဟာရဖြစ်စေပါတယ်။ ဘောင်လေးမျိုးက မုန်လာတစ်မျျိုး၊ ဟင်းနုနွယ်တစ်မျိုး၊ ရုံပတီတစ်မျိုး၊ နံနံတစ်မျိုးပါ။ ဒါကဟင်းနုနွယ်ပါ မျိုးစေ့သေးတဲ့အတွက် သဲနဲ့ သုံးဆတစ်ဆရောပြီး စိုက်ရပါတယ်။ ဟင်းနုနွယ်ကတော့ ကလေးတွေတွက် သံဓာတ်အများဆုံးရပါတယ်။ ဗင်တာမင်အေ လဲကြွယ်ဝတယ်။ ဒါကတော့ နံနံပါ။ နံနံက မရှိမဖြစ်ပေါ့ နော်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေတွက် မှတ်ဉာဏ်ကောင်းပါတယ်။ (08:02 – 08:56) 
 
လဲ့လဲ့ခိုင် (သင်တန်းသူ)။ ။ ကျွန်မအခုစိုက်တာကတော့ သခွားရယ်။ ချဉ်ပေါင်၊ ဟင်းနုနွယ်ရယ်၊ ရုံးပတီးရယ်ပါ။ သခွားက အစိမ်းရောင်ဖြစ်တဲ့ အတွက် ဗင်တာမင်အေရရှိပါတယ်။ ကလေးလူကြီးမရွေးစားသုံးလို့ရတဲ့အတွက် ကျန်းမာ ရေးကို အထောက်အကူပြုပါတယ်။ ချဉ်ပေါင်ရွက်ကလဲ ဗင်တာမင် စီ ဓာတ်နဲ့ ပြည့်စုံတဲ့အတွက် ကလေးလူကြီး မရွေးစား သုံးလို့ ရပါတယ်။ (08:57 – 09:15)
 
စထော် ခလိန် (တောင်ကုန်းကျေးရွာ)။ ။ ကျွန်တော်တို့အခုသီးနှံတွေထဲမှာကတော့ (၇) အုပ်စု ပါဝင်အောင် စိုက်ပျိုးပေးရပါမယ်။ စိုက်ပျိုးရေးသီးနှံထဲ မှာတော့ ရွက်စားပါမယ်။ ဥစားပါမယ်၊ တိုင်ထောင်အုပ်စု၊ အုပ်စု (၇) အုပ်စု ပါဝင် မှာဖြစ်ပါတယ်။ ဒီအာဟာရတွေ စားသုံးခြင်းအားဖြင့် သီးနှံတွေ လတ်လတ်ဆက်ဆက် စားသုံးလိုရပါတယ်။ ကျန်းမာရေးကို လည်း အထောက်အကူပြုပါတယ်။ (09:16 – 09:40)
 
ချိုအိအိဇင်။ ။ အိမ်ခြံဝန်းအတွွင်း သီးနှံစိုက်ပျိုးခြင်းဟာ မိသားစုအာဟာရအတွက် တဖက်တလမ်း အကျိုးရှိစေပြီး စားဖိုဆောင်စရိတ် သက်သာကာ အပိုဝင်ငွေလဲရရှိတာကြောင့် အိမ်တိုင်းအိမ်တိုင်းစိုက်ပျိုးခြင်းဖြင့် အာဟာရရှိတဲ့အစား အစာတွေ ရရှိစေမှာဖြစ်ပါတယ်။ (09:41 – 09:56)
 
ကိုကျော်ကျော်ဆန်း (ဒေသခံ)။ ။ မိန်းမရေ…အပင်တွေကတော့ မနည်းကျပ်နေပြီ။  
 
မနေဇာလင်း (ဇနီး)။ ။ အသီးတွေကလဲ ရောင်းဖို့အချိန်တန်ပြီ။
 
ကိုကျော်ကျော်ဆန်း။ ။ရောင်းရမှာပေါ့ နောက်ပြီးတော့လဲ မြေသြဇာက သဘဝမြေဇာနဲ့စိုက်တာဆိုတော့လေ။
 
မနေဇာလင်း။ ။ စားသုံးသူတွေတွက်လဲ အန္တရာယ်မဖြစ်ဘူး၊ ကိုယ်လည်း အကျိုးရှိတယ်။ နောက်ပြီး သခွားက ပြန်တတ်မှာနဲ့ အပင်မကျပ်အောင် နေရာတွေကို ပြန်ရှင်းရမယ်။ 
 
ကျော်ကျော်ဆန်း။ ။ မိန်းမရေး ဟင်းချက်စရာရှိသေးလား။ 
 
မနေဇာလင်း။ ။ ရှိသေးတယ်။ (09:57 – 10:19)
 
ချိုအိအိဇင်။ ။ အခုလိုမိမိတို့အိမ်ခြံဝန်းထဲကနေ ဓာတုဆေးဝါးတွေမပါဘဲ လတ်လတ်ဆက်ဆက် Orangic ဟင်းသီး ဟင်းရွက်တွေကို ခူးယူချက်ပြုတ်စားချင်ဟာ လူတယောက်မှာ တနေ့တာ လိုအပ်နေတဲ့ ဗင်တာမင်များရရှိစေမှာပဲ ဖြစ်ပါ တယ်။ တစ်နှစ်ပတ်လုံး အိမ်ခြံဝန်းသီးနှံစိုက်ပျိုးခြင်းဟာ ကျေးလက်တောရွာမှာ နေတဲ့သူတွေအတွက် လတ်ဆက်တဲ့ ဟင်းသီး ဟင်းရွက်တွေရနိုင်တဲ့ ဥပမာတခုဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်စားတော့မယ် ဆိုရင်တော့ မချက်ပြုတ်ခင်မှာ ရေနဲ့ဆေးကြောရမှာဖြစ်ပါတယ်။ ချက်တဲ့အခါမှာလဲ အကျက်မလွန်စေဖို့ကလဲ အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာန အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာလှကြည် က အခုလိုပြောပြခဲ့ပါတယ်ရှင်။ (10:20 – 11:05)
 
ဒေါက်တာလှကြည် (အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး၊ ကျန်းမာရေးဦးစီးဌာန)။ ။ ဆရာတို့အာဟာရပညာနဲ့ ပတ် သက်ပြီးတော့ ပြည်သူလူထုကိုပညာပေးတိုင်း အစာအုပ်စု (၃) စု ဆိုပြီး ပြောလေ့ရှိတယ်။ နံပါတ်တစ်ကတော့ အင်အား ဖြစ်စေတဲ့အစာအုပ်စု။ ဒုတိယကတော့ ကလေးတွေကြီးထွားစေတဲ့ လူကြီးတွေမှာ ခန္တာကိုယ်တည်ဆောက်ပြုပြင်တဲ့ လုပ်ငန်းမှာ အရေးကြီးတဲ့ အုပ်စုပေါ့။ ကြီးထွားရေးအုပ်စုပေါ့။ နောက်ဆုံးအုပ်စုကတော့ ရောဂါကာကွယ်ရေးအုပ်စုပေါ့။ (11:06 – 11:34)
 
ချိုအိအိဇင်။ ။ အစာအာဟာရ မျှတဖို့ အဓိကအနေနဲ့ကတော့ ကာဘွန်ဟိုက်ဒရိုက်ပါဝင်တဲ့ ဆန်၊ ဂျုံ၊ နောက်တစ်ချက် က ဗီတာမင်အုပ်စုဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ နောက် ပရိုတင်းဓာတ်ဖြစ်တဲ့ အသားဓာတ် ပဲ စတာတွေ ပါဝင်သင့်ကြောင်းကိုတော့ ဒေါက်တာလှကြည်မှ ဆက်ပြီး ပြောပြထားပါသေးတယ်။ (11:35 – 11:51)
 
ဒေါက်တာလှကြည်။ ။ အစားအစာ ပိရမစ်ဆိုတာရှိတယ်။ ပိရမစ်က အပေါ်ပြားက သေးပြီး အောက်ပိုင်းက ကြီး တယ်။ အများဆုံးစားသုံးရမှာကတော့ ဆန်တို့ ဂျုံတို့ပါတဲ့ ထမင်းတို့ ပေါင်မုန့်တို့အများဆုံးစားရမယ်။ ဒုတိယအများဆုံး စားရမှာက ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပဲ။ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံက အကြမ်းဖျင်းပြောရမယ်ဆိုရင် လူ တယောက်သည် တစ်နေ့ကို ဟင်းသီး ဟင်းရွက် သုံးခါစားလောက် စားရတယ်။ သစ်သီးဝလံဆိုရင်လည်း အနည်းဆုံး (၃) ခါလောက် စားရတယ်။ (11:52 – 12:23)
 
ချိုအိအိဇင်။ ။ နေ့တိုင်း စျေးလိုက်လို့ပြန်လာတဲ့အခါ ဟင်းချက်တော့မယ်ဆို မီးဖိုချောင်ကလည်း ဘယ်လောက်ထိ အရေးပါလဲ ဆိုတာ ရှင်းပြပေးပါအုံး ဆရာ။ (12:24 – 12:36)
 
ဒေါက်တာလှကြည်။ ။ မီးဖိုချောင်ကလဲ အရေးကြီးတာပဲ။ မီးဖိုချောင်ထဲမှာ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုထား မယ်၊ ဘယ်လိုသိုလှောင်မလဲ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် မီးဖိုချောင်ထဲမှာ ဟင်းသီးဟင်းရွက်တွေကို အသားငါးတွေနဲ့ ရောမထားရဘူး။ နောက်ဆုံး ဖြတ်တာတောက်တာကအစ စင့်နှီးတုံးတစ်ခုစီ ထားရတယ်။ ငါးတွေအသားတွေခုတ်တဲ့ စင့်နီးတုံး ဓါးက တစ်မျိုး၊ အသီးရွက်တွေကိုလှီးတဲ့ဖြတ်တဲ့ စင့်နီးတုံးက တစ်ခုထားရတယ်။ အဲ့လိုထားမှ ဝမ်းလျောတာတို့ ဝမ်းပျက်တာတို့ မဖြစ်ဘူး။ တော်တော်အရေးကြီးပါတယ်။ မီးဖိုချောင်အရေးကြီးသလို လူလဲအရေးကြီးတယ်။ ဟင်းသီး ဟင်းရွက် ပြင်ဆင်တဲ့လူတွေက လက်ဆေးကြောတာတို့ လက်မှာအနာမရှိတာတို့ ဒါမျိုးတွေ အရေးကြီးပါတယ်။ (12:37 – 13:32) 
 
ချိုအိအိဇင်။ ။ ဟင်းချက်တဲ့အခါ အကျက်လွန်သွားရင် သူ့မှာပါတဲ့ ဗင်တာမင်ဓာတ်က ကုန်ဆုံးသွားလာ။ (13:33 – 13:40)
 
ဒေါက်တာလှကြည်။ ။ ဟင်းသီးဟင်းရွက်တွေကို ရေအများကြီးနဲ့ပြုတ်မယ်ဆိုရင်လဲ ဗင်တာမင်တွေက ထွက်သွား တာပဲ။ ဗင်တာမင် C တို့ဘာတို့ပေါ့၊ နောက်တခါ ရေနဲ့တအားဆေးရင်လဲ မျောပါသွားတယ်။ ဗင်တာမင်အေကတော့ အဲ့လိုဖြစ်လေ့မရှိဘူး။ သတ္တုအာဟာရဓာတ်က သိပ်ပြီးဆုံးရှုံးလေ့မရှိဘူး။ ပရိုတင်းတွေ သိပ်ဆုံးရှုံးလေ့မရှိဘူး။ အထူးသဖြင့် ရေမှာပျော်ဝင်တဲ့ ဗင်တာမင်လို့ ခေါ်တယ်။ ဟင်းသီးဟင်းရွက်တွေစားမယ်ဆိုရင် ရေနွေးကိုအရင်တည်၊ ပြီးတော့မှ အရွက် ကိုထည့် အဖုံးဖုံး၊ မဟုတ်ရင် အငွေ့ထဲ ပါသွားတယ်။ ရေနွေးဖြောတာလောက်စားရင် ဗီတာမင်မဆုံးရှုံးဘူး။ အထူးသဖြင့် ဟင်းသီးဟင်းရွက်ကို နေ့တိုင်းစားသင့်တယ် လူတွေကဟင်းသီးဟင်းရွက်စားရမှာကို ရှက်ကြတယ်။ ကန်စွန်းရွက် စားရမှာ ကို ရှက်ကြတယ်။ ကန်စွန်းရွက်က တော်တော်ကောင်းတယ်။ ဟင်းနုနွယ်ရွက်လဲကောင်းတယ်။ အစိမ်းရောင် အရွက်တွေ က ဗင်တာမင်ကြွယ်ဝလို့ ကောင်းတယ်၊ အဝါရောင်အရွက်တွေလဲကောင်းတာပါ။ အဲ့ဒီတော့ အာဟာရ ပညာရှင်တွေက ဘာပြောလဲဆိုတော့ ဘယ်လိုဟင်းသီးဟင်းရွက်မျိုး စားရမလဲဆရာ၊ ဟင်းသီးဟင်းရွက် ရောင်စုံစားပါ။ အစိမ်းရောင် ခရမ်း ရောင် ဂေါ်ဖီထုတ်ခရမ်းရောင်လဲ ကောင်းတာပဲ။ အစိမ်းရင့်ရောင်တွေက ဗီတာမင် အေ ကြွယ်ဝတယ်။ တစ်ခြား အဲ့ဒီ အာဟာရဓာတ်မဟုတ်ဘဲနဲ့ ကျန်းမာရေးကို အကျိုးပြုတဲ့ ဓာတ်တွေရှိတယ်။ အရောင်စုံလေ အဲ့ဒီဓာတ်တွေက ပိုများလေပဲ။ သက်တန့်ရောင်စုံလို့ပေါ့။ ရောင်စုံစားပေါ့ နေ့တိုင်းကြီးတေ့ာမစားနဲ့၊ တစ်နေ့တစ်ရောင် လောက်ပေါ့ အကြံပေးချင်တာ ကတော့ ဟင်းသီးဟင်းရွက်တွေကို ရောင်စုံစားပါ။ (13:41 – 15:38)
 
ချိုအိအိဇင်။ ။ ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ ဆီးချိုရောဂါသည်တွေမှာလည်း မျှတပြီး အာဟာရ ရရှိတဲ့ အစားအစာတွေ စားဖို့အရေးကြီးတယ်လို့ ဒေါက်တာလှကြည်က ပြောပြခဲ့ပါတယ်။ (15:39 – 15:48)
 
ဒေါက်တာလှကြည်။ ။ မြန်မာလူမျိုးတွေက အစားရှောင်တာ တော်တော်ဝါသနာပါတယ်။ ဘာစားရင် ဗိုက်နာမယ်၊ ဘာစားလို့ရှိရင် ဝမ်းပျော့မယ်။ အထူးသဖြင့် ကလေးအမေတွေပေါ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပိုအရေးကြီးတယ်။ သူတို့ ကျန်းမာမှ သူတို့အာဟာရပြည့်မှ ဗိုက်ထဲက ကလေး၊ နို့ဆို့နေတဲ့ကလေး ကျန်းမာမယ်။ သူတို့ရှောင်နေရင် နို့ဆို့နေတဲ့ ကလေး၊ ဗိုက်ထဲက ကလေး ရောဂါထူမှာပဲ။ အသီးတော်တော်များများ ချိုတယ်။ ဘာလို့ဆိုတော့ သကြားပါလို့။ ဒါပေမယ့် ချိုတာနဲ့ ဆီးချိုတက်တာနဲ့ မဆိုင်ဘူး။ အချိုများလေ ဆီးချိုတက်လေဆိုတာ မဟုတ်ဖူး။ အချိုနည်းပြီးတော့ ဆီးချိုတက်တာ ရှိတယ်။ အချိုများပြီး ဆီးချိုမတက်တာရှိတယ်။ တစ်ချို့ဆို ဘာမှတောင်စားစရာမရှိတော့ဘူး။ အဖေကရှောင် ခိုင်းလိုက်၊ အမေက ရှောင်ခိုင်းလိုက်၊ ယောက်ခမက ရှောင်ခိုင်းလိုက်၊ အိမ်နီးနားချင်း အဒေါ်ကြီးတွေက ရှောင်ခိုင်းလိုက် စားစရာကို မရှိဘူး။ အဲ့လိုမဖြစ်ရဘူး။ (15:49 – 16:34)
 
ချိုအိအိဇင်။ ။ ကျန်းမာခြင်းဟာ လာဘ်တပါးဆိုသလို မိသားစုကျန်းမာရေးအတွက် အကျိုးရှိစေပြီး အပြင်ထွက်ငွေ နည်းကာ စားဖိုဆောင်စရိတ်သက်စေတဲ့ အိမ်ခြံဝန်းသီးနှံစိုက်ပျိုးခြင်းဖြင့် အိမ်တိုင်းအိမ်တိုင်း သာယာလှပတဲ့ဘဝတွေ ပိုင်ဆိုင်စေဖို့ ရိုက်ကူးတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်ရှင်။ (16:35 – 16:51)
 
 

Download
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်