စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါသည် သိပ္ပံအမည် Xanthomonas oryzae pv. oryzae ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ပျိုးပင်များညှိုးခြင်းနှင့် အရွက်များဝါခြင်း၊ ခြောက်သွေ့ ခြင်းတို့ကို ဖြစ်စေသည်။

ဖြစ်ပွားသည့် အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ

ဤရောဂါသည် ပေါင်းမြက်ပင်များနှင့် ရောဂါကျစပါးရိုးပြတ်များရှိသော လယ်ကွက်များတွင် ပိုမိုဖြစ်ပွါး တတ်သည်။ ၎င်းကိုအပူပိုင်းဒေသနှင့် သမပိုင်းဒေသ နှစ်မျိုးစလုံးတွင်တွေ့ရှိနိုင်ပြီး၊ အထူးသဖြင့် ရေသွင်း စိုက်ခင်းနှင့် မိုးကောင်းသောက်လယ်မြေများတွင်တွေ့ရသည်။ ယျေဘူယအားဖြင့် ဤရောဂါသည် အပူချိန် ၂၅ မှ ၄၃ ဒီဂရီ ဆား(လ)စီးယပ်(စ) နှင့် စိုထိုင်းဆ ၇၀% အထက်တွင် ကျရောက်မှုအများဆုံးဖြစ်သည်။ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာဆက်တိုက်ရွာခြင်းတို့ဖြစ်ပြီးလျှင် ဤရောဂါကိုမြင်တွေ့ရလေ့ ရှိသည်။ အကြောင်းမှာ လေပြင်းနှင့်မိုးသည်းတို့သည် ရောဂါကျအပင်၏အနာပြောက်ပေါ်တွင် စိမ့်ထွက်နေ သည့် ဘက်တီးရီးယားအစုဝေးကို လွယ်ကူစွာပြန့်နှံ့စေသောကြောင့်ဖြစ်သည်။

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါသည် နိုက်တြိုဂျင်မြေသြဇာနှုံးထားမြင့်မားစွာ ကျွေးထားပါက ခံနိုင်ရည်မဲ့သည့် စပါးမျိုးများတွင် ဆိုးရွားပြင်းထန်စွာကျရောက်ဖြစ်ပွါးသည်။

ရောဂါအမျိုးအမည်ခွဲခြားဖော်ထုတ်ခြင်း / ပင်ပြလက္ခဏာ

အရွက်များညှိုးခြင်း၊ ဝါခြင်းနှင့် "ခရီဆက်" ဟုခေါ်သော ပျိုးပင်များညှိုးခြင်း တို့ကိုကြည့်ရှု စစ်ဆေးရ မည်။
ပျိုးပင်များပေါ်တွင် ရောဂါကျအရွက်များသည် မီးခိုးရောင် ၊ စိမ်းမွဲမွဲအရောင်သို့ပြောင်းလာပြီး အပေါ်ဖက်သို့လိပ်လာသည်။ ရောဂါတိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ အရွက်များသည် အဝါရောင်မှ ကောက်ရိုးရောင်အထိ ပြောင်းလာပြီးညှိုးလာကာ တစ်ပင်လုံးခြောက်လာပြီး သေသွားသည်။ ပျိုးပင်များပေါ်ရှိ "ခရီဆက်" လက္ခဏာသည် တစ်ခါတစ်ရံ စောစီးစွာကျရောက်သည့် စပါးပင်စည်ထိုးပိုးဖျက်ဆီးမှုနှင့် လွဲမှားတတ်သည်။ ၎င်းလက္ခဏာနှစ်မျိုးကို ခွဲခြားနိုင်ရန် ရောဂါကျအပင်၏ ပင်ခြေကို လက်ဖြင့်ညှစ်ကြည့် နိုင်သည်။ "ခရီဆက်" လက္ခဏာဆိုလျှင် အဝါရောင် ဘက်တီးရီးယားစိမ့်ထွက်ရည်များက ဓားနှင့်ဖြတ်ထား သော ပင်စည်မျက်နှာပြင်မှ ထွက်လာလိမ့်မည်။ ပင်စည်ထိုးပိုး ဝင်ရောက်ဖျက်ဆီးနေသည့်အပင်သည် ဆွဲနှုတ်ရ လွယ်ကူပြီး၊ "ခရီဆက်" လက္ခဏာပြအပင်သည် နှုတ်ရမလွယ်ပေ။
ရောဂါကျနေသောပျိုးပင်ကို ရွှေ့စိုက်လျှင် စိုက်ခင်းတွင်ရောဂါဆက်လက် ကူးစက်ဖြစ်ပေါ်နိုင်သည်။

ရောဂါအနာပြောက်များကို ခွဲခြားစစ်ဆေးခြင်း

စိုက်ခင်းရှိ အပင်ရင့်များပေါ်တွင် အနာပြောက်များသည် ရေစိုနာအစက်မှနေပြီး အဝါရောင်၊ လိမ္မော်ရောင် အစင်းများအဖြစ် ရွက်ပြားပေါ်တွင်၎င်း၊ အရွက်ထိပ်တွင်၎င်း အရွက်၏ဒါဏ်ရာရနေသော အစိတ်အပိုင်းတွင်၎င်းဖြစ်ပေါ်သည်။ အနာပြောက်တွင် လှိုင်းတွန့်ပုံသဏ္ဍန်အနားပါရှိပြီး အရွက်ရင်းအထိ ကျယ်ပြန့်သွားသည်။
နုသောအနာပြောက်များတွင် ဘက်တီးရီးယားစိမ့်ထွက်ရည်များကို နံနက်ခင်း၌နို့နှစ်ရောင်နှင်းစက် ကဲ့သို့တွေ့မြင်နိုင်ပါသည်။ ၎င်းဘက်တီးရီးယားစိမ့်ထွက်ရည်စက်များသည် နောက်ပိုင်းတွင်ခြောက်သွေ့ သွားပြီး အရွက်၏အောက်မျက်နှာပြင်တွင်အဝါရောင် ပုတီးစေ့ကဲ့သို့တွေ့မြင်ရသည်။ အနာပြောက်များ ရင့်လာသောအခါ အဝါရောင်မှအဖြူရောင်သန်းသည့်မီးခိုးရောင်သို့ပြောင်းလာပြီး သက်မဲ့စားမှိုများ ဝင်ရောက်ပေါက်ပွား သဖြင့် အနက်စက်လေးများကိုတွေ့ရသည်။ ရောဂါပြင်းထန်စွာကျနေသောအရွက်များ ပေါ်တွင် အနာပြောက်သည် ရွက်ဖုံးသို့တိုင်အောင်ကျယ်ပြန့်သွားသည်။

အရွက်ပေါ်မှဘက်တီးရီးယားရွက်ခြောက်ရောဂါကို အမြန်ဆုံးခွဲခြားဖေါ်ထုတ်နိုင်ရန်

(က) ရောဂါနုသေးသည့် အနာပြောက်နေရာတွင်ဒါးနှင့်ဖြတ်ပြီး အလင်းဖေါက်မြင်ရသည့်ဖန်ခွက် အတွင်းရှိ ရေကြည်ထဲသို့ထည့်ပါ။
(ခ) မိနစ်အနည်းငယ်ကြာသော် ဖန်ခွက်ကိုကိုင်၍ အလင်းရောင်တွင်ထောင်ကြည့်ပါက ဖြတ်ထား သောအရွက်ထိပ်မှနေပြီး အဖြူရောင်ထူပြစ်ပြစ်အရည်တန်းထွက်လာသည်ကိုမြင်ရပေမည်။ ဘက်တီးရီးယား များပါဝင်သော စိမ့်ထွက်ရည်များဖြစ်သည်။

ရောဂါ၏ အရေးကြီးပုံ

ဘက်တီးရီးယားရွက်ခြောက်ရောဂါသည် အရေးကြီးဆုံးသောစပါးရောဂါများအနက်မှတစ်ခုဖြစ်သည်။ ရောဂါ စောစောကျရောက်ဖြစ်ပွါးလေလေ စပါးအထွက်နှုန်းဆုံးရှုံးမှု မြင့်မားလေလေဖြစ်သည်။ ရောဂါဒါဏ်ခံနိုင်ရည်မဲ့ သည့် စပါးမျိုးကို ရောဂါအားပေးသည့်ပတ်ဝန်းကျင်တွင်စိုက်လျှင် ဤရောဂါကြောင့်အထွက်နှုန်းဆုံးရှုံးမှုသည် ၇၀% အထိမြင့်မားနိုင်ပါသည်။ အပင်များသည် ဖုံးတုံးလုံးတုံးအချိန်တွင် ရောဂါကျရောက်လျှင် စပါးအထွက် နှုန်းကို မထိခိုက်သော်လည်း ဆန်ရည်ဆန်သားညံ့ပြီး စက်ကြိတ်ရာတွင် ဆန်ကျိုးကျေသည့်နှုန်းများပေသည်။

ကာကွယ်နှိမ်နင်းပုံ

(၁) ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးကိုစိုက်ပျိုးခြင်းသည် အထိရောက်ဆုံး၊ အလွယ်ကူဆုံးနှင့် ကုန်ကျ စရိတ် အသက်သာဆုံးသော ကာကွယ်နှိမ်နင်းနည်းဖြစ်သည်။
အခြာသောနည်းလမ်းများတွင် ---
(၂) ပျိုးခင်း ရေမလျှံစေရ။
(၃) အပင်အာဟာရဓါတ်များ (အထူးသဖြင့် နိုက်တြိုဂျင်) ကိုညီမျှစွာသုံးစွဲခြင်း
(၄) စိုက်ခင်းနှင့်ပျိုးခင်းတို့တွင် ရေသွင်းရေထုတ်စံနစ် ကောင်းမွန်အောင်ဆောင်ရွက်ခြင်း
(၅) စိုက်ခင်းကိုသန့်ရှင်းအောင်ထားခြင်း
(၅) ပေါင်းပင်များကိုဖယ်ရှားပြီး ရိုးပြတ်၊ ကောက်ရိုး တိုကိုမီးရှို့ရမည်။ လမိုင်းအပင်များ၊ ယခင်နှစ်ကကျန်ရစ်ခဲ့ သောမျိုးစေ့များမှ ပေါက်လာသောအပင်ငယ်များ ကိုထယ်လှန်ထိုးပစ်ရမည်။ ၎င်းတို့သည်ဤ ဘက်တီးရီးယား၏ လက္ခံပင် များ ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
(၆) စိုက်ခင်းကို မြေလှပ်ထားရမည်။ မြေကြီူခြောက်သွားပြီး အပင်အကြွင်းအကျန်အစိတ်အပိုင်းနှင့် မြေကြီးထဲရှိ ရောဂါဖြစ်ကြောင်းဘက်တီးရီးယားကို သေစေရန်ဖြစ်သည်။

 REF: IRRI Rice Knowledge Bank


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်