စပါးဘက်တီးရီးယားရွက်စင်းရောဂါ

08/12/2017 22:29 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား

ဤရောဂါသည်Xanthomonasoryzaepv.oryzicola ဆိုသည့် ဘက်တီးရီးယားကြောင့် ဖြစ်သည်။ ရောဂါကျ အပင်တွင် အရွက်များ အညိုရောင်ပြောင်းခြင်း၊ ခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်သည်။ ရောဂါ ပြင်းထန်စွာ ဖြစ်ပွားလျှင် အရွက်မှ အစာချက်လုပ်မှုလျော့နည်းသောကြောင့် ထွက်သည့် ဆန်အလေးချိန်လည်း လျော့နည်း နိုင်ပါသည်။

ဖြစ်ပွားသည့် အကြောင်းရင်းနှင့်ဖြစ်ပွားသည့်နေရာ

စပါးဘက်တီးရီးယား ရွက်စင်းရောဂါသည် အပူချိန်နှင့် စိုထိုင်းဆ မြင့်မားသောဒေသတွင် ဖြစ်ပွားသည်။ မျိုးစေ့မှ တစ်ဆင့်သော်လည်းကောင်း၊ ရောဂါကျ အပင်၏ ရိုးပြတ်များမှ တဆင့်သော်လည်းကောင်း ကူးစက်နိုင်သည်။ ဘက်တီးရီးယားသည် အရွက်များပေါ်တွင် ရှိနေလျှင် (သို့မဟုတ်) ရေထဲ၊ ပင်ကြွင်း ပင်ကျန် အစိတ်အပိုင်းထဲတွင် ရှိနေလျှင် ထိုစပါးခင်းထဲ၌ ရောဂါဖြစ်ပွား နိုင်သည်။
ဤရောဂါသည် အာရှ၊ အာဖရိက၊ တောင်အမေရိကနှင့် သြစတြေးလျတိုက်များရှိ အပူပိုင်းနှင့်သမပိုင်း ဒေသများတွင် ဖြစ်ပွားလေ့ ရှိသည်။
ဤရောဂါသည် အပင်ငယ်စဉ်တွင် လည်းကောင်း၊ ပင်ပွား အများဆုံးအချိန်မှ အနှံ စတင်ထွက်ချိန်အထိ လည်းကောင်း ကျရောက် ဖြစ်ပွားနိုင်သည်။ စပါးပင်ရင့်များတွင် ကျရောက်လျှင် လွယ်ကူစွာ နလံထူနိုင်ပြီး အလေးချိန်လျော့နည်းမှုလည်း မရှိလှပေ။

ဘက်တီးရီးယား ရွက်စင်းရောဂါကျရောက်နေသော စပါးခင်း

ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ

ရောဂါပြောက်များကို ခွဲခြားစစ်ဆေးသည့် အခါရောဂါ လက္ခဏာအနေဖြင့် ရွက်ကြောများကြားတွင် သေးငယ်သော ရေစိုနာ အစင်တန်းလေးများ ဖြစ်ပေါ်သည်။ ၎င်းအစင်းတန်းများသည် အစောပိုင်းတွင် အစိမ်းရင့်ရောင်ရှိပြီး နောက်ပိုင်းတွင် အညိုဖျော့ရောင်မှ အဝါရောင်သန်းသည့် မီးခိုးရောင်သို့ပြောင်းသွား သည်။ အလင်းရောင်နောက်ခံတွင် ကြည့်လျှင် ၎င်းအစင်းတန်းနေရာတွင် ဖေါက်ထွင်း မြင်နိုင်သည်။ ရောဂါပြင်းထန်လျှင် အရွက် တစ်ရွက်လုံးခြောက်ပြီး သေသွားတတ်သည်။ စွတ်စိုသည့် ရာသီမျိုးတွင် ဘက်တီးရီးယားဆဲ(လ်)မြောက်များစွာ ပါဝင်သော စိမ့်ထွက်ရည်ကို အဝါရောင် အစက်သေးလေးများအဖြစ် အရွက် မျက်နှာပြင်ပေါ်တွင်တွေ့ရသည်။
ဘက်တီးရီးယား ရွက်စင်းရောဂါသည် မှိုကြောင့်ဖြစ်သော စပါးရွက်ညိုပြောက်ရှည်ရောဂါနှင့် လွဲမှားနိုင်သည်။ ခွဲခြားနိုင်သည့် အချက်များမှာ-
(၁)ဘက်တီးရီးယား ရွက်စင်းရောဂါ၏ အနာများသည် စပါးရွက်ညိုပြောက်ရှည်ရောဂါ၏ အနာပြောက်များထက် ကျဉ်းသည်။
(၂)ဘက်တီးရီးယား ရွက်စင်းရောဂါပြောက်သည် အလင်းပေါက် မြင်နိုင်ပြီး၊ စပါးရွက်ညိုပြောက် ရှည်ရောဂါ၏ ရောဂါပြောက် များသည် အလင်းရောင် မဖေါက်နိုင်ပေ။
(၃)ဘက်တီးရီးယား ရွက်စင်းရောဂါကျအရွက်ကို ရောဂါပြန့်နေသည့်အပိုင်းတွင် ဓါးနှင့်ဖြတ်ပြီး ဖန်ခွက် အကြည်တွင်းရှိ ရေကြည်တွင် ထည့်ပါက အရွက်ပြတ်နေရာမှ ဘက်တီးရီးယားများ စိမ့်ထွက်လာသည်ကိုမြင်ရပြီး ၅-မိနစ်ခန့်ကြာလျှင် ရေနောက်သွားပေမည်။ စပါးရွက်ညိုပြောက် ရှည်ရောဂါကျ အရွက်တွင်မူ ဤသို့မမြင်နိုင်ပေ။
ဘက်တီးရီးယား ရွက်စင်းရောဂါသည် ဘက်တီးရီးယား ရွက်ခြောက်ရောဂါနှင့် အတူ အရွက်တစ်ရွက် ထဲပေါ်တွင် တပြိုင်တည်း ကျရောက်နေပါက အစောပိုင်းတွင်ရောဂါပြောက် နှစ်မျိုးသည်ဆင်တူပြီး မှားနိုင် ပါသည်။ သို့သော်လည်းနောက်ပိုင်းတွင် ကွဲပြားသွားပါသည်။

 

ရောဂါ၏ အရေးကြီးမှု

ဤရောဂါကြောင့် အထွက်နှုန်းလျော့နည်းမှုသည် စိုစွတ်သော ရာသီတွင် ၈%မှ၁၇% အထိရှိပြီး ခြောက်သွေ့ရာသီတွင် ၁% မှ ၃% အထိသာရှိပေသည်။

ကာကွယ်နှိမ်နင်းနည်း
(၁) ရောဂါဒါဏ်ခံနိုင်ရည် ရှိသော စပါးမျိုးကိုစိုက်ပျိုးပါ။
(၂) မျိုးစေ့ကို ရေနွေးပူ (၅၂ ဒီဂရီ ဆဲလ်စီးယပ်(စ) တွင် နာရီဝက်ခန့်) စိမ်ပြီး စိုက်ပါ။
(၃) စိုက်ခင်းကို သန့်ရှင်းစွာ ထားပါ။
(၄) လက်ခံပင်များ ဖြစ်သော(ရောဂါကျရောက်တတ်သော) ပေါင်းမြက်များ ဖယ်ရှားပါ။
(၅) စပါး ရိုးပြတ်၊ ကောက်ရိုး၊ ရိုးပြတ်မှပေါက်လာသော လမိုင်းပင်များ၊ ယခင်နှစ်မှ ကျန်ခဲ့သော မျိုးစေ့များ မှပေါက်လာသည့် အပင်ငယ်များကို ထယ်ထိုးမြေလှန် ဖျက်ဆီးပစ်ပါ။
(၆) အပင် အာဟာရဓါတ် (အထူးသဖြင့် နိုက်တြိုဂျင်ဓါတ်) ကို မျှတစွာကျွေးပါ။
(၇) စိုက်ခင်းနှင့် ပျိုးခင်းအတွင်း ရေသွင်း၊ ရေထုတ် စနစ်တကျ ပြုလုပ်ပါ။
(၈) ခြောက်သွေ့ရာသီတွင် မြေလှပ်ထားပါ။ မြေကြီးနှင့် အပင်အစိတ်အပိုင်းများတွင်ရှိသော ရောဂါ ဖြစ်စေ သည့် ဘက်တီးရီးယား ပိုးမွှား များသေစေရန် ဖြစ်သည်။
(၉) ရောဂါဆိုးရွားစွာ ကျရောက်ပြီး အထွက်နှုန်း ထိခိုက်နိုင်လောက်သည်ဆိုပါက ကော့ပါး အခြေခံ မှိုသတ်ဆေးကို အနှံထွက်ချိန်တွင် ဖြန်းပေးပါ။

ဒေါက်တာခင်နှင်းယု

ကိုးကား- IRRI Rice Knowledge Bank

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်