မြန်မာနိုင်ငံမှာ ဗောဓိညောင်ပင်ဆိုတာ ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ တန်ဖိုးထားကြတဲ့ အပင်ဖြစ်ပါတယ်။ ခံ့ညားထည်ဝါပြီး ကိုင်းဖျာဝေဆာနေတဲ့ ညောင်ပင်ကြီးတွေကို ထေရဝါဒဗုဒ္ဓဘာသာမှာ အလွန်ကြည်ညိုလေးမြတ်ကြပါတယ်။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဘုရားကျောင်းကန်တွေ၊ စေတီပုထိုးတွေနဲ့ ကျေးလက်ဒေသ လူထုအစည်းအဝေးပွဲတွေမှာလည်း ဒီညောင်ပင်ကြီးတွေကပဲ အေးမြတဲ့အရိပ်ကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ "ညောင်ရွက်တွေ ရွှေရောင်ပြောင်းကုန်တယ် ဝါကုန်တယ်" ဆိုတဲ့ ဖြစ်စဉ်အပေါ် အယူအဆအမျိုးမျိုးနဲ့ ကောက်ချက်ချတာ ထင်မြင်ပြောဆိုကြတာတွေ တွေ့ရှိရပါတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အလေးထားရတဲ့ ညောင်ပင်ကြီးတွေမှာ ယခုလို အရွက်များ အဝါရောင်ပြောင်းကာ ကြွေကျခြင်းဟာ အတိတ်နိမိတ်တစ်ခုလားဆိုတာ သေချာမသိပေမဲ့ ဒီဆောင်းပါးမှာတော့ စိုက်ပျိုးရေးနဲ့ ရုက္ခဗေဒ ရှုထောင့်ကနေ လေ့လာပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးရှုထောင့်ကနေပြောရရင် ညောင်ရွက်တွေ အဝါရောင် ဒါမှမဟုတ် ရွှေဝါရောင် ပြောင်းသွားရတာဟာ သူတို့မှာရှိတဲ့ အစိမ်းရောင်ဓာတ် (chlorophyll - ကလိုရိုဖီးလ်) တွေ ပျက်စီးပြိုကွဲကုန်ပြီး အစိမ်းရောင်အောက်မှာ ဖုံးကွယ်နေတဲ့ အဝါရောင်ဓာတ် (carotenoids - ကာရိုတီးနွိုက်) တွေ ပေါ်လာလို့ ဖြစ်ပါတယ်။ အဲ့ဒီလို အရွက်တွေရဲ့ အရောင်ပြောင်းလဲမှုဖြစ်စဥ်ဟာ များသောအားဖြင့် သဘာဝပတ်ဝန်းကျင်ရဲ့ ဖိစီးမှုဒဏ်တွေကြောင့် ဖြစ်တတ်ပြီး ဥပမာအားဖြင့် မိုးခေါင်တာ၊ ရာသီဥတု အလွန်အမင်းပူပြင်းတာ၊ အပူချိန် ရုတ်တရက်ထိုးကျသွားတာ ဒါမှမဟုတ် ရေရရှိမှု ပုံမှန်မဟုတ်ဘဲ အမြစ်တွေ ရေငတ်တာ/ရေဝပ်တာမျိုးတွေကြောင့် ဖြစ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း အချို့ကိုလည်း မျှဝေပေးသွားပါအုံးမယ်။
ရာသီအကူးအပြောင်းနှင့် အပင်တို့၏ သဘာဝ (Leaf Senescence)
အခုလို မိုးဦးကျကာလ (သို့မဟုတ်) ရာသီအကူးအပြောင်းမှာ ညောင်ပင်အပါအဝင် အပင်တော်တော်များများဟာ ရွက်ဟောင်းတွေကို ချွေချလေ့ရှိပါတယ်။ သိပ္ပံလို Leaf Senescence လို့ ခေါ်တဲ့ ဒီဖြစ်စဉ်ဟာ အပင်က သူ့အလိုလို အရွယ်အိုမင်းလာတဲ့ အရွက်တွေကို ဖယ်ရှားပစ်တာမျိုးပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ အရွက်တွေ စိမ်းလန်းနေရခြင်းဟာ အစာချက်လုပ်ပေးတဲ့ ကလိုရိုဖီး (Chlorophyll) ကြောင့်ပါ။ အရွက်တွေ အိုမင်းလာတဲ့အခါ ဒါမှမဟုတ် ရာသီဥတုပြောင်းလဲတဲ့အခါ အပင်က အဲဒီကလိုရိုဖီးတွေကို ဖြိုခွဲပစ်ပြီး အာဟာရဓာတ်တွေကို ပင်စည်နဲ့ အမြစ်ဆီ ပြန်သိမ်းပါတယ်။ အစိမ်းရောင် ကလိုရိုဖီးတွေ မရှိတော့တဲ့အခါ အရွက်ထဲမှာ ကျန်ခဲ့တဲ့ ကာရိုတီးနွိုက် (Carotenoids) ဒြပ်ပေါင်းတွေကြောင့် အရွက်တွေက အဝါရောင်ပြောင်းသွားရခြင်း ဖြစ်ပါတယ်။ ဒါဟာ အပင်သေဆုံးသွားတာမျိုးမဟုတ်ဘဲ အရွက်သစ်တွေ အားအင်အပြည့်နဲ့ ပြန်ထွက်လာဖို့အတွက် အိုမင်းရင့်ရော်တဲ့ အရွက်တွေကို သဘာဝအတိုင်း လဲလှယ်ပေးတာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးရှုထောင့်က အခြားဖြစ်နိုင်ခြေများ
အရွက်တွေ အရောင်ပြောင်းလဲသွားတာကို စိုက်ပျိုးရေးနဲ့ ရုက္ခဗေဒ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဖြစ်နိုင်ခြေများတဲ့ အချက်အလက်တွေရှိပါတယ်။

အပူဒဏ် (Heat Stress)
နွေရာသီလိုကာလတွေမှာ အပင်တွေ အရွက်ဝါရတဲ့ အဓိကတရားခံကတော့ "အပူဒဏ်လွန်ကဲခြင်း" ကြောင့် ဖြစ်ပါတယ်။ အပူချိန်ဟာ ၃၅ ဒီဂရီဆဲလ်စီးယပ်စ် နဲ့ အထက်မှာ ဆက်တိုက်ရှိနေမယ်ဆိုရင် အပင်တွေဟာ သူတို့ရဲ့ ပုံမှန်ရှင်သန်မှုဖြစ်စဉ်ကို ထိန်းသိမ်းဖို့ ရုန်းကန်ရပါတော့တယ်။ ရာသီဥတု အလွန်အမင်းပူပြင်းလာတဲ့အခါ အရွက်တွေကနေ ရေငွေ့ပြန်ပြီး ရေဓာတ်ဆုံးရှုံးမှုနှုန်းကို လျင်မြန်သွားစေပါတယ်။ အပင်ဟာ အမြစ်ကနေ အရွက်တွေဆီ ရေရောက်အောင် အမြန်ဆုံး မပို့ပေးနိုင်တော့တဲ့အတွက် အပင်တွင်း ရေဓာတ်ပြတ်လပ်မှု (Moisture Deficit) ဖြစ်ပေါ်လာစေပြီး အရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ "ကလိုရိုဖီးလ်" ဓာတ်တွေ ပျက်စီးကုန်ပါတော့တယ်။ ဒီလိုနဲ့ အစိမ်းရောင်ဓာတ်တွေ လျော့နည်းသွားတဲ့အခါ အောက်မှာဖုံးနေတဲ့ အဝါရောင်ဓာတ်တွေ ပေါ်လာပြီး အရွက်တွေ စတင်ဝါလာပါတယ်။ ပြီးရင်တော့ အပင်က ရေလိုအပ်ချက်ကို လျှော့ချဖို့အတွက် အရွက်တွေကို ကြွေကျစေပါတော့တယ်။ အပူဒဏ်နဲ့အတူ လေထုစိုထိုင်းဆပါ မြင့်တက်နေရင် အပင်တွေဟာ ရေငွေ့ပြန်လွယ်ပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီအခါ သက်တမ်းရင့်အပင်ကြီးတွေနဲ့ အပူဒဏ်ခံနိုင်တဲ့ အပင်အမျိုးအစားတွေတောင်မှ ဒီဒဏ်ကို မခံနိုင်တော့ဘဲ အရွက်တွေ ဝါကုန်ကြတာ ဖြစ်ပါတယ်။
ရေလောင်းရာတွင် မှားယွင်းခြင်း (Watering Mistakes)
တကယ်တော့ ရေအလွန်အမင်း လောင်းမိတာရော၊ ရေငတ်အောင် ထားမိတာရော နှစ်ခုစလုံးဟာ အပင်တွေကို အရွက်ဝါစေနိုင်ပါတယ်။ ရာသီဥတုပူတဲ့အခါ စိုးရိမ်စိတ်နဲ့ ရေတွေ အလွန်အကျွံ လောင်းမိတတ်ကြပါတယ်။ ဒါပေမဲ့ အပင်ခြေပတ်လည် မြေကြီးထဲမှာ ရေတွေအမြဲတမ်းစိုစွတ်ပြီး ရေဝပ်နေမယ်ဆိုရင် အပင်ရဲ့အမြစ်တွေဟာ ပုံမှန်အလုပ်လုပ်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင် (လေဓာတ်) ကို မရရှိနိုင်တော့ပါဘူး။ ဒီလိုကနေတစ်ဆင့် "အမြစ်ပုပ်ရောဂါ" ဖြစ်ပွားနိုင်ပါတယ်။ အမြစ်ပုပ်သွားတဲ့အခါ အပင်ခြေမှာ ရေတွေ ဘယ်လောက်ပဲရှိနေပါစေ အပင်က အာဟာရဓာတ်တွေကို မစုပ်ယူနိုင်တော့ဘဲ အရွက်တွေဝါပြီး အချိန်မတန်ခင် ကြွေကျကုန်မှာ ဖြစ်ပါတယ်။ ထို့နည်းတူ ရာသီဥတု ပူပြင်းချိန်မှာ အပင်ကို ရေမလောင်းဘဲထားရင်လည်း သိသိသာသာဒဏ်ဖြစ်ပြီး အရွက်တွေ ဝါလာတတ်ပါတယ်။ လူအများစု မှားတတ်ကြတဲ့အချက်ကတော့ ရေကို မြေအပေါ်ယံတင် ခဏခဏဖြန်းပြီး လောင်းပေးခြင်း (Shallow watering) ဖြစ်ပါတယ်။ အဲ့ဒီလိုလောင်းရင် အပင်ရဲ့အမြစ်တွေဟာ မြေအောက်အနက်ထဲ မဆင်းတော့ဘဲ မြေမျက်နှာပြင် အပေါ်ယံနားမှာပဲ ကပ်ပြီး ကြီးထွားလာတတ်ပါတယ်။ အဲဒီအခါ မြေပေါ်က အပူဒဏ်ကို ပိုခံရလွယ်ပြီး အပင်ရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်လာတတ်ပါတယ်။
မြေဆီလွှာပြဿနာ (Soil Issues)
မြေစေးဆန်ပြီး ကျစ်လျစ်လွန်းတဲ့ မြေအမျိုးအစားတွေဟာ နွေရာသီမှာ အပင်တွေ အရွက်ဝါရခြင်းရဲ့ အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ မြေကြီးတွေ ကျစ်လျစ်သိပ်သည်းတဲ့ နေရာမှာဆိုရင် အပင်ရဲ့အမြစ်တွေဟာ သူတို့ရှင်သန်ဖို့ လိုအပ်တဲ့ ရေ၊ အောက်ဆီဂျင် (လေဓာတ်) နဲ့ တခြားအာဟာရဓာတ်တွေကို ကောင်းကောင်း မစုပ်ယူနိုင်တော့ပါဘူး။ ဒီလိုမြေမျိုးမှာဆိုရင် ရေ စနစ်တကျ လောင်းပေးနေသည့်တိုင်အောင် အောက်ခြေအမြစ်တွေဆီ ရေမရောက်ဘဲ ခြောက်သွေ့နေတတ်ပါတယ်။ ဒီလို ရေဓာတ်မမျှတမှုကြောင့် အပင်မှာဒဏ်ဖြစ်ပြီး အရွက်တွေ ဝါလာတတ်ပါတယ်။
ပိုးမွှားနှင့် ရောဂါများ (Pests and Diseases)
အပူဒဏ်ကြောင့် ဖိစီးနေတဲ့ အပင်တွေဟာ အရွက်ဝါခြင်းကို ပိုမိုမြန်ဆန်စေတဲ့ ပိုးမွှားနဲ့ ရောဂါတွေအတွက်တော့ ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အပင်တွေဟာ မြင့်မားတဲ့အပူချိန်နဲ့ ရေဓာတ်မမျှတမှုဒဏ်တွေကို ကြုံတွေ့ရတဲ့အခါ သူတို့ရဲ့ သဘာဝခုခံအားစနစ်တွေ အားနည်းသွားတတ်ပြီး ပိုးမွှားနဲ့ မှိုရောဂါတွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ အထူးသဖြင့် လိပ်ပြာနဲ့ ပိုးဖလံမျိုးနွယ်ဝင် သစ်ချောင်းလေးတွေနဲ့ အိမ်ဆောက်နေထိုင်တတ်တဲ့ (Bagworms)၊ အပင်ရည်စုပ်စားတဲ့ အကြေးပိုး (Scale Insects)၊ မွှားပင့်ကူနီ (Spider Mites) စတဲ့ ပိုးမွှားတွေကြောင့် အရွက်တွေဝါပြီး ကြွေကျတတ်ပါတယ်။ ဒါ့အပြင် အပူဒဏ်နဲ့အတူ လေထုစိုထိုင်းဆပါ ပူးတွဲလာတဲ့အခါ အပင်တွေမှာ ရောဂါတွေလည်း ဝင်လာတတ်ပါတယ်။ ရောဂါများအနေနဲ့ ဆိုရင်တော့ ရေဝပ်ခြင်းကြောင့်ဖြစ်တတ်သော အမြစ်ပုပ်ရောဂါ (Root Rot)၊ ရွက်စက်ပြောက်ရောဂါ (Leaf Spot Diseases)၊ မှဲ့ပြောက်စွန်းရောဂါ (Anthracnose) စတဲ့ရောဂါတွေကြောင့် အပင်ထိခိုက်ပြီး အရွက်တွေကို ဝါလာစေတတ်ပါတယ်။
အာဟာရဓာတ် ချို့တဲ့ခြင်း (Nutrient Deficiencies)
နွေရာသီရဲ့ ရာသီဥတုဒဏ်ကို အပင်တွေ ကြံ့ကြံ့ခံနိုင်ဖို့ဆိုရင် အာဟာရဓာတ် ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ထို့ကြောင့် အပင်တွေ အပူဒဏ်ခံရတဲ့ နွေရာသီလိုကာလမျိုးမှာ အာဟာရဓာတ် ချို့တဲ့တဲ့ လက္ခဏာတွေဟာ သိသိသာသာ ပေါ်ထွက်လာတတ်ပါတယ်။ အပင်တွေကို အရွက်ဝါစေတဲ့ အဖြစ်အများဆုံး အာဟာရချို့တဲ့မှုကတော့ အရွက်ရဲ့ အကြောလေးတွေက အစိမ်းရောင်အတိုင်း ကျန်နေခဲ့ပြီး ရွက်ကြောတွေရဲ့ ကြားနေရာအသားတွေကတော့ ဝါသွားတတ်တဲ့ သံဓာတ်ချို့တဲ့ခြင်း (Iron Chlorosis)၊ ရွက်ကြောတွေ စိမ်းမနေဘဲ တစ်ရွက်လုံးအဝါရောင် ပြောင်းသွားတတ်တဲ့ နိုက်ထရိုဂျင် ဓာတ်ချို့တဲ့ခြင်း (Nitrogen Deficiency) နဲ့ အရွက်ရဲ့ အနားသတ်တွေကနေစပြီး ဝါလာ၊ ညိုလာပြီး ခြောက်သွားတတ်တဲ့ ပိုတက်ဆီယမ် ဓာတ်ချို့တဲ့ခြင်း (Potassium Deficiency) တို့ပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အပင်ရဲ့အရွက်တွေ အဝါရောင်ပြောင်းလဲသွားခြင်းဟာ ရာသီအကူးအပြောင်းမှာ ရွက်သစ်များထွက်ရှိဖို့ရာအတွက် ရွက်ဟောင်းချွေတဲ့ အပင်တို့ရဲ့ သဘာဝစက်ဝန်းနဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အပင်တွေရဲ့ ရှင်သန်မှုသဘာဝကို စိုက်ပျိုးရေးရှုထောင့်ကနေ ဆွေးနွေးမျှဝေပေးထားတာ ဖြစ်ပါတယ်။ သဘာဝတရားရဲ့ဖြစ်စဉ်ကို မှန်ကန်စွာ သိရှိနားလည်ခြင်းဟာ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာကိုတိုးပွားစေနိုင်တဲ့ သော့ချက်တစ်ခု ဖြစ်ပါကြောင်း...
Ref:
https://arbormasters.com/leaves-turning-yellow-summer/
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။