ပျားမွေးမြူရေးကြောင့် ဝင်ငွေများစေပြီး စိုက်ပျိုးရေးကိုပါ အထောက်အကူဖြစ်

16/01/2018 11:44 AM တွင် Myanmar Now Myanmar Now မှ ရေးသား

ကလော၊ ပင်းတယ (Myanmar Now) - ရှမ်းပြည်နယ်၊ ကလောမြို့နယ် ကျောက်ထပ်ကျေးရွာမှ ကိုဇော်မျိုးသိန်း၏ဂျုံခင်းသည် တွေ့နေကျ စိုက်ခင်းများနှင့် မတူချေ၊ သူ၏ ဂျုံပင်များအနီး မြေလွတ်တွင် မွေးမြူရေးပျားအုံများကို တန်းစီချထားသည်။

လွန်ခဲ့သော ၄ နှစ်က ခေတ်မှီ ပျားမွေးမြူရေး သင်တန်း တက်ရောက်ပြီးနောက် သူ့ခြံထဲတွင် ပျားအုံ ၅ အုံ ထားရှိကာ မွေးမြူရေး လုပ်ငန်း စတင်ခဲ့ရာ ယခုအခါ ပျားအုံပေါင်း ၁ဝဝ ကျော်အထိ တိုးချဲ့ လုပ်ကိုင်လျက် ရှိကြောင်းတွေ့ရသည်။ မိသားစု စီးပွားတိုးစေသော ပျားမွေးသည့် လုပ်ငန်းအပေါ် ပိုမို အာရုံစိုက်နေကြောင်းကို သူ့ခြံထဲမှ မခူးဆွတ်ရသေးသည့် ရင့်ထော်နေသော ရုံးပတီသီးများက သက်သေခံလျက်ရှိသည်။

ဓာတ်ပုံ- ကိုဇော်မျိုးသိန်း၏ပျားအုံ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

“စိုက်ပျိုးရေးလုပ်ရုံ သက်သက်နဲ့ဆိုရင် ကျွန်တော့်သားလေးကို မြို့မှာ ကျောင်းထားနိုင်မှာ မဟုတ်ဘူး။ ပျားမွေးမြူရေးကနေ ဝင်ငွေရလို့ သားလေးကို ကျောင်းထားနိုင်တာ”ဟု ကိုဇော်မျိုးသိန်းက ဆိုသည်။

စိုက်ပျိုးရေးမှ နှစ်စဉ် ရလာသော အကျိုးအမြတ်မှာ ဝမ်းဝ ခါးလှရုံသာရှိခဲ့ရာမှ ပျားမွေးမြူရေး တွဲဖက် လုပ်ကိုင်သောကြောင့် သူ၏ နှစ်စဉ်ဝင်ငွေက သိန်း ၁၃ဝ ခန့် ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ပျားဘုရင်မမွေးမြူသည့် ပျားအိမ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

ကလောနှင့် မနီးမဝေး ပင်းတယမြို့မှ ပျားမွေးတောင်သူ ကိုဟိန်းဟိန်းထွန်းကလည်း သူ၏ ပျား ၃၄ အုံကြောင့် အမြတ်ငွေ နှစ်စဉ် ၁၅သိန်းကျော် ရှိမည်ဟု ခန့်မှန်းသည်။

ပျားမွေးမြူရေးကို စီးပွားဖြစ် လုပ်ကိုင်သော ဒေသတွင်းမှ တောင်သူများလည်း ၎င်းတို့ကဲ့သို့ ဝင်ငွေ တိုးပွားလျက်ရှိကြောင်း တွေ့ရသည်။ ထို့ပြင် ပျားတို့၏ ဝတ်မှုန်ကူးသည့် သဘော သဘာဝကလည်း သီးနှံများ ပိုမိုအထွက် တိုးစေရန် အားပေးနေသည်။

ပျားမွေးမြူရေးလုပ်ငန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပျားလုပ်ငန်းဌာန ညွန်ကြားရေးမှူး ဦးအောင်မင်းက နိုင်ငံအနှံ့တွင် ပျားမွေးမြူရေးလုပ်ငန်း မှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ ၉၅ဝ ကျော် ရှိသည်ဟု ပြောသည်။

ဓာတ်ပုံ ပျားဘုရင်မ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

ပျားမွေးတောင်သူတို့သည် ၎င်းတို့၏ ပျားအုံတို့ကို တစ်နှစ်လျှင် ပန်းခင်း၊ သီးနံစိုက်ခင်း စသည့် ပျားစားကျက် လေးနေရာ မှခြောက်နေရာခန့်အထိ ပြောင်းရွှေ့ပြီး မွေးမြူကြရသည်။

ပျားအုံတစ်အုံတွင် ပျားဘုရင်မ တစ်ကောင်၊ ပျားကောင်ရေ အနည်းဆုံး သုံးသောင်း ဝန်းကျင်၊ ပျားရည်သိုလှောင်သည့် ပျားသလက် ၅ ချပ်မှ ၈ ချပ်အထိ ပါဝင်တတ်သည်။ မွေးမြူရေးပျားတို့က ဆီးသီး (ဇီးသီး)၊ ပန်းနှမ်း၊ လိုင်ချီး၊ နေကြာ စသည့် အပင်များ၊ စိုက်ခင်းများမှ အချိုဓာတ်၊ ဝတ်ရည်တို့ကို စုပ်ယူကြပြီး ပျားအုံတွင် သွားရောက် သိုလှောင်ကြရာမှ ပျားရည် ဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံးမှ ထွက်ရှိသော ပျားရည်များ၏ ၇ဝ ရာခိုင်နှုန်းမှာ ဆီးပျားရည် ဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ- ပျားရည်မထုတ်ယူရသေးသည့် ပျားသလပ်ချပ်ပေါ်မှ ပျားများ(ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

ပျားမွေးမြူခြင်းဖြင့် တစ်ပိဿာ ၁,၇ဝဝ မှ ၂,၃ဝဝ အထိ ပေါက်စျေးရှိသော ပျားရည် ထုတ်လုပ် နိုင်သကဲ့သို့ ပျားဖယောင်း၊ ဝတ်မှုန်၊ ပျားနို့ တို့ကိုလည်း ထုတ်လုပ် ရောင်းချနိုင်သည်။ ပျားအုံ တစ်အုံမှ နှစ်စဉ် ပျားရည် ပိဿာချိန် ၂၅ဝခန့် ထွက်ရှိသည်။ စိုက်ခင်းနှင့် ပျားအုံဝေးကွာခြင်း ကဲ့သို့သော ပျားစာ မရနိုင်သည့် အခြေအနေမျိုးတွင် မွေးမြူရေး ပျားတို့ကို သကြား အရည်ဖျော်ပြီး ကြွေးရကြောင်း၊ ပျားတစ်အုံအတွက် နှစ်စဉ် သကြား ပိဿာ ၂ဝ မှ ၂၅ အထိ ကုန်ကျကြောင်း ရှမ်းပြည်နယ် ပျားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစန်းဝင်းက ရှင်းပြသည်။သူ၏လုပ်ငန်းတွင် ပျားအုံပေါင်း ၄ဝဝ ခန့် ရှိနေသည်။ အကာင်ရေ ၃ဝ,ဝဝဝ ဝန်းကျင်ခန့် ရှိသော ပျားတစ်အုံအတွက် အစာ ကုန်ကျစရိတ်မှာ နှစ်စဉ် ၈ဝ,ဝဝဝ ဝန်းကျင် ရှိသည်ဟု ဦးစန်းဝင်းက ခန့်မှန်းသည်။

ဓာတ်ပုံ- ပျားသလပ်ကို ပျားရည်ထုတ်သည့်စက်ထဲထည့်ကာ ပျားရည်ထုတ်ယူနေပုံ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

နိုင်ငံတကာတွင် မွေးမြူရေးပျားကောင်ရည် လျော့နည်းလာသော်လည်း မြန်မာနိုင်ငံသည် ပျားမွေးမြူရေး လုပ်ငန်း တိုးတက် များပြားလာနိုင်သည့် ဒေသတစ်ခု ဖြစ်သည်ဟု မျှော်လင့်ကြောင်း အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။ သို့သော်လည်း ပျားတို့၏ ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်မှာ စိုက်ခင်းများတွင် ဓာတုဗေဒ ပိုးသတ်ဆေးကို အသုံးပြုမှု တိုးပွားလာခြင်း၊ မဆင်မခြင် သုံးကြခြင်းတို့ ဖြစ်သည်ဟု ကုလသမဂ္ဂက ကြီးကြပ်သည့် ထိုအဖွဲ့က သုံးသပ်သည်။ တောင်သူတချို့က ၎င်းတို့၏ သီးနှံများ အထွက်လျော့နည်းရခြင်းမှာ ၎င်းတို့၏ စိုက်ခင်းအနီး ပျားပုံးချပြီး ပျားရည် စုဆောင်းမှုကြောင့် ဖြစ်ကြောင်း ပြောဆိုကြသည်။ တောင်ကြီးမြို့နယ် ပျားလုပ်ငန်းဌာန ဦးစီးအရာရှိ ဦးမျိုးဝင်းက ထိုစွပ်စွဲချက်များကို ပျယ်ချလိုက်သည်။

ဓာတ်ပုံ- ရပ်စောက်မြို့နယ် အလယ်ချောင်ကျေးရွာအနီးမှာ ကိုသိန်းတန်၏ပျားအုံများ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

“ပျားကြောင့် အထွက်တိုးတာပ ဲရှိပါတယ်။ နိင်ငံတကာ သုတေသနလည်း ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း သုတေသနသုံးလေးခါလောက်လုပ်ပြီး စမ်းသပ်ပြီးတဲ့အခါမှာ ပျားကြောင့် ဆုတ်ယုတ်တယ်ဆိုတာ မရှိပါဘူး” ဟု ဦးစီးအရာရှိက ဆိုသည်။ ပျားမွေးတောင်သူ ကိုဇော်မျိုးသိန်းကလည်း ထိုအချက်ကို ထောက်ခံသည်။

“ပျားတွေက (သီးနှံပင်တွေကြား) ဝတ်မှုန်ကို သယ်ဆောင်ပေးနေတဲ့အတွက် စိုက်ပျိုးရေးတွေကအောင်မြင်နေရတာ”ဟု ကိုဇော်မျိုးသိန်းက ပြောသည်။

ဓာတ်ပုံ- အခြေခံ (ဖောင်ဒေးရှင်း) ပျားသလက်ချပ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

သင်တန်းပေးခြင်း

ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရှမ်းပြည်နယ် ပျားလုပ်ငန်းဌာနသည် နိုင်ငံတကာ အဖွဲ့တစ်ခုဖြစ်သည့် TAG International Development နှင့် တွဲဖက်၍ ကျေးရွာပေါင်း ၂ဝ ခန့်မှ တောင်သူ ၅ဝဝ ကျော်ကို ပျားရောဂါ ကာကွယ် ကုသရေး၊ ပျားဘုရင်မ မွေးမြူရေး၊ ပျားထွက် ပစ္စည်း အမြောက်အများ ထုတ်လုပ်ရေး၊ ပျားအုံ ကိုင်တွယ် ထိန်းသိမ်းမှု ဆိုင်ရာ သင်တန်းများ ပေးခဲ့သည်။

TAG အဖွွဲ့က ပင်းတယမြို့တွင် ပျားမွေးမြူရေး သင်တန်းကျောင်း ဖွင့်ထားရာ Plan Bee ဟု အမည်ပေးထားသော ထိုကျောင်းက ဒေသတွင်း မြို့နယ်များရှိ ရွာပေါင်း ၂၁ ရွာကို ပျားအုံ ၅ဝ နှုန်းစီ ရောက်ရှိစေရန် စီစဉ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ပျားတစ်အုံလျှင် ၃ဝ,ဝဝဝ နှုန်းဖြင့် ရောင်းချပေးသည်။

“ရှေ့ပိုင်းက သင်တန်းသားတွေကတော့ သူတို့ဘာသာ သူတို့ ရပ်တည်နိုင်တဲ့ အခြေအနေအထိ ရောက်သွားပါပြီ၊ လိုအပ်တဲ့ ပံ့ပိုးမှုလေးတွေ ထပ်ပေးလိုက်ရင် သူတို့ရဲ့ စီးပွားရေးလမ်းကြောင်း ဖြောင့်ဖြူးသွားမှာပါ” ဟု Plan Bee ၏ စီမံကိန်းမန်နေဂျာ ဦးတင်မောင်ကြည်က ပြောသည်။

ပျားမွေးမြူနေသူတို့ လုပ်ငန်းများ စနစ်တကျ စီစဉ်နိုင်ရန် အတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း တချို့လည်း ပို့ချပေးနေသည်။ သင်တန်းဆင်းသူများကိုလည်း အကူအညီ ပေးနေကြောင်း Plan Bee က ဖွဲ့စည်းထားသော ပျားမွေးမြူရေး အရင်းအမြစ်နှင့် စီးပွားရေးစင်တာမှ ဒါရိုက်တာ ဒေါ်ခင်မြဦးက ပြောသည်။

“သူတို့ဆီက ထွက်လာတဲ့ ပျားရည်နဲ့ ပျားထွက် ပစ္စည်းတွေကို လက်လီလက်ကား စျေးကွက်တွေ ရရှိအောင် ဆောင်ရွက်နေပါတယ်” ဟုဒေါ်ခင်မြဦးက ပြောသည်။

ဓာတ်ပုံ- ကိုသိန်းတန်၏ ပျားသလပ်ချပ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

ပျားတုပ်ခံရလျှင် သုံးရက်ခန့်ဆေးကုခဲ့ရသောကြောင့် ပျားကို ရန်သူလို သဘောထားခဲ့သူ ကိုဇော်မျိုးသိန်းသည် ပျားမွေးမြူရန် စိတ်ကူးမရှိခဲ့ပေ။ သင်တန်းတွင် ပျားတို့၏ ဇီဝဗေဒ၊ ပျားအုံ ထိန်းသိမ်းနည်း၊ ပျားရုက္ခဗေဒ၊ ပျားရောဂါ ကာကွယ် ကုသနည်း၊ သစ်ခေါင်းပျားမွေးမြူရေးနှင့် ပျားစခန်းနေရာ ရွေးချယ်ခြင်း စသည့် အကြောင်းအရာတို့ကို သင်ယူခဲ့ပြီး လက်တွေ့ လုပ်ကိုင်ရာမှ ပျားချစ်သူ ဖြစ်လာသည်။

“အစတုန်းက (ပျားအုံကို) တောထဲမှာ တွေ့ရင် သစ်ကိုင်းကိုပါ ချိုးပြီးတော့ သားလောင်းတွေပါ သတ်စားလိုက်တာလေ။ ပျားက ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တယ်ဆိုတာကို ဒီသင်တန်းတက်ပြီး နောက်ပိုင်းမှ သိရတာ” ဟု ကိုဇော်မျိုးသိန်းက ဆိုသည်။

စီးပွားဖြစ်ပျားမွေးသူများ အတွေ့အကြုံနှင့် လုပ်ငန်းတိုးချဲ့မှု ရှိလာပါက တစ်နှစ်ပတ်လုံး ဝင်ငွေ ကောင်းလာနိုင်ကြောင်း အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့၏ ၂ဝ၁၅ နှစ်ပတ်လည် အစီအရင်ခံစာတွင်ဖော်ပြထားသည်။

Photo 10 ကိုဇော်မျိုးသိန်း၏ဇနီး ဒေါ်ခင်မျိုးသွယ်နှင့် ပျားသလပ်ချပ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း - Myanmar Now)

ပျားရည်စျေးကွက်

လတ်တလော အခြေအနေအရ ကမ္ဘာ့ပျားရည်စျေးကွက် ကျဆင်းခြင်း၊ ဒေသတွင်းနိုင်ငံများမှ ပျားရည် ပိုမိုထုတ်လုပ်လာခြင်းတို့ကြောင့် ပျားရည်စျေးနှုန်း ကျဆင်းနေသော်လည်း ပျားမွေးတောင်သူတို့ အဆင်ပြေနေသေးသည်ဟု သိရသည်။ မကွေးတိုင်း အောင်လံမြို့နယ်မှ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်သို့ လာရောက်ပြီး ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုသိန်းတန်က လတ်တလော ပျားရည်စျေးကျနေခြင်းကြောင့် အမြတ်အစွန်း နည်းသွားကြောင်း ပြောသည်။

“ပျားအုံ ၅ဝ လောက်ကို တစ်နှစ်ပတ်လုံးကုန်ကျစားရိတ်က သိန်း ၂ဝ ကုန်တယ်။ သိန်း ၄ဝ ကျော်လောက် ပြန်ရတယ်” ဟု ပျားအုံပေါင်း ၉ဝဝ ခန့် ပိုင်ဆိုင်သူ ကိုသိန်းတန်က တွက်ပြသည်။

ပြည်ပဝယ်လိုအား နည်းသွားသောကြောင့် ပျားရည်စျေးကွက် ကျဆင်းဖြစ်ကြောင်း Plan Bee မှ Project Mananger ဦးတင်မောင်ကြည်က ရှင်းပြသည်။

“အခုလောလောဆယ် သူတို့ မရှုံးပါဘူး၊ သင့်တင့်တဲ့ အမြတ်တော့ ရပါတယ်” ဟု ၎င်းက ပြောသည်။ ပျားရည်ကို ထိုင်း၊ ဂျပန်၊ မြောက်အမေရိကနိုင်ငံများသို့ တင်ပို့နေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တန် ၄,ဝဝဝ ကျော် ထုတ်လုပ်ခဲ့ပြီး၊ အဆုံးသတ်တော့မည့် လက်ရှိ ဘဏ္ဍာနှစ်အတွက် တန် ၂,၃ဝဝ ခန့် ထုတ်လုပ်ပြီး ဖြစ်ကြောင်း နေပြည်တော် ပျားလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံမှ ပျားမွေးမြူရေး လုပ်ကိုင်သူများသည် နိုင်ငံတကာက ပိုမိုလက်ခံသည့် အရည်အသွေးမှီ ပျားရည် ထုတ်လုပ်ရန် အရေးကြီးသည်ဟု Plan Bee မှ ဦးတင်မောင်ကြည်က ထောက်ပြသည်။

“ခေတ်မှီ နည်းပညာတွေ သုံးပြီးတော့ အရည်အသွေး ပိုကောင်းလာအောင် ထုတ်နိုင်မယ် ဆိုရင်တော့ ကမ္ဘာ့ စျေးကွက်မှာ မြန်မာ့ ပျားရည်က နာမည်ရပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဆက်လက် ရပ်တည်သွားနိုင်မှာပါ” ဟု ဦးတင်မောင်ကြည်က ပြောလိုက်သည်။ ။

ရေးသားသူ - Myanmar Now (16/01/2017)