အကျိုးပြု မိတ်ဆွေငှက်တွေအကြောင်းကို အပိုင်း (၁) မှာဖော်ပြခဲ့ပြီးပါပြီ။
အောက်ပါလင့်ခ်ကနေ ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/beneficial_bird_(1)
ပုစဉ်းထိုး
အစိမ်းရောင်တောက်ရှိ၏။ ဦးခေါင်းနှင့် အတောင်မှာ ကြေးနီရောင်ရှိသည်။ ရှည်သောအမြီး၌ နှစ်ချောင်းသော အတံသည် ပို၍ ရှည်ထွက်နေ၏။ နားနေရာမှ ပိုးကောင်ကို စိတ်ရှည်လက်ရှည်ရှာ၍ မိအောင်ဖမ်းဆီး၏။ တစ်ကြိမ်လျှင် ပိုးကောင်များစွာကို စားနိုင်၏။ လူနှင့်နီးနီးလာနေတတ်ကြသည်။
ငှက်ကျား
မည်းနက်ရောင်ရှိ၍ အမြီးကိုထောင်မတ်ထား၏။ တစ်ခါတစ်ရံ အမြီးကို ဆတ်ခနဲ မြှောက်တတ်၏။ သွားရာတွင် ခုန်၍သွားတတ်သည်။ အဖိုနှင့် အမတစ်ရာသီသာ ပေါင်းကြသည်မဟုတ်။ တစ်သက်လုံးမခွဲမခွာ ပေါင်းကြသည့် ငှက်မျိုးဖြစ်သည်။ ငှက်ငယ်လေးများ ပေါက်ချိန်တွင် အမငှက်များကို ငှက်ဖိုတို့က သာယာသော အသံကျူး၍ နေတတ်ကြသည်။ ပိုးတုံးလုံး၊ ပေါက်ဖတ်များကို စားကြသည်။
စွေ့
ညိုညစ်ရောင်ရှိပြီး တစ်ကောင်တည်းမနေဘဲ ခြောက်ကောင်၊ ခုနှစ်ကောင်စု၍ နေတတ်၏။ ညီအမခုနစ်ဖော်ငှက်ဟုလည်း ခေါ်ကြသည်။ ပိုးကောင်ကိုရှာစား၏။ ငှက်သံဆူညံပြီး အမြီးမြှောက်၍ ခုန်ဆွ ခုန်ဆွ သွားတတ်၏။ လူကို မကြောက်သည့်အပြင် ဝေးဝေးလည်း မပျံနိုင်။
ဆက်ရက်
ဆက်ရက်အမျိုးအစား များပြားစွာရှိကြသော်လည်း အရွယ်တူ၊ အသွေးတူ၏။ အပြုအမူသာ ကွာခြား၏။ တောင်သူကြီးများရှေ့မှ ထယ်ထိုးသွားလျှင် ပေါ်လာသော ထယ်ကြောင်းထဲမှ ပိုးမွှားများကို နောက်မှ တကောက်ကောက်လိုက်၍ ရှာစားတတ်၏။
ငှက်ခါး
လှပသည့် အကောင်ဖြစ်၏။ တစ်နေရာမှ နားနေပြီး ပိုးကောင်ကိုရှာ၍ တွေ့လိုက်ပြီဆိုသည်နှင့် အသံမကြားစေရဘဲ အတောင်ပံကို အသံလုံအောင်ပျံသန်း၍ ထိုးသုတ်ပြီး ပြန်နား၍ စားတတ်၏။ ပလူ၊ ပုရစ်၊ နှံကောင်၊ ပိုးတုံးလုံးနှင့် ပေါက်ဖတ်များကို နှစ်သက်၏။
ဘီးတောင်ဖို
အမောက်သည် နောက်သို့လန်၍ ပိပြားနေသော်လည်း ပျံသောအခါ ယပ်တောင်ကဲ့သို့ ပြန့်ကားနေ၏။ အမြီးနီညိုရောင် အတောင်အဖြူနှင့် အနက်ကျားရှိ၏။ ရှည်၍ကောက်သော နှုတ်သီးဖြင့် မြေကြီးထဲမှ ပိုးကောင်ကို ရှာစား၏။ တောင်ပီစူးငှက်ဟုလည်း ခေါ်သည်။
သစ်တောက်
သစ်ပင်တွင် ထက်သော ခြေသည်းနှင့် အခေါက်ကို တွယ်ကပ်ပြီး ဆင်းချည်တက်ချည်သွားလာကာ ဦးခေါင်းကို အထက်မော့၍ ပိုးကောင်ကို ရှာစား၏။ မာသောနှုတ်သီးဖြင့် သစ်ခေါက်ကို ခေါက်၍ထွက်လာသော ပိုးကိုစားသဖြင့် သစ်တောက်ဟုခေါ်ကြသည်။ အပင်၏ အခေါင်းပေါက်ထဲ၌ အသိုက်ပြုလုပ်၍ နေထိုင်တတ်ကြ၏။
ပျံလွှား
သဘာဝပေးသော အတောင်များက မြန်မြန်ပျံနိုင်အောင် ထားရှိပေးသည့်အပြင် ပျံဝဲရမည်ဆိုပါက တစ်နေ့လုံးမနားဘဲလည်း ပျံနိုင်သည့် ငှက်ဖြစ်သည်။။ မည်မျှအထိ ပျံသန်းနိုင်သနည်းဆိုမူ တစ်တိုင်းပြည်မှ တစ်တိုင်းပြည်ကိုပင် နေ့မနား ညမနား ပျံသာပျံပါ ထက်အာကာ၌ နေချင်သည့် သတ္တဝါမှာ ပျံလွှားဖြစ်၏။ လွှားခနဲ လွှားခနဲပျံသန်း၍လည်း ပျံလွှားဟုခေါ်ကြလေလားမသိ။ အများတကာ ငှက်ကဲ့သို့ အနားမနေ၊ ရှာမနေ။ ပျံရင်းရှာ၊ ရှာရင်းပျံနှင့် ပိုးမွှားပေါသည့် ရေကန် ရေမျက်နှာပြင် တစ်ဝိုက်တွင် ရှိနေတတ်၏။ ရေမျက်နှာပြင်ပေါ် ပျံနေရမည်ဆိုလျှင် အလွန်နှစ်ခြိုက်သည့် ငှက်မျိုးလည်းဖြစ်၏။ တောင်သူတို့၏ မိတ်ဆွေကောင်း ငှက်မျိုးဖြစ်၏။
ဇီးကွက်
စီးပွားရေးအတွက် လာဘ်ကောင်ဇီးကွက်များမှာ တောင်သူတို့အတွက်လည်း အကျိုးပြုငှက်ဖြစ်၏။ ခြေထောက်ရှိ ခြေသည်းချွန်များသည် သန်မာ၏။ ညဘက်ထွက်သည့် ကြွက်၊ ကြွက်ဝမ်းဖြူနှင့် ပိုးမွှားတို့ကိုစား၏။ ကောက်ပဲသီးနှံကို လုံးဝမစား။
မိန်
ငှက်ဆိုးဟုလည်း ခေါ်ကြ၏။ ၎င်း၏ မြည်သောအသံသည် အတိတ်နိမိတ်မကောင်းဟု အများစုက အယူအဆရှိသည်။ ငှက်ဆိုးလား၊ ငှက်ကောင်းလား မသေချာသော်လည်း လယ်သမား၊ ယာသမားတို့အတွက်ကား မိတ်ဆွေငှက်ဖြစ်၏။ စိတ်ပျက်ရအောင် နှိမ်နင်းရခက်သည့် ကြွက်ကိုထိရောက်စွာနှိမ်နင်းနိုင်သည့် ငှက်မှာ မိန်ငှက်ဖြစ်၏။ လင်ကောင် ပိုးငှက်ဟုလည်းခေါ်ကြသည်။ ငှက်တစ်စုံသည် တစ်နှစ်လျှင် ကြွက်နှစ်ထောင်ခန့်သတ်ဖြတ်စား၏။ ငှက်တစ်စုံမှ တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ်အုပြီး တစ်ကြိမ်လျှင် ခြောက်ကောင်မှ ခုနှစ်ကောင်အထိပေါက်၏။
ယခုအခါ ကြွက်နှိမ်နင်းရေးတွင် ဇီးကွက်နှင့် မိန်တို့ကို အားပြုပြီးမွေးမြူထားရှိကာ နှိမ်နင်းနေကြ၏။ မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆီအုန်းခြံများတွင် စမ်းသပ်မွေးမြူ၍ နှိမ်နင်းနေရာ အောင်မြင်လျက်ရှိ၏။
အပင်ဖျက် ပိုးမွှားတိရစ္ဆာန်များကို ထယ်ထိုး၊ ထွန်မွှေခြင်း၊ ရေသွင်းခြင်း၊ နေလှမ်းခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် အထိုက်အလျောင်နှိမ်နင်း၍ လျော့နည်းအောင် ဆောင်ရွက်နိုင်သကဲ့သို့ သဘာဝအရ အစားအစာအဖြစ် ကြိုက်နှစ်သက်စွာ ရှာဖွေစားတတ်သည်။
ဤကဲ့သို့ မိတ်ဆွေများ၏ အကူအညီဖြင့် နှိမ်နင်းခြင်းမှာလည်း ထိရောက်မှုများစွာရှိသည်။ တောင်သူဦးကြီးများအနေဖြင့် ရန်သူငှက်များကို လယ်ယာကွက်ထဲသို့ မလာအောင် ခြောက်လှန့်၍ မိတ်ဆွေငှက်များကို လာချင်အောင်၊ နားအောင်ထားလျှင် များစွာအကျိုးရှိမည်ဖြစ်သည်။ မိတ်ဆွေငှက်များသည် လူနှင့်နီးနီးအထိ လာတတ်ကြသည့် အလေ့လည်းရှိပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်