ကြက်တွေအသားတိုးဖို့ ဟော်မုန်းဆေးတွေ အသုံးပြုနေတာလား?

26/02/2024 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကြက်မွေးမြူရေးမှာ ဟော်မုန်းတွေ အသုံးပြုနေသလား ဆိုတာ ကြက်သားစားသုံးသူတွေ အများစု သိချင်ကြတဲ့ ကိစ္စပါ။ မွေးမြူရေးနယ်ပယ်နဲ့ မနီးစပ်လှသူတွေ မွေးမြူဆေးကုနယ်ပယ်ကသူတွေနဲ့ တွေ့ဆုံ‌စကားပြောဆိုဖြစ်တဲ့အခါတိုင်း အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးနည်းပညာ အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ "အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဟော်မုန်းကျွေးပြီး မွေးထားတဲ့ ကြက်တွေရဲ့အသားကို စားကြတာကြောင့် ယောက်ျားလျာ၊ မိန်းမလျာတွေ ပိုပြီး တွေ့လာရတယ် ဆိုတာ ဟုတ်ပါသလား" ဆိုတဲ့ မေးခွန်မျိုးကိုတောင် မေးကြတာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် အများစိတ်ဝင်စားတဲ့ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး စာရေးသူရဲ့ အမြင်ကို အစိမ်းရောင်လမ်း ပရိတ်သတ်များထံ မျှဝေလိုပါတယ်။ 

အသားတိုးကြက်တွေကို ဟော်မုန်းတွေကျွေးပြီး မွေးနေသလားဆိုတဲ့ သံသယဟာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာကနေ စ လေ့လာကြည့်ရအောင်ပါ။ 

ပထမတစ်ချက်ကတော့ "ကြားဖူးလို့" ဖြစ်ပါတယ်။

၁၉၆၀ ကျော်၊ ၁၉၇၀ ပတ်ဝန်းကျင် နှစ်ကာလတွေတုန်းက ကြက်တွေရဲ့ အရေပြားအောက်ကို ဟော်မုန်းထိုးသွင်းပြီး ကြီးထွားနှုန်းမြန်စေဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။ အဲဒီ အချိန်ကာလပတ်ဝန်းကျင်မှာ ထွက်ရှိခဲ့တဲ့ မွေးမြူရေး စာအုပ်စာတမ်းတွေကို ပြန်ဖတ်ကြည့်ရင် ကြက်တွေကို ကြီးထွားမြန်ဖို့ ဟော်မုန်းတွေ ဘယ်လို ထိုးနှံရမလဲ ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီအလေ့အကျင့်ဟာ သိပ်ပြီး ကြာကြာ ခေတ်မစားလိုက်ပါဘူး။ နှစ်အနည်းငယ်အကြာမှာ အဲဒီနည်းလမ်းကို အသုံးမပြုကြတော့ပါဘူး။ 

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ဟော်မုန်းထိုးတဲ့နည်းလမ်းနဲ့ ကြက်တွေကြီးထွားနှုန်းကောင်းအောင် လုပ်ခဲ့ကြဖူးတာကို ဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးထားသူတွေက လက်ရှိမှာလည်း အဲဒီနည်းလမ်းကို သုံးနေကြတုန်းပဲ လို့ ယူဆနေတတ်ကြပါတယ်။ ဒါဟာ မမှန်ပါဘူး။ အချက်အလက်များကို "ကြားဖူးနားဝ" နဲ့ ဆက်လက်လက်ခံမိနေတာ ဖြစ်ပါတယ်။ 

ဒုတိယအချက်ကတော့ "ကြက်တွေ ဘာကြောင့် ကြီးထွားနှုန်း သိပ်ကောင်းနေရတာလဲ" ဆိုတာကို သေသေချာချာ မသိကြလို့ပဲ ဖြစ်ပါတယ်။ အသားတိုးကြက်တွေဟာ ထုတ်လုပ်မှု အလွန်မြင့်မားလာကြပါပြီ။ ၁၉၆၀ ခုနှစ် ဝန်းကျင်ကာလတွေနဲ့ နှိုင်းယှဉ်ရင် ဒီနေ့ခေတ် ကြက်တွေရဲ့ ကြီးထွားနှုန်းက ၃ ဆ (၃၀၀%) ကျော် ပိုပြီး မြင့်မားလာပါတယ်။ ဥ ကနေ အကောင်ပေါက်ခါစမှာ ၄၀ ဂရမ် ပတ်ဝန်းကျင်သာ အလေးချိန် ရှိတဲ့ အသားတိုးကြက်ပေါက်လေးဟာ အသက် ၆ ပတ် မတိုင်မီမှာ အလေးချိန် ၃ ကီလိုဂရမ် ဝန်းကျင်အထိ ကြီးထွားလာနိုင်ပါတယ်။ ဘာကြောင့် ဒီလို ကြီးထွားနှုန်း မြန်ရသလဲ ဆိုတာကို မသိကြတဲ့သူတချို့က အဖြစ်မှန်ကို ရှာဖွေနိုင်ခြင်း မရှိချိန်မှာ "ကြက်တွေကို ဟော်မုန်းတွေ ကျွေးလို့သာ ဒီလို ကြီးထွားနှုန်း လျင်မြန်နေရခြင်း ဖြစ်လိမ့်မယ်" ဆိုတဲ့ မှန်းဆချက်ကို  အတည်ဖြစ်နေသယောင် ကောက်ချက်ချထား မိတတ်ကြပါတယ်။ အဲဒီကောက်ချက်ကလည်း မှားယွင်းတဲ့ ကောက်ချက် ဖြစ်ပါတယ်။ 

 

တကယ်တော့ ဒီနေ့ခေတ် ကြက်မွေးမြူရေးမှာ ကြက်တွေ ကြီးထွားဖို့ ဟော်မုန်းတွေ အသုံးပြုတာမျိုး မရှိတော့ဘူးလိူ့ ပြောရပါလိမ့်မယ်။ 

ဒါကြောင့် "ဟော်မုန်းဆေးကြွင်း" တွေ ကြက်သားထဲ ပါလာမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဒါ့အပြင် အသားတိုးကြက်မွေးမြူရေးက ထွက်ရှိလာတဲ့ ကြက်သားတွေကို စားပြီး ယောက်ျားလျာ၊ မိန်းမလျာတွေ ပိုများ လာလိမ့်မယ်ရယ်လို့လည်း ပူပင်စရာ မလိုပါဘူး။ 

ဘာလို့ အသားတိုးကြက်မွေးမြူရေးမှာ ဟော်မုန်းတွေ အသုံးမပြုဘူးလို့ ပြောနိုင်တာလဲ?

ပထမအကြောင်းကတော့ "ဟော်မုန်းတွေက ဈေးကြီးလွန်းလို့" ဖြစ်ပါတယ်။ ဟော်မုန်းတွေက ဈေးသိပ်ကြီးလွန်းပြီး၊ သူတို့ကို အသုံးပြုလို့ ကြက်တွေ ကြီးထွားနှုန်း ပိုကောင်းလာသည့်တိုင် စီးပွားရေးအရ တွက်ချေ မကိုက်ပါဘူး။

ကြက်တွေကို အကောင်အရေအတွက် များများ မွေးမြူလာတာနဲ့အမျှ ဟော်မုန်းတွေကို တစ်ကောင်ချင်း ထိုးနှံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံလို သိပ်မဖွံ့ဖြိုးသေးတဲ့ အခြေအနေမှာတောင် အသားတိုးကြက်မွေးမြူမယ်ဆိုရင် အနိမ့်ဆုံး အကောင်ရေ ၃၀၀၀ က စပြီး မွေးမြူရပါတယ်။ ကြက်အကောင် ၃၀၀၀ ကို ဟော်မုန်းဆေးတွေ ထိုးဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း အသားတိုးကြက်တွေအတွက် မဖြစ်မနေ ကာကွယ်ဆေး ပေးရာမှာတောင် ထိုးနှံတာမျိုး မလုပ်ဘဲ၊ ရေနဲ့ ဖျော်တိုက်တာ၊ ရေမှုန်ထဲ ထည့်ဖြန်းတာတွေ လုပ်ကြရတာပါ။ ချုပ်ပြောရရင် အသားတိုးကြက်တွေကို ဟော်မုန်း ထိုးနှံဖို့ ဆိုတာ ဘယ်လိုမှ တွက်ချေမကိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ 

ဒါဖြင့် ဟော်မုန်းတွေကို အစာထဲ၊ ရေထဲ ထည့်ကျွေးတာမျိုးရော  မရှိနိုင်ဘူးလားလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုရင်၊ ‌ကြီးထွားနှုန်းမြန်စေတဲ့ ဟော်မုန်းတွေဟာ သောက်ရေထဲ၊ အစာထဲမှာ ထည့်သွင်းတိုက်ကျွေးရင် ခန္ဓာကိုယ်ထဲ ထိထိရောက်ရောက် မစုပ်ယူနိုင်ပါဘူး။ စုပ်ယူပြီး ခန္ဓာကိုယ်ထဲမှာ အာနိသင်ပြတဲ့အခါမှာလည်း ထိုးနှံတာလောက် ထိရောက်မှု မရှိပါဘူး။ ဒါကြောင့် ဟော်မုန်းတွေကို အစာထဲ ထည့်ကျွေးပြီး၊ ဒါမှ မဟုတ် ရေထဲထည့်တိုက်ပြိး လိုချင်တဲ့ ရလဒ် ရရှိဖို့ဆိုရင် အဲဒီ ဟော်မုန်းတွေကို အစာထဲ၊ ရေထဲ  နေ့စဉ် ထည့်သွင်းပေးဖို့ လိုပါတယ်။ ဒါက စီးပွားရေးအရ ဘယ်လိုမှ တွက်ချေ မကိုက်ပါဘူး။ ဒါကြောင့် အသားတိုးကြက်တွေရဲ့ အစာထဲ၊ ရေထဲမှာ ဟော်မုန်းတွေ ထည့်သွင်း ကျွေးမွေးပြီး ကြီးထွားနှုန်းကောင်းအောင် လုပ်တာမျိုး မရှိဘူးလို့ ပြောရတာပါ။ 

ဒုတိယအကြောင်းအရင်းကတော့ ကြက်တွေ ကြီးထွားနှုန်းကောင်းမွန်ဖို့အတွက် ဆိုပြီး "ဟော်မုန်းတွေ သုံးစရာ မလိုအပ်တော့လို့" ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ၊ မျိုးဗီဇရွေးချယ်သားစပ်ခြင်း (Genetic Selection) နည်းပညာတွေက အရှိန်အဟုန်နဲ့ အဆင့်မြင့်တိုးတက်လာပါတယ်။ စီးပွားဖြစ် မွေးမြူမယ့် တိရစ္ဆာန် မျိုးဆက်သစ်တွေမှာ စီးပွားရေးအရ အရေးပါတဲ့ ထုတ်လုပ်မှုအရည်အချင်း (trait) တွေ (ဥပမာ ကြီးထွားနှုန်း၊ ဥနှုန်း၊ ရောဂါဒဏ်ခံနိုင်မှု စသည်ဖြင့်)  မြင့်မားလာအောင် ဘိုးဘွား၊ မိဘ အစရှိတဲ့ တိရစ္ဆာန်မျိုးဆက်တွေမှာကတည်းက အထီး၊ အမ တွေကို  စနစ်တကျ ရွေးချယ်ပြီးမှ သားစပ်တာကို Genetic Selection လို့ ခေါ်တာ ဖြစ်ပါတယ်။ 

အဲဒီလို ထုတ်လုပ်မှုကောင်းတဲ့ မျိုးဗီဇတွေကို စနစ်တကျ ရွေးချယ်ပြီး သားစပ်တဲ့ နည်းပညာကို အဆင့်မြှင့်တင်ဆောင်ရွက်လာတာနဲ့အမျှ အသားတိုးကြက်တွေဟာ မျိုးဗီဇ အရကို ကြီးထွားနှုန်း ကောင်းလာပါတယ်။ မျိုးဗီဇနဲ့ ကိုက်ညီတဲ့ အစာ၊ အာဟာရတွေကိုသာ ပြည့်မီအောင် ကျွေးမွေးမယ်၊ ပတ်ဝန်းကျင်အခြေအနေတွေ ဖန်တီးပေးမယ်ဆိုရင် အသားတိုးကြက်တစ်ကောင်ဟာ အစာ တစ်ပိဿာခွဲ (ကျော်ကျော်) ကျွေးမွေးရုံနဲ့ ကြက်သား အရှင်ချိန်တစ်ပိဿာ ထုတ်လုပ်ပေးနိုင်ပါတယ်။ 

၁၉၅၇ ခုနှစ်မှာ ဥကပေါက်ခါစ အသားတိုးကြက်ကလေး တစ်ကောင်ဟာ ပျမ်းမျှအလေးချိန် ၃၄ ဂရမ် ရှိပြီး၊ ၅၆ ရက်ကြာအောင် မွေးမြူတဲ့အခါ အလေးချိန် ၉၀၅ ဂရမ် ပဲ ရရှိနိုင်ပါတယ်။ မျိုးဗီဇ ရွေးချယ်သားစပ်ခြင်းတွေ ဆောင်ရွက်ရင်း ၂၀၀၅ ခုနှစ်ရောက်လာတဲ့အခါ  ဥကပေါက်ခါစ အသားတိုးကြက်ကလေး တစ်ကောင်ဟာ ပျမ်းမျှအလေးချိန် ၄၀ ဂရမ် ရှိပြီး၊ ၅၆ ရက်ကြာအောင် မွေးမြူတဲ့အခါ အလေးချိန် ၄၂၀၂ ဂရမ် ရရှိနိုင်တာကို တွေ့ရပါတယ်။ ကြက်ပေါက်ဘဝမှာ ၆ ဂရမ်ပဲ ကွာပေမယ့်၊ ၅၆ ရက်သားမှာတော့ ၃၂၉၇ ဂရမ် ကွာခြားသွားတာပါ။ 

ဒါကြောင့် ဟော်မုန်းတွေ မသုံးဘဲတောင် ကြီးထွားနှုန်းက မြင့်မားနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်မွေးမြူသူကမှ ပိုက်ဆံ ထပ်အကုန်ခံပြီး ဟော်မုန်းတွေ ထပ်သုံးနေမှာ မဟုတ်ပါဘူး။ 

စိုးရိမ်စိတ်ကို အချက်အလက်မှန်နဲ့ ဖြိုချကြပါစို့..

ကြက်သားဟာ ဈေးအသက်သာဆုံးနဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ဝယ်ယူစားသုံးဖို့ အဆင်‌အပြေဆုံး အသားဖြစ်ပါတယ်။ အသားတိုးကြက်မွေးမြူရေးမှာ ဟော်မုန်းတွေ အသုံးပြုနေသလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဈေးချိုပြီး၊ အာဟာရဖြစ်တဲ့ ကြက်သားကို စားဖို့ တွန့်နေကြသူတွေအနေနဲ့ ဒီဆောင်းပါးကို ဖတ်မိပြီးတဲ့‌နောက်၊ စိုးရိမ်စိတ်တွေကို အချက်အလက်မှန်နဲ့ ဖြိုချရင်း ကြက်သားဟင်းတစ်ခွက်၊ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်