ကုလားပဲပင်တွေ အကွက်လိုက်သေတာကို ဘယ်လိုဖြေရှင်းကြမလဲ?

18/02/2026 10:30 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ကျွန်တော်တို့ ကုလားပဲစိုက်တဲ့ တောင်သူတွေ ခေါင်းအကိုက်ရဆုံးကတော့ အပင်တွေ အကွက်လိုက် ညှိုးသေတာပါပဲ။ အပင်လေးတွေ ဝါလာတယ်၊ ညှိုးကျသွားတယ်၊ နှုတ်ကြည့်တော့လည်း အမြစ်က မည်းနေပြီ။ ဒီအချိန်ဆို ကျွန်တော်တို့ ချက်ချင်းပြေးလုပ်မိတာက ဆေးဆိုင်သွားပြီး "အပင်သေလို့ ဆေးပေးပါ" ဆိုတာပါပဲ။ ဒါပေမဲ့ လက်တွေ့မှာ ဆေးတွေ ဘယ်လောက်ဖြန်းဖြန်း မသက်သာဘဲ အပင်တွေက ဆက်သေနေတာမျိုး ကြုံဖူးကြမှာပါ။ ဒီပြဿနာကို လေ့လာကြည့်တဲ့အခါမှာ တရားခံက အရွက်ပေါ်မှာ မဟုတ်ဘဲ မြေကြီးထဲမှာ ဖြစ်နေတာကို တွေ့ရပါတယ်။

ဘာတွေက အဓိကကျလဲ တစ်ချက်ချင်း ကြည့်ရအောင်ပါ။

၁။ ရောဂါကို အရင်ခွဲခြားပါ

အပင်သေတာကို ရောဂါတစ်ခုတည်းလို့ မသတ်မှတ်ပါနဲ့။ အဓိက (၃) မျိုး ရှိပါတယ်။

ပင်ညှိုးရောဂါ (Wilt): ဒါက အပင်ရဲ့ သွေးကြောပိတ်သလိုမျိုး ရေကြော ပိတ်သွားတာပါ။ ပင်စည်ကို လွှာကြည့်ရင် အမည်းရောင် အကြောင်းတွေ တွေ့ရပါလိမ့်မယ်။

အမြစ်ခြောက်ဆွေးရောဂါ (Dry Root Rot): အပင်က ရုတ်တရက် ခြောက်သေတာပါ။ အမြစ်ကို နှုတ်ကြည့်ရင် ဘေးမြစ်တွေ မရှိတော့ဘဲ ရိုးတံပဲ ကျန်ခဲ့တတ်ပါတယ်။

ခြေရင်းပုပ်ရောဂါ (Collar Rot): မြေကြီးနဲ့ ထိနေတဲ့ နေရာမှာ မှိုမျှင်ဖြူဖြူလေးတွေနဲ့ ပုပ်သွားတာပါ။

၂။ မြေကြီးရဲ့ ခုခံအားနဲ့ ဇင့် (Zinc) ဓာတ်

ကျွန်တော်တို့ လူတွေမှာ ခုခံအားကျရင် ရောဂါဝင်လွယ်သလိုပဲ၊ ကုလားပဲပင်တွေလည်း ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံက ကုလားပဲစိုက်မြေ အများစုမှာ ဇင့် (Zinc) ဓာတ် ချို့တဲ့နေတာ များပါတယ်။ ဇင့်က အပင်တွေအတွက် သက်စောင့်ဓာတ်ပါပဲ။ ဇင့်ချို့တဲ့ရင် အပင်ရဲ့ သကြားဓာတ်နဲ့အမိုင်နိုအက်စစ်က အမြစ်ကနေ ယိုစိမ့်လာပြီး ဖျက်ပိုးမှိုတွေက အနံ့ရပြီး စတင်တိုက်ခိုက်ပါတော့တယ်။ ဝင်လာတဲ့ ဖျက်ပိုးမှိုတွေကို ဖိုက်တိုအလက်ဇင် (phytoalexins) ဆိုတဲ့ ဓာတ်က ပြန်တိုက်ပါတယ်။​ ဒီဓာတ်က ဇင့်ဓာတ်ရှိမှဖြစ်မှာပါ။ ပဲစိုက်တဲ့အလယ်ပိုင်းမှာ မြေကထုံးဓာတ်များတဲ့အတွက် ဇင့်ကို အပင်က အလွယ်မရနိုင်တာမို့ မြေပြင်ချိန်မှာ ဇင့်ဆာလဖိတ်ကို ထည့်ပေးဖို့လိုအပ်ပါတယ်။ 

၃။ မဆွေးမြည့်သေးတဲ့ နွားချေး 

ကျွန်တော်တို့က နွားချေးထည့်ရင် မြေသြဇာရတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ မဆွေးမြည့်သေးတဲ့ နွားချေးစိမ်းတွေကို ထည့်လိုက်တဲ့အခါ မြေကြီးထဲမှာ သူတို့က ပြန်ဆွေးဖို့ ကြိုးစားပါတယ်။ အဲဒီမှာ အပူရှိန်တွေ ထွက်လာပြီး ကုလားပဲရဲ့ နုနယ်တဲ့ အမြစ်လေးတွေကို လောင်စေပါတယ်။ အဲဒီလို ဒဏ်ရာရသွားတဲ့ အမြစ်ကနေမှ မြေကြီးထဲမှာ ရှိနေတဲ့ မှိုတွေက အလွယ်တကူ ဝင်ရောက်တိုက်ခိုက်တော့တာပါပဲ။ နွားချေးကို အစိမ်းမသုံးဘဲ ထရိုင်ကိုဒါးမား (Trichoderma) လို အကျိုးပြုမှိုနဲ့ သေချာနှပ်ပြီးမှ သုံးတာက ရွှေထက်တန်ဖိုးရှိတဲ့ မြေဆီလွှာကို ရစေမှာပါ။

၄။ မျိုးဗီဇ အရည်အသွေး (ခုခံအား)

မိဘမျိုးရိုး မကောင်းရင် သားသမီးတွေ ကျန်းမာရေး ချို့တဲ့တတ်သလိုပါပဲ။ မိမိခင်းက ထွက်တဲ့ ကုလားပဲကိုပဲ မျိုးအဖြစ် ထပ်ခါတလဲလဲ ပြန်သုံးနေမယ်ဆိုရင် မျိုးရိုးဗီဇက အားနည်းလာပါတယ်။ ရောဂါဒဏ်ကို မခံနိုင်တော့ဘူး။ ဒါကြောင့် အနည်းဆုံး (၃) နှစ်တစ်ခါမှာ စိတ်ချရတဲ့ "မျိုးသန့်မျိုးစေ့" ကို လဲလှယ်စိုက်ပျိုးပြီး သွေးသစ်လောင်းဖို့ လိုပါတယ်။ မျိုးသန့်က ပေးရတဲ့ဈေးနဲ့ တန်တဲ့ ခုခံအားကို ပြန်ပေးပါတယ်။

၅။ ဂရုစိုက်ရမယ့်အချက်

ဒီနေရာမှာ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောချင်တာ တစ်ခုရှိပါတယ်။ ကုလားပဲသေစေတဲ့ မှိုတွေဟာ မြေကြီးထဲမှာ (၆) နှစ်ကနေ (၁၀) နှစ်အထိ အောင်းနေနိုင်ပါတယ်။ အပင်တွေ အရမ်းသေနေတဲ့ မြေမှာ "ဒီနှစ်တော့ ဆေးဖြန်းပြီး ဆက်စိုက်ဦးမယ်" ဆိုရင်တော့ ခင်ဗျားတို့ ရှုံးပါလိမ့်မယ်။

ပညာရှိတဲ့ တောင်သူဆိုတာ မြေကြီးကို လှည့်စားတတ်ရပါတယ်။ ကုလားပဲ ရောဂါကျနေတဲ့ မြေမှာ သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation) ကို သုံးရပါမယ်။ နေကြာ၊ ပြောင်းဖူး ဒါမှမဟုတ် နှမ်းကို အနည်းဆုံး (၃) နှစ်လောက် ပြောင်းစိုက်လိုက်ရင် မြေထဲက ကုလားပဲမှိုတွေက အစာပြတ်ပြီး သေသွားပါလိမ့်မယ်။

အနှစ်ချုပ်ရရင်တော့... ကုလားပဲပင်တွေ သေကုန်တာဟာ သင့်မြေကြီးက အကူအညီတောင်းနေတာပါ။ မျိုးသန့်ကို ရွေးပါ၊ မြေကို သဘာဝမြေသြဇာနဲ့ ပြန်ပြုပြင်ပါ၊ ဇင့်ဓာတ်ဖြည့်ပါ၊ ပြီးရင် သီးလှည့်စိုက်ပါ။ ဒါတွေမှ မလုပ်နိုင်ရင်တော့ ကုလားပဲ ဆက်မစိုက်ဘဲ နားထားတာက သင့်အိတ်ကပ်ထဲက ငွေတွေကို ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်