ငရုတ်တွင် ကျရောက်တက်သော ရောဂါများ

Photo - ငရုတ်တွင် ကျရောက်တက်သော ရောဂါများ

ခါးရိရောဂါ (Damping off)

ဤရောဂါသည် ပျိုးပင်၏ အပင်ခြေနားတွင် ညိုးနွမ်းခြင်းဖြစ်ကာ ပျိုးခင်းအဆင့်တွင် ဆိုးဝါးသော ရောဂါတစ်ခုဖြစ်သည်။ မျိုးစေ့များအား သီရမ်၊ ကက်တန်။ အဂရိုစန် (Agrosan) နှင့် ဒိုင်ဖိုလတန် (Difolatan) တို့ကို မျိုးစေ့ ၁ ကီလိုဂရမ်အတွက် ၃ ဂရမ်နူန်းဖြင့် လူးနယ်ကာ စိုက်ပျိုးခြင်းမှာ ဤရောဂါအား ကာကွယ်ရာတွင် ထိရောက်မှု ရှိသည်။

မှဲ့ပြောက်စွန်းရောဂါ

ဤရောဂါသည် အသီးပုပ်နှင့်ကိုင်းဖြားခြောက် ရောဂါဟုလည်း ခေါ်ဝေါ်ကြသည်။ ရောဂါလက္ခဏာသည် အသီးများ ကြီးထွားလာသော အခါ ဗဟိုတူစက်ဝိုင်းကွက်များ ဖြစ်ကာ ရေစိုနာကွက်များအဖြစ် ပေါ်လာသည်။ ရောဂါကျနေသော အမှိုက်သရိုက်များအား မီးရှို့ဖျက်ဆီးပစ်ခြင်း၊ ကက်တန် (သို့) သီရမ်ဖြင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးခြင်းနှင့် ဘာဗင်စတင် (Bavistion) ၀.၂ % (သို့) ဒိုင်သိမ်းအမ် - ၄၅ တို့အား ၁၅ ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းသည် ထိရောက်မှုရှိသည်။

ရွက်ပြောက်ရောဂါ

ရောဂါလက္ခဏာမှာ အရွက်ပေါ်နှင့် အရိုးတံပေါ်တွင် ဘဲဥပုံသဏ္ဍာန် သို့မဟုတ်  ရှည်မျောမျော ပုံသဏ္ဍာန် မီးခိုးရောင် ဗဟို အပြောက်များ ဖြစ်လာသည်။ ဤရောဂါအား ကာကွယ်ရန် ပျိုးပင်အား ဘာဗင်စတင် ၀.၂ % တွင် ထည့်၍ နှစ်ခြင်း(သို့) ပျိုးပင်အား ပက်ဖျန်းပေးခြင်းတို့ကို ပြုလုပ်သင့်ပါသည်။

ရွက်လိပ် ရွက်တွန့် ဗိုင်းရပ်စ် ရောဂါ

ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပေါ်သော ရောဂါဖြစ်ပြီး အရွက်များတွန့်လိမ်ခြင်း၊ ရွက်ကြောများကြားတွင် ရှုံ့တွခြင်း၊ အဖုအဖောင်းများ ဖြစ်ပေါ်ခြင်းနှင့် ရွက်ကြောများ ထူလာခြင်းတို့ ဖြစ်သည်။ ကနဦးအဆင့်တွင် ကြားအဖူးများသည် အရွယ်အစားသေးပြီး အစုလိုက်ဖြစ်ပေါ်လာသည်။ ၎င်းသည် ယင်ဖြူကြောင့် ကူးစက်ပျံ့နှံ့သည်။ ကာကွယ်နှိမ်နင်းရန် နည်းလမ်းများမှာ ရောဂါကျနေသော အပင်များအား ဖယ်ရှားပစ်ခြင်း၊ ယင်ဖြူအား မြေတစ်ဟက်တာလျှင် ဖြူရာဒန် ၁.၅ ကီလိုဂရမ်နှုန်းဖြင့် ထည့်ပေးခြင်း၊ ရိုဂေါ (သို့) မီတာစန်တော့ ၀.၂ % ပိုးသတ်ဆေးများကို ၁၅ ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းတို့ဖြစ်သည်။

ကောင်းမြတ် (၂၀၀၂ ရေဆင်း)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မြေစမ်းခရမ်းပျိုး"