မူမမှန်တဲ့ရာသီဥတုကြောင့် မိုးစပါးစိုက်ရေးလက်တွန့်နေတဲ့ လယ်သမားများ

19/01/2018 12:54 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဇလွန်၊ မအူပင် (Myanmar Now) - တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာတဲ့ ရာသီဥတုဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊  ဇလွန်မြို့နယ် ကော့ကက်ကြီးကျေးရွာက ကိုအောင်ကြွယ်တို့မိသားစုလည်း ပါဝင်ပါတယ်။ မနှစ်တုန်းက သူတို့လယ်  ၁၄ ဧကမှာ ထက်ဝက်လောက်က ရေနစ်မြုပ်သွားတဲ့အတွက် စပါးတွေပျက်စီးပြီး အရှုံးပေါ်ခဲ့ရတာပါ။ 

ဒီနှစ်နွေစပါးပေါ်ချိန်မှာလည်း ရာသီဥတုဖောက်ပြန်၊ ဆောင်းကာလ ရှည်ကြာနေတာနဲ့ ကြုံရပြီး နွေစပါးအထွက်နှုန်း သိသိသာသာ လျော့ကျသွားတယ်လို့ သူက ဆိုပါတယ်။  

“အရင်က တစ်ဧကကို တင်း ၁ဝဝ ထွက်တယ်ဆို အခု ၇၅ တင်းပဲ ရတော့တယ်။ ရေကြောက်လို့ ဒီနှစ် မိုးလယ်မှာ  အနိမ့်ပိုင်းလယ်တွေ မစိုက်တော့ဘူး” လို့ ကိုအောင်ကြွယ်က ပြောပါတယ်။   

ဒေသတွင်း မအူပင်မြို့နယ်၊ ပလောင်ကျေးရွာက ဦးကျော်မင်းလည်း  အလားတူ ဆုံးဖြတ်ထားပါတယ်။ 

“တော်သလင်း၊ သီတင်းကျွတ်လောက် ဆိုရင်တော့ ရေပြန်ကျသွားလောက်ပြီ။ အဲဒီအချိန်မှာမှ ရာသီကုန် (သီးနှံ) ဖြစ်တဲ့ ပြောင်းတို့၊ သခွားတို့ ပြန်စိုက်မယ်” လို့ မနှစ်က ရေကြီးမှုကြောင့် မိုးစပါး ၇ ဧက ဆုံးရှုံးခဲ့ရတဲ့  ဦးကျော်မင်းက ပြောပါတယ်။ 

နိုင်ငံရဲ့ စပါးကျီလို့ တင်စားကြတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ အနိမ့်ပိုင်းလယ်မြေတွေထဲ မိုးတွင်းကာလမှာ စိုက်ပျိုးတဲ့ သက်ကြီးစပါးမျိုးဟာ တစ်ဧက အထွက်နှုန်း နည်းပါးရုံသာမက ပူပြင်းခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း အစရှိတဲ့ ရာသီဥတုဒဏ်ကြောင့် ဆုံးရှုံးမှုများတဲ့အတွက် ဒီနှစ်တော့ လယ်သမားအများအပြားက စိုက်ပျိုးဖို့ လက်ရှောင်နေကြပါပြီ။  

ဒီနှစ်အတွက် စပါးအထွက်နှုန်း

ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် လွတ်လပ်သော လယ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်က  မိုးစပါးမစိုက်တော့ဘူးဆိုတဲ့ မြေနိမ့်ဒေသ လယ်ဧကပေါင်း နှစ်သိန်းဝန်းကျင်ရှိပေမဲ့ အထွက်နှုန်းနည်းတဲ့ စပါးမျိုးစေ့တွေကိုသာ စိုက်ပျိုးနိုင်တာကြောင့် ဒေသတွင်း စပါးအထွက်နှုန်းကိုတော့ သိသိသာသာ ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဒီဘက်ဆယ်စုနှစ်တွေအတွင်း မိုးခေါင်ရေရှားခြင်း၊ အချိန်အခါမဟုတ် မိုးကြီးခြင်း စတဲ့ ရာသီဥတုဒဏ်တွေကို နှစ်စဉ်ခံစားနေရပါပြီ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်၊ သြဂုတ်လတို့မှာ တိုက်ခိုက်ခဲ့တဲ့ ကိုမန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုံမှန်ထက်ပိုတဲ့ မိုးကြီးရေလျှံမှုတွေ နိုင်ငံအနှံ့ ဖြစ်ခဲ့ရာမှာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းအတွင်းမှာတင် မိုးစပါးဧကပေါင်း၂၆ဝ,ဝဝဝ ကျော် ထိခိုက်ပြီး ဧကပေါင်း ၅၂,ဝဝဝ ထက် မနည်း  ပျက်စီးဆုံးရှုံးသွားပါတယ်။ 

ဆိုးရွားလာတဲ့ ရာသီဥတုနဲ့ သင့်လျော်အောင် စိုက်ပျိုးနည်းစနစ်တွေပြောင်းလဲဖို့နဲ့ စိုက်ပျိုးသီးနှံတွေ ရွေးချယ်နိုင်ဖို့ဟာ လယ်သမားတွေအတွက် သေရေးရှင်ရေးဖြစ်နေပါပြီ။ 

မိုးလေဝသပညာရှင်ဦးထွန်းလွင်ကလည်း မြန်မာနဲ့အရှေ့တောင်အာရှနိုင်ငံတွေဟာ မုတ်သုံဝင်ချိန် နောက်ကျ၊ မုတ်သုံထွက်ချိန်စောလာတတ်တာကြောင့် စိုက်ပျိုးနည်းစနစ်တွေ မဖြစ်မနေ အပြောင်းအလဲ လုပ်ရတော့မယ်လို့ သတိပေးပါတယ်။ 

“သမားရိုးကျနည်းနဲ့တော့ သွားလို့မရတော့ဘူး။ အခြေအနေကို ညှိပြီးတော့၊ ပြောင်းလဲပြီးတော့ စိုက်ပျိုးရမှာပါပဲ” လို့ သူက ပြောပါတယ်။  

နိုင်ငံအောက်ပိုင်းမှာ အချိန်အခါမဟုတ် မိုးကြီးနိုင်တာကြောင့်  လုပ်ငန်းအမြန်ပြီးဖို့အတွက် မိရိုးဖလာ ထုံးစံတွေအတိုင်း လုပ်ကိုင်ခြင်းထက် ရိတ်သိမ်း၊ အခြောက်ခံ၊  အစေ့ခြွေတာတို့ကို စက်ကိရိယာတွေ အားကိုးမှ သင့်တော်မယ်လို့ သူက ဆက်ပြောပါတယ်။ 

“စက်ကိရိယာ အကူအညီနဲ့လုပ်ဖို့လိုတယ်။  အဲဒါတွေရဖို့အတွက် သက်ဆိုင်ရာ လယ်သမား အနေနဲ့တော့ တတ်နိုင်ချင်မှတတ်နိုင်မှာပေါ့။ အစိုးရအနေနဲ့ ကူညီဖို့လိုတာပေါ့” လို့ ဦးထွန်းလွင်က ဆိုပါတယ်။  

တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးဘဟိန်းက ဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းပြီး ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မျိုးကောင်းမျိုးသန့်တွေသုံးပြီးစိုက်ပျိုးနိုင်ရေးတို့ကို အလေးထား  ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

“ရာသီဥတုဆိုတာကတော့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အတွက် ကာကွယ်ဖို့ တော်တော် ခက်ခဲပါတယ်။ လူလုပ်တဲ့အန္တရာယ်တွေကိုတော့ အဓိက ဦးစားပေးပြီး ဖြေရှင်းသွားမှာပါ”လို့ သူက ပြောပါတယ်။      

 

စိုက်ပျိုးရေးကဏ္ဍ အကြံပြုမှုများ 

ဒေသတွင်း ဆန်တင်ပို့မှု အများဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ဖူးတဲ့၊ လူဦးရေ ၇ဝ ရာခိုင်နှုန်းဝန်းကျင်က တောင်သူလယ်သမားတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကဏ္ဍနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြင့်မားရေးကို ဦးစား မပေးခဲ့ပါဘူး။ 

ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိန်ဝင်းက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမဲ့လည်း အစိုးရ အဆက်ဆက်က စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးသုံးစွဲမှု အလွန်နည်းပါးတယ်လို့ ပြောပါတယ်။ 

စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိဖို့က အရေးပါတဲ့အချက် ဖြစ်သလို အစိုးရသစ်အနေနဲ့ တောင်သူတွေ အချိန်မီစိုက်ပျိုးနိုင်အောင် ချေးငွေ အချိန်မီ ထုတ်ချေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။ 

 “(ဆန်စပါး)သုတေသနပိုင်းမှာ သီးနှံမျိုးစေ့စီမံကိန်းတွေကို အလေးထားပြီး ဆောင်ရွက်မှု အားနည်းတာကို တွေ့ရပါတယ်” လို့ ဦးစိန်ဝင်းက ပြောပါတယ်။  

စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ အစိုးရသစ်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးမယ်လို့ပြောပါတယ်။ 

“ကိုယ့်ပါတီက ကိုယ့်ဝန်ကြီးပဲဗျာ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးဖို့အတွက်  ကျွန်တော်တို့ ကြိုးစားညှိနှိုင်း အဖြေရှာသွားမှာပါ”  လို့သူက ဆိုပါတယ်။ 

ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ဒီနှစ် ပြည်ပပို့ကုန်ထဲ ဆန် မပါဝင်နိုင်ဘူးလို့ ပြောပါတယ်။ 

" ဒီနှစ်မှာတော့ ရာသီဥတုကြောင့် ဆန်စပါးအထွက်၂ဝ ရာခိုင်နှုန်းလောက် နည်းသွားပါတယ်။ ဒေသတွင်း စားသုံးဖို့ကတော့ ဖူလုံနိုင်ပေမဲ့ နိုင်ငံခြားတင်ပို့ဖို့ကတော့ မဖြစ်နိုင်ပါဘူး" လို့ သူက ပြောပါတယ်။ 

အလားတူ သုံးသပ်သူတစ်ဦးကတော့ မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ဖြစ်ပါတယ်။      ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုသက်ရောက်ပြီး သိသိသာသာ မိုးနည်းလာနိုင်တာကြောင့်သက်တမ်းတိုတဲ့ စပါးမျိုးတွေ စိုက်ပျိုးသင့်တဲ့အတွက် ရေအရင်းအမြစ်ကို အလေးထားရမယ်လို့ သူက ဆိုပါတယ်။ 

“မြန်မာနိုင်ငံမှာက ရေရနိုင်တဲ့နည်းတွေရှိပါတယ်။  မြစ်ကြီးတွေမှာရှိနေတဲ့ ရေကို လိုအပ်သလို ထိန်းသိမ်းနိုင်ရင် စိုက်ပျိုးရေး ကဏ္ဍက ပြန်ပြီးမြင့်တက်လာမယ်”လို့  ဒေါက်တာစိုးထွန်းက ပြောပါတယ်။  

 မအူပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိုက်စိုးက သူတို့ဝန်ကြီးဌာနအနေနဲ့  လယ်သမားတွေကို အယ်လ်နီညိုရာသီဥတုနဲ့ ပတ်သက်ပြီး နည်းပညာပေးခြင်း၊ မျိုးစပါးတွေဖြန့်ဝေပေးခြင်း အစရှိတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ 

“ပျိုးခင်း၊ စိုက်ခင်းတွေ ရေရဖို့ အခက်အခဲဖြစ်နိုင်တယ်။ သီးနှံအထွက်နှုန်း လျော့နည်းသွားနိုင်တယ်။  သက်တမ်းတိုတဲ့စပါးတွေ စိုက်ပျိုးသင့်တယ်” လို့ ဦးသိုက်စိုးက  ပြောလိုက်ပါတယ်။     ။ 

ဖြိုးသီဟချို

 

REF: Myanmar Now


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်