ဒေသခံအဏုဇီဝများ စုဆောင်းခြင်း

15/08/2019 14:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နည်းလမ်း (၁)

စိုက်ရေးပျိုးရေးလောကမှ တစ်ခါတစ်လေကျတော့ ကိုယ့်ကို ကူမဲ့ကယ်မဲ့သူတွေ ရှိနေတယ်ဆိုရင် အားကိုးရမှာပေါ့။ ဘယ်လိုအားကိုးရမလဲဆိုတာကို အောက်မှာ ဆက်ပြောပြထားပါတယ်နော်။ တစ်ချက်လေး စောင်းငဲ့ကြည့်လိုက်ပါဦး။

IMO ဆိုတာ ဘာလဲ

Indigenous Microorganisms တွေကို ဆိုလိုပါတယ်။ မြန်မာလိုဆိုရင်တော့ ဒေသခံအဏုဇီဝတွေကို ဆိုလိုတာဖြစ်ပါတယ်။ သဘာဝနည်းလမ်းတိုင်းအရ စိုက်မယ်ပျိုးမယ်ဆိုရင် ဒေသခံတွေလည်း ပါရမယ်လေနော်။ ဘယ်လိုပဲ မျိုးသစ်တွေပေါ်ပေါ် ဒေသခံမျိုးတွေက အကောင်းဆုံးဆိုတော့ သီးနှံစိုက်တာပဲဖြစ်ဖြစ် မြေပြင်တာပဲဖြစ်ဖြစ် ဒေသခံအဏုဇီဝတွေကို သုံးလိုက်တာ အကောင်းဆုံးပါပဲ။ 

အကျိုးပြုတဲ့သက်ရှိတွေဆိုတာ အကောင်ကြီးမှအစွမ်းထက်တာ မဟုတ်ပါဘူးလေ။ ဘယ်လောက်သေးသေး ကိုယ့်ကိုအကျိုးပြုတယ်ဆိုရင် ကိုယ်မလုပ်နိုင်တာတွေ လုပ်ပေးတယ်ဆိုရင် ဒါ...အကျိုးပြုတဲ့ ကျေးဇူးတင်စရာအကောင်လေးတွေပါပဲ။ အဲ့တော့ သူတို့ကိုထုတ်ယူမယ်။ ပွားများလာအောင်လုပ်ပေးမယ်။ ကိုယ့်စိုက်ခင်းထဲမှာ အသုံးပြန်ချမယ်ဆိုရင် သူ့အတွက်လည်းအကျိုးရှိ ကိုယ်လည်း အကျိုးဖြစ်ထွန်းမဲ့ အခြေအနေဆိုတော့ ကောင်းတာလေးတွေလုပ်ကြရအောင်။

ကဲ ကဲ ထုတ်မယ် ထုတ်မယ်.....ဘာတွေလိုအပ်တာလဲဆိုရင်

(၁) သစ်သားသတ္တာ (အမှန်တော့ လေးထောင့်ခွက်ပါပဲ။ သဘာဝကနေ လုပ်ထားတာတော့ဖြစ်ရမယ်နော်။) (အလျား- ၁၂ လက်မ၊ အနံက - ၈ လက်မနဲ့ အမြင့်က - ၄ လက်မ ရှိရမယ်။ သစ်သားပြားအထူက လက်မဝက် ဖြစ်ရင် အိုကေပြီပေါ့)

(၂) ထမင်း (မာမာလေးချက်ထားတာက ပိုပြီးတော့ အကျိုးရှိပါတယ်တဲ့)

(၃) သားရေပြား (ပိုက်တွေစည်းတဲ့ စက်ဘီးတာယာဆိုရင်ရပါတယ်)

(၄) အပေါက်ပါတဲ့စက္ကူ (ပုဝါလည်းရပါတယ်၊ စက္ကူကို အပေါက်လေးတွေဖောက်လိုက်လည်း ရတယ်။ ရာသီဥတုအခြေအနေကိုကြည့်ပြီးတော့ သုံးသင့်တာလေး ချိန်ဆနိုင်ပါတယ်။ သတင်းစာစက္ကူတော့ သုံးလို့မရပါဘူး)

(၅) ထည့်စရာ ခွက်

(၆) သကြားညို

(၇) ဖန်ကရား သို့မဟုတ် မြေအိုး

လိုတာတွေစုပြီးရင် ကွင်းထဲကိုသွားစုကြမယ်လေ.......

အဆင့် (၁)။ ။ သစ်သား သေတ္တာဘောက်ထဲကို ချက်ထားတဲ့ ထမင်းတွေကိုထည့်။ သစ်သားဘောက်က အမြင့်က (၄)လက်မ ဆိုတော့ ထမင်းက (၃) လက်မ လောက်ပဲထည့်ပါ။ တစ်လက်မချန်ထားရမယ်။ ထည့်တဲ့နေရာမှာလည်း တစ်အားကြီး ဖိသိပ်ပြီးမထည့်ရပါဘူး။ လေရအောင် ချန်ထားပေးရမှာပါ။  အဲ့တော့မှ လေလည်းရ စားစရာလည်းရှိတဲ့ သစ်သားခွက်ကလေးက အကျိုးပြုအဏုဇီဝတွေကို ဆွဲဆောင်နေရော..

အဆင့်(၂)။   ။ နောက်ပြီးတော့ စက္ကူနဲ့ အပေါ်ကိုပိတ်ပြီး သားရေကွင်းနဲ့ စည်းပေးလိုက်ပါ။

အဆင့် (၃)။    ။ မြေနေရာရွေးမယ်ဆိုရင် သစ်တောမြေလိုမျိုး အဏုဇီဝတွေများတဲ့မြေကြီးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အရွက်ကနေ မှိုလေးတွေထွက်နေတဲ့နေရာကို ကြည့်ပြီးတော ရွေးလိုက်လို့ရပါတယ်။  အဲ့မြေနေရာကို ရောက်အောင်သွား ပြီးတော့ မြေကြီးကို သစ်သားခွက်အတိုင်းအတာနဲ့ (၁၂)လက်မ၊ (၈)လက်မ အတိုင်း အနက်ကိုတော့ (၂) လက်မပဲ တူးပေးရမယ်။ 

အဆင့် (၄)။ ။ တူးပြီးရင် အဲ့အကွက်လေးထဲမှာ ထမင်းခွက်ကိုထည့်ပြီးတော့ သစ်ရွက်လေးတွေနဲ့ပါ ပြန်ဖုံးပေးခဲ့လိုက်ပါ။ မိုးကြီးတတ်တယ်ဆိုရင် ပလတ်စတစ်ဖုံးပေးလည်းရပါတယ်။

အဆင့် (၅)။ ။ (၃) ရက်လောက် ကြာပြီးတဲ့နောက်မှာတော့ ထည့်ထားတဲ့ထမင်းတွေမှာ အကျိုးပြုအဏုဇီဝသက်ရှိတွေ ကပ်တွယ်နေပြီဖြစ်ပါတယ်။ အဲ့ဒါတွေကို ယူပြီးတော့ မြေအိုး ဒါမှမဟုတ် ဖန်ကရားထဲကို ပြောင်းပြီးတော့ ထည့်ပေးလိုက်လို့ရပါတယ်။ အဲ့ဒါကို အမှတ်စဉ်လိုက် တပ်ခေါ်ရင်တော့ ဒေသခံအဏုဇီဝ သက်ရှိ (၁) လို့ခေါ်ပါတယ်။ 

အဆင့်(၆)။ ။ အဲ့ အမှတ်စဉ် (၁) ကို သကြားညိုနဲ့ ဆတူရောပေးလိုက်ရင်  (ဒေသခံအဏုဇီဝ သက်ရှိ (၁) – (၅၀)သားကို သကြား (၅၀) သား နဲ့ရောတာကိုဆိုလိုပါတယ်) ဒေသခံအဏုဇီဝ သက်ရှိ (၂) ဖြစ်သွားပါတယ်။ 

အဆင့် (၇)။ ။ ရောတာတွေအကုန်က  မြေအိုးထဲမှာလုပ်ပါနော်။ ပြီးရင် စက္ကူနဲ့ သားရေကွင်း/ကြိုးတို့ကိုသုံးပြီးတော့ ပိတ်သိမ်းထားနိုင်ပါတယ်နော်။ 

နောက်တစ်ဆင့်အနေနဲ့ ဆက်ပြီးတော့ လုပ်ကြတာပေါ့။ လိုအပ်တဲ့ပစ္စည်းတွေကို တစ်ချက်စုကြရအောင်

(၁) ရေ

(၂) ဖွဲ

(၃) ကောက်ရိုး

(၄) ဒေသခံအနုဇီဝ သက်ရှိ (၂)

အကုန်လုံးကို နေရောင်ခြည် တိုက်ရိုက်မရနိုင်တဲ့နေရာမှာ လုပ်ပေးပါ။ 

(၁) ရေအဆ (၁၀၀၀) နဲ့ ဒေသခံအဏုဇီဝ သက်ရှိ (၂)ကို ရောစပ်လိုက်ပါ။ ဖွဲနု နဲ့လည်း တူတူပါပဲ။ အဆ (၁၀၀၀) ရောပါနော်။

(၂) ရောပြီး စပ်ပြီးရင်တော့ မြေကြီးပေါ်မှာ ပုံပေးရမှာပါ။ အမြင့်က (၃၀) စင်တီမီတာ (၁ပေ) ကနေ (၄၀) စင်တီမီတာ ((၁)ပေနဲ့ (၄)လက်မ) လောက်ကို ပုံပေးရပါမယ်။ 

(၃) ကောက်ရိုးနဲ့ ဖုံးထားပြီးတော့ အပူချိန်ကို (၅၀) ဒီဂရီစင်တီဂရိတ် လောက် ထိန်းထားပေးပါ။ အဲ့လိုထိန်းဖို့ဆိုရင် (၂) ရက်ကို တစ်ခါလောက် ဖွင့်ပေးရမှာဖြစ်ပါတယ်။ 

(၄) (၅) ရက်ကနေ (၇) ရက်လောက်ကြာတဲ့အခါ သူတို့ မျက်နှာပြင်လေးတွေမှာ အဖြူဖတ်တွေဖြစ်လာမှာကို တွေ့ရပါတယ်။ အဲ့အဆင့်ကိုတော့ ဒေသခံအဏုဇီဝ သက်ရှိ (၃) လို့ခေါ်ပါတယ်။ 

အဲ့ ဒေသခံအဏုဇီဝ သက်ရှိ (၃) ကို မြေကြီး ဆတူ( စိုက်ခင်းမြေတစ်ဝက်၊ မြေနီ တစ်ဝက်) နဲ့ ပေါင်းပြီးတော့ မြေကြီးပေါ်မှာ ၂၀ စင်တီမီတာလောက် ပုံပြီးတော့ (၂) ရက်လောက်ထားပြီး စိုက်ခင်းထဲ ထည့်လို့ရပါ့ပီ။  ဒါကတော့ ဒေသခံအဏုဇီဝ သက်ရှိ (၄) ပါ။ ဒေသခံအဏုဇီဝ သက်ရှိ (၁)၊ ဒေသခံအဏုဇီဝ သက်ရှိ (၂)၊ ဒေသခံအဏုဇီဝ သက်ရှိ (၃) နဲ့ ဒေသခံအဏုဇီဝ သက်ရှိ (၄) တွေကို အဆင့်တိုင်းမှာ မြေထဲကိုထည့်ပေးလို့ရပါတယ်။ ပိုမိုပွားလာအောင်လုပ်ပေးတဲ့ အဆင့်ကိုပဲ ပြောပြပေးတာပါ။ သတိထားရမှာကတော့ သဘာဝကျကျ စိုက်ပျိးမွေးမြူရေးနည်းလမ်းမှာ လုပ်တဲ့နည်းလမ်းတွေမှာ အဆ (၁၀၀၀) ပဲ ရောရပါတယ်။ အကုန်လုံး အဆင်ပြေကြပါစေ။ 

ထွန်းဝင်းကျော်

Reference: Cho’s Global Natural Farming Pdf