သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး

12/01/2018 15:27 PM တွင် U Thein Su U Thein Su မှ ရေးသား

သမားရိုးကျ စိုက်ပျိုးရေးစနစ်နှင့် အကျိုးဆက်များ

တောင်သူအများစုသည် သီးနှံတစ်မျိုးစိုက်ပျိုးရန် အတွက် ပထမဦးစွာ ယမန်နှစ်ကစိုက်ပျိုးခဲ့သည့် သီးနှံပင်၏ အကြွင်းအကျန် များနှင့် အမှိုက်သရိုက်များကို စိုက်ပျိုးမည့်မြေကွက်ပေါ်တွင် စုဆောင်း၍ စုပုံကြသည်။ ထို့နောက် ၎င်းတို့ကို မီးရှို့ကြသည်။ တစ်ခါတစ်ရံတွင်မူ စုဆောင်း၍စုပုံမနေတော့ပဲ မြေကွက်တစ်ကွက်လုံးအပေါ် ဖုံးလွှမ်းနေသည့် အပင်အကြွင်းအကျန်များကို မီးရှို့လိုက်ကာ တစ်ကွက်လုံး ကူးစက်ပျံ့နှံ့သွားအောင် လုပ်ဆောင်ကြသည်။ ထယ်ထိုးထွန်မွှေခြင်း လုပ်ငန်းကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်အောင် အမှိုက်များကိုပြောင်ရှင်းသွားအောင် ပြုလုပ်ခြင်းဖြစ်သည်။ ဤကဲ့သို့ မီးရှို့ပစ်ခြင်းဖြင့် သဘာဝအတိုင်း ဆွေးမြေ့ပြီး မြေသြဇာအဖြစ် တစ်ဖန်ပြန်ဖြစ်သွားရမည့်အစား အဖိုးတန်အဟာရဓါတ်များ မီးလောင်လေလွင့် ဆုံးရှုံးကုန်ရကာ အဟာရတန်ဖိုးမများလှသည့် ပြာကိုသာ ရရှိလိုက်တော့သည်။ ပင်ကြွင်းပင်ကျန် ရိုးပြတ်များကို မီးရှို့ခြင်းကြောင့် ဖန်လုံအိမ် ဓါတ်ငွေ့များ ထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။ ရွေ့ပြောင်းတောင်ယာခုတ်၍ စိုက်ပျိုးသည့် တောင်ပေါ်ဒေသများတွင်မူ မီးရှို့မှု များ ပိုမိုလုပ်ကိုင်ကြသဖြင့် အဟာရဓါတ်မြေသြဇာ ဆုံးရှုံးမှုများ ပိုမိုဖြစ်ပွားကြပြီး ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုလည်း ပိုမို များပြားပါသည်။

မီးရှို့ပြီးလျှင် ထယ်ထိုးထွန်မွှေ ထွန်ယက်မှုကို ပြုလုပ်ကြသည်။ ပြီးလျှင်မျိုးစေ့ချစိုက်ပျိုးမှုကို သမရိုးကျ အတိုင်းပင် ပြုလုပ်ကြ သည်။ သို့ရာတွင် မြေကြီးကိုထွန်ယက်လိုက်သဖြင့် မြေဆီလွှာအား ရေနှင့်လေတိုက်စားမှုကို လွယ်ကူစွာဖြစ်ပေါ်စေသည်။ မြေအနိမ့်အမြင့် မညီညာသည့်နေရာများ၊ တောင်စောင်းများတွင် မြေဆီလွှာတိုက်စားခံရမှု ပိုမိုဖြစ်ပေါ်စေသည်။ ကာဗွန်ဓါတ်နှင့် နိုက်ထရိုဂျင်ဓါတ် တို့သည် မြေဆီလွှာအတွင်းရှိ မြေဆွေးများအတွင်းတွင် အောဂဲနစ်ဓါတ်ပေါင်းများ အဖြစ်တည်ရှိကြနေသည်။ မြေဆီလွှာအား ထွန်ယက်ခြင်းနှင့် မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းတို့သည် ၎င်းဓါတ်ပေါင်းများကို လျှင်မြန်စွာပြိုကွဲစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်၊ မိသိန်းဓါတ်နှင့် နိုက်ထရစ်အောက်ဆိုဒ် ဓါတ်ငွေ့များအဖြစ် လေထုထဲတွင် ရောက်ရှိသွားစေသည်။ ဤဓါတ်ငွေ့များသည် ကမ္ဘာကြီးကို ပူနွေးစေသည့် ဖန်လုံအိမ်ဓါတ်ငွေ့များ အပါအဝင်ဖြစ်ကြသည်။

 သဘာဝသစ်တောများ နှင့် သဘာဝဂေဟစနစ်

သဘာဝသစ်တောများတွင် အပင်မျိုးစုံ ပြောင်းလဲ ပေါက်ရောက်လျက်ရှိသည်။ သစ်ပင်ခြုံပင်များမှ ကြွေကျသော သစ်ရွက်များ၊ သစ်ခက်များနှင့် မြက်ပင်များသည် မြေပေါ်တွင် အစဉ်အမြဲ ဖုံးအုပ်လျက်ရှိသည်။ ၎င်းတို့သေကြေပျက်စီး ဆွေးမြေ့သွားသော အခါ မြေဆွေးများအဖြစ် မြေဆီလွှာအတွင်း ရောနှောရောက်ရှိသွားသည်။ သစ်တောမြေများကို ကြည့်လျှင် မြေဆွေးဓါတ် ပါဝင်မှု မြင့်မားသဖြင့် အရာင်မဲနက်လျက် ရှိကြပြီး မြေသားပွကာ၊ မြေအတွင်းသို့ ရေစိမ့်ဝင်မှုကောင်းသည်ကို တွေ့ကြရမည် ဖြစ်သည်။ တီကောင်များနှင့် အခြားအမျိုးပေါင်းများစွာသော အင်းဆက်ပိုးမွှားများ ရှင်သန်ကျက်စား နေသည်ကိုလည်း တွေ့ကြရမည် ဖြစ်သည်။ စိုက်ပျိုးမြေများကို ကြည့်လျှင်မူ သစ်တောများထက်မြေဆွေး ပါဝင်မှုနည်းသဖြင့် အရောင်ဖျော့ပြီး မြေသားကျစ်ကာ ရေစိမ့်ဝင်နိုင်စွမ်း နည်းပါးသည်ကို တွေ့ကြရမည်။ တီကောင်များနှင့် အင်းဆက်ပိုးမွှားများလည်း အလွန်နည်းပါးသည်ကို တွေ့ကြရမည်။

သစ်တောမြေနှင့် စိုက်ပျိုးမြေကွာခြားချက်

သစ်တောမြေများသည်

(၁)     ထွန်ယက်ခြင်း၊ တူးဆွခြင်းလုံးဝ မခံရဘဲသဘာဝအတိုင်း ရှိသည်။

(၂)     မြေပြင်ပေါ်တွင် သစ်ရွက်သစ်ခက်များနှင့် မြက်ပင်များ အစဉ်အမြဲ ဖုံးအုပ်လျက်ရှိသည်။

(၃)     အပင်တစ်မျိုးတည်း ပေါက်နေခြင်းမဟုတ်ဘဲ အပင်မျိုးစုံ ပြောင်းလဲပေါက်ရောက်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင် မပျက် စိုက်ပျိုးရေး

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး နည်းပညာသည် သဘာဝဂေဟစနစ်တွင် သစ်တောသစ်ပင်များ ရှင်သန် ပေါက်ရောက် ကြပုံ အား အခြေခံ အတုယူ၍ လုပ်ဆောင်သော နည်းစနစ်ဖြစ်သည်။ မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးရုံမက၊ ဖန်လုံအိမ် ဓါတ်ငွေ့များ ထုတ်လွှတ်မှုကိုလည်း လျော့နည်းစေကာ၊ ဆုံးရှုံးသွားသော အဟာရဓါတ်များကိုလည်း ပြန်လည်ဖြည့်ဆည်းပေး နိုင်သော နည်းပညာတစ်ခု ဖြစ်ပေသည်။ သစ်တောသစ်ပင်များ ရှင်သန်ပေါက်ရောက်ပုံကို အခြေခံအတုယူထားသဖြင့် သဘာဝ ပတ်ဝန်းကျင်မပျက် စိုက်ပျိုးရေး နည်းပညာတွင်လည်း အောက်ပါအဓိက အင်္ဂါရပ်(၃)ချက်ရှိသည်။

(၁) အနည်းဆုံးထွန်ယက်၍ စိုက်ပျိုးခြင်း၊ သို့မဟုတ် လုံးဝမထွန်ယက်ဘဲ စိုက်ပျိုးခြင်း (Minimum or Zero Tillage)

(၂) မြေပြင်အား သီးနှံပင်များ၊ သီးနှံပင်ကြွင်းများဖြင့် အစဉ်အမြဲဖုံးအုပ်ထားခြင်း (Permanent soil cover)

(၃) သီးနှံအမျိုးမျိုးကို အလှည့်ကျစိုက်ပျိုးခြင်း (Crop rotation)

သဘာဝပတ်ဝန်းကျင်မပြတ် စိုက်ပျိုးရေးစံပြကွက် တည်ထောင်ခြင်း

Welthungerhlife (WHH) အဖွဲ့အစည်းသည် ဂျာမဏီနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်း ဖြစ်ပါ သည်။ ဂျာမဏီနိုင်ငံ အစိုးရမှ အဓိက ကူညီထောက်ပံ့ ထားပြီး အခြားသော အပြည်ပြည်ဆိုင်ရာ အလှူရှင်များထံမှ အထောက် အပံ့များ ရယူကာ ကမ္ဘာ့နေရာဒေသ အသီးသီးရှိ လိုအပ်သည့် နေရာများတွင် လိုက်လံ ကူညီ ဆောင်ရွက် ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စီမံကိန်းရုံး ဖွင့်လှစ်ထားရှိကာ စီမံကိန်းကျေးရွာများရှိ ဆင်းရဲနွမ်းပါး မိသားစုများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ စီမံကိန်း ကျေးရွာများရှိ ဆင်းရဲနွမ်းပါး မိသားစုများ၏ အဓိက အသက်မွေးမှု လုပ်ငန်းစဉ်များကို အဓိကထား ကူညီပံ့ပိုး ပေးလျက်ရှိပါသည်။

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးလုပ်ငန်းသည် စီမံကိန်းကျေးရွာ မိသားစုများအတွက် ရေရှည်အကျိုးရှိမည့် နည်းစနစ် တစ်ခု ဖြစ်သည်ကို နားလည် သဘောပေါက်သဖြင့် WHH စီမံကိန်းသည် ကျွမ်းကျင်ပညာရှင်ထံမှ အကူအညီရယူကာ စံပြကွက် တည်ဆောက်ရန် ကြိုးပမ်းခဲ့ပါသည်။ မြေဆီလွှာ သိပ္ပံပညာရှင် နှင့် သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေး ကျွမ်းကျင် ပညာရှင် ဦးနေဝန်းပေါ်သည် ဤနည်းစနစ် နှင့် ပတ်သက်ပြီး FAO ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် အာဖရိကတိုက် မာလာဝီနိုင်ငံတွင် (၃)နှစ် ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်အဖြစ် သိရှိခဲ့ရပြီးနောက် WHH စီမံကိန်းသည် ဦးနေဝန်းပေါ်နှင့် ဆက်သွယ်၍ ဤစနစ် အကောင်အထည် ဖော်နိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့သည်။ WHH စီမံကိန်းသည် စီမံကိန်း ဝန်ထမ်းများ နှင့် ကျေးရွာကိုယ်စားလှယ်များ အတွက်၂၀၁၁ခုနှစ် မတ်လ နောက်ဆုံးအပတ် အတွင်း ငါးရက်ကြာ (သဘာဝ ပတ်ဝန်းကျင် မပျက် စိုက်ပျိုးရေး သင်တန်း) ကို ဦးနေဝင်းထံမှ သင်ယူရရှိခဲ့ကြသည်။ သင်တန်း ကာလအတွင်း မှာပင် စံပြကွက် မြေနေရာကို ရွေးချယ်ခဲ့ကြရာ လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု စံဖြတ်ကျေးရွာမှ တောင်သူဦးအိုက်ဆော+ ဒေါ်အေးမြတို့၏ တောင်ယာ စိုက်ကွက်ကို ရှာဖွေတွေ့ရှိ ရွေးချယ် နိုင်ခဲ့ပါသည်။ သင်တန်းကာလ ငါးရက်အတွင်း စံပြကွက်တွင် နှစ်ရက်ကြာ လက်တွေ့ ကွင်းဆင်း၍ စံပြကွက် ဖော်ဆောင်မှုကို စတင်ခဲ့ကြသည်။

စံပြကွက်တည်ထောင်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ             

(၁) မြေနေရာ ရှင်းလင်းခြင်း

စံပြကွက်မြေနေရာသည် မတ်စောက်ရာနှုန်း ၂၇%ခန့်ရှိပြီး စုစုပေါင်းအကျယ် ဧရိယာငါးဧက နီးပါးခန့်ရှိပါသည်။ ထိုငါးဧကထဲမှ တစ်ဝက်ကို သဘာဝ ပတ်ဝန်းကျင်မပျက် စိုက်ပျိုးရေးစံပြကွက် ရွေးချယ်ခဲ့ကြပြီး ကျန်တစ်ဝက်ကို ပိုင်ရှင်ဦးအိုက်ဆောမှ သမရိုးကျနည်း ဖြင့် စိုက်ပျိုးမည် ဖြစ်ပါသည်။ ဤစိုက်ကွက်သည် ယမန်နှစ်ကပြောင်းဖူး (စီဝီရှစ်သုံးလုံးမျိုး) စိုက်ပျိုးခဲ့သည့် အကွက် ဖြစ်သည်။ မတ်လစတုထ္ထအပတ် သင်တန်းကာလအတွင်း လက်တွေ့ကွင်းဆင်းရာတွင် ပြောင်းရိုးငုတ်လက်ကျန်များကို ခုတ်ထွင် ရှင်းလင်းခဲ့ကြပြီး ၎င်းတို့ကို စံပြကွက် ဧရိယာ မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့ဖုံးအုပ်ထားခဲ့ကြသည်။ ပြောင်းရိုးပြတ်များကို မီးရှို့ပစ်ခြင်း လုံးဝမပြုလုပ်ခဲ့ပါ။

(၂) ပေါင်းမြက်နှိမ်နင်းခြင်း

မေလ ပထမအပတ် အတွင်းတွင် စံပြကွက် အတွင်း ပေါက်လာသည့် ပေါင်းမြက်များကို ပထမ မြက်ယမ်းဓါးဖြင့် ခုတ်ယမ်းပေးခဲ့ သည်။ ပေါင်းခုတ်များကို ပင်လုံးပျံ့အာနိသင် ရှိသည့် ပေါင်းသတ်ဆေး (ဂလိုဖိုဆိတ်) ဖျန်း၍ နှိမ်နင်းပေးခဲ့သည်။ မြေကိုဆွရ သည့် ပေါက်ပြားဖြင့် ပေါင်းရှင်းမှုမျိုး လုံးဝမပြုလုပ်ခဲ့ပါ။

(၃) မြေနမူနာများဓါတ်ခွဲစမ်းသပ်ခြင်း

မေလကုန်ရက်တွင် စံပြကွက်နေရာမှ မြေနမူနာများနှင့် သမရိုးကျစိုက်ပျိုးသည့် (ကပ်လျက်ရှိသော) မြေကွက်မှမြေနမူနာများကို ရယူခဲ့သည်။ ဤမြေနမူနာရယူခြင်းကို လားရှိုးမြို့နယ် နောင်မွန်စိုက်ပျိုးရေး သုတေသနခြံမှ မြေဆီလွှာပညာရှင်များ ဖြစ်ကြသည့် ဦးထိန်လင်းထွန်းနှင့် ဒေါ်ဖြူပြာလွင်တို့မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ စနစ်တကျ စုဆောင်းရယူထားသည့် မြေနမူနာများကို နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဌာနမှ မြေဆီလွှာ ဓါတ်ခွဲခန်းသို့ ပေးပို့၍ ဓါတ်ခွဲ စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါသည်။ သမရိုးကျ စိုက်ပျိုးမည့်အကွက်တွင် ပြောင်းရိုးငုတ်ရိုးပြတ်များကို စုဆောင်းစုပုံခြင်း၊ မီးရှို့ခြင်း၊ ထယ်ထိုးခြင်းများကို ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်သည်။ လေသွေ့အခြောက်ခံပြီး ဖြစ်သည့် မြေနမူနာ နှစ်မျိုးသည် အရောင်အားဖြင့်ပင် ကွာခြားနေမှုကို မြင်တွေ့ရ သည်။ ပြောင်းရိုးများ၊ အမှိုက်များကို မီးမရှို့ဘဲ ထယ်ထိုးမထားသည့် သဘာဝဝန်းကျင်မပျက် စိုက်ပျိုးစနစ် စံပြကွက်မှ မြေနမူနာ သည် ပိုမို၍ အရောင်မဲ နေသည်ကို တွေ့မြင်ခဲ့ရသည်။

(၄) ပြောင်းဖူးစိုက်ပျိုးခြင်း

ဇွန်လ(၁)ရက်နေ့တွင် သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး စံပြကွက်တွင် စီပီရှစ်သုံးလုံး ပြောင်းမျိုးများ စိုက်ပျိုးခဲ့ကြသည်။ ဤပြောင်းမျိုးသည် လာရှိုးမြို့နယ် အတွင်း တောင်သူတိုင်းနီးပါး စိုက်ပျိုးနေကြသည့် မျိုးဖြစ်သဖြင့် ဤပြောင်းမျိုးကို စိုက်ပျိုး ခဲ့ခြင်း ဖြစ်သည်။ ပြောင်းဖူးတစ်ခင်းလုံးကို ထယ်မထိုးဘဲ၊ စိုက်မည့်စိုက်ကြောင်းများကို ပေါက်ပြားဖြင့် ကြောင်းဖော်၍ စိုက်ကြောင်း အတွင်း ပြောင်းမျိုးကို တစ်စေ့နှစ်စေ့ကို(၁၀)လက်မ ခွါကာတစ်နေရာလျှင် တစ်စေ့စိုက်ပျိုးခဲ့ကြသည်။ စိုက်ကြောင်း များကို တစ်ကြောင်းနှင့် တစ်ကြောင်း (၃၀)လက်မခန့် ခွါ၍ ဖော်ခဲ့ကြသည်။ စိုက်ချိန်တွင် မီးမရှို့ဘဲ ထားခဲ့သည့် ပြောင်းရိုးများ သည် အချို့လည်း ဆွေးမြေ့နေကြပြီး အချို့လည်း ကောင်းစွာ မဆွေးကြသေးဘဲ စိုက်ကြောင်းများအတွင်း ထိုအတိုင်း ရှိနေခဲ့ ကြသည်။

သမရိုးကျ စိုက်ပျိုးသည့် ကပ်လျက် အကွက်တွင် အခင်းပိုင်ရှင် ဦးအိုက်စောသည် ထယ်ထိုးထားသည့် အကွက်အတွင်း ထယ်ဖြင့်ပင် စိုက်ကြောင်းဖော်၍ ဝီစီရှစ်သုံးလုံး ပြောင်းမျိုးကိုပင် စိုက်ပျိုးခဲ့ပြီး ထယ်ဖြင့်ပင် မျိုးစေ့များကို ပြန်ဖုံးပေးခဲ့သည်။ စံပြကွက်ထက် (၃)ရက်ခန့် နောက်ကျပြီး စိုက်ပျိုးခဲ့သည်။

(၅) ပြောင်းဖူးခင်းအတွင်း ပဲယင်းနှင့် ပဲစင်းငုံ သီးညှပ်စိုက်ပျိုးခြင်း

ပြောင်းဖူးစိုက်ပျိုးပြီးနောက် တစ်လခွဲခန့်အကြာ ဇူလိုင်လ(၁၃)ရက်နေ့တွင် ပြောင်းဖူးခင်းအတွင်း ပဲယင်းနှင့် ပဲစင်းငုံကို သီးညှပ် အဖြစ် စိုက်ပျိုးပေးခဲ့သည်။ တစ်ပင်နှင့်တစ်ပင် (၁၀)လက်မ ခွါထားသော ပြောင်းဖူးပင် နှစ်ပင် အကြားတွင် ပဲယင်းမျိုးစေ့ သုံးစေ့ခန့် ကို စိုက်ပျိုးခဲ့ပြီး ပြောင်းဖူး အတန်းနှစ်တန်း ကြားတိုင်းတွင် ပဲစင်းငုံကို တစ်ကျင်းနှင့် တစ်ကျင်း (၃၀)လက်မခန့် ခွါ၍ တစ်ကျင်းလျှင် မျိုးစေ့ သုံးစေ့ခန့် စိုက်ပျိုးခဲ့သည်။

မြေဆီလွှာအာဟာရ ဓါတ်ခွဲစမ်းသပ်မှုအဖြေများ

ရေဆင်းစိုက်ပျိုးရေး သုတေသနဌာန၊ မြေဆီသြဇာ အာဟာရဓါတ်ခွဲ စမ်းသပ်မှု အဖြေများကို အောက်ပါဇယားတွင် ဖော်ပြထား သည်။ ဤအဖြေများကို လေ့လာကြည့်ရှု သုံးသပ်လျှင် သမရိုးကျ စိုက်ပျိုးနည်း အကွက်တွင် ပြောင်းဖူးငုတ်များနှင့် အမှိုက်သရိုက်များ ကို မီးရှို့ပစ်လိုက်သဖြင့် သီးနှံပင်အတွက် အဓိက လိုအပ်သည့် အာဟာရဓါတ်များ ဖြစ်သည့် (နိုက်ထရိုဂျင်၊ ဖေါ့စဖရပ်စ်၊ ပိုတက်စီယမ်)များ မည်မျှလောက် လျော့ပါး ပျောက်ဆုံးကုန် ရသည်ကို မီးမရှို့ခဲ့သည့် စံပြကွက်မှ ပမာဏများနှင့် နှိုင်းယှဉ်လျှင် တွေ့မြင်ရမည် ဖြစ်သည်။ မီးရှို့မပစ်သဖြင့် လျော့ပါးမသွားသည့် မြေသြဇာအာဟာရ ဓါတ်များသည် ယခု ပထမဆုံးနှစ် စိုက်ပျိုးရာသီတစ်ခု အတွင်းမှာပင် ဤပမာဏရှိပါက မီးမရှို့၊ ထွန်မယက်သည့် ဤစနစ်ကို နှစ်စဉ်တိုင်း ဆက်လက် ကျင့်သုံး သွားမည်ဆိုလျှင် မြေသြဇာကို မည်မျှလောက် ထိန်းသိမ်းထား မည်ကို ခန့်မှန်း မြင်တွေ့နိုင်ပါသည်။

သဘာဝပတ်ဝန်းကျင် မပျက်စိုက်ပျိုးရေး စံပြကွက်နှင့် သမရိုးကျစိုက်စနစ် အကွက်တွင် သီးနှံဖြစ်ထွန်းနေမှုများ

သီးနှံဖြစ်ထွန်းနေမှုများကို ပုံတွင်ပြထားသည့်အတိုင်း တွေ့မြင်နိုင်ပါသည်။ ပထမပုံသည် ပြောင်းဖူးစိုက်ခါနီး မေလအကုန်တွင် မြေပြင်ထားသည့် အခြေအနေဖြစ်ပါသည်။ လက်ယာဘက်အခြမ်းသည် မီးမရှို့ထယ်မထိုးထားသည့် အကွက်ဖြစ်ပြီး လက်ဝဲဘက်အခြမ်းသည် မီးရှို့ထယ်ထိုးမြေပြင်ထားသည့် သမရိုးကျစိုက်ပျိုးနည်း အပိုင်းဖြစ်ပါသည်။ ယခုအချိန်အခါ (ပြောင်းဖူးပင်သက်တမ်း သုံးလခွဲခန့်ရှိသည့် စက်တင်ဘာလလည်) တွင်ပြောင်းဖူးပင်များ ပေါက်ရောက်နေမှုကို ဒုတိယပုံတွင် မြင်တွေ့နိုင်ပါသည်။ အပင်ဖြစ်ထွန်းမှုသည် စံပြကွက်အပိုင်းတွင် ပိုမိုကောင်းမွန်ကြပြီး သမရိုးကျအကွက်တွင် မူမြေသြဇာ လျော့နည်းသွားသဖြင့် ရည့်မှည့်ချိန်မတိုင်မီ မှာပင်အပင်မများ ဝါလာသည်ကိုတွေ့မြင်ကြရသည်။ ပထမအကြိမ်ဖြစ်သည့် ပထမဦးဆုံး စိုက်ပျိုးရာသီမှာပင် ဤကဲ့သို့ ဖြစ်ထွန်းမှုသည် အလွန်အားရကျေနပ်ဖွယ်ဖြစ်ပြီး ဤစနစ်အတိုင်း မီးမရှို့၊ထယ်မထိုးဘဲ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးသွားမည်ဆိုလျှင် မည်မျှလောက်အကျိုးများပြီး ရေရှည်တည်တန့် မည့်အထွက်တိုး စိုက်ပျိုးနည်း တစ်ခုဖြစ်မည်ကို ကြိုတင်မှန်းဆနိုင်ပါသည်။

စံပြကွက်သို့ လေ့လာရေးအဖွဲ့များ လာရောက်ကြခြင်း

ဤစနစ်သည် မြေပြန့်တွင်ရော တောင်ပေါ် ဒေသများတွင်ပါ ကျင့်သုံးနိုင်သည့် နည်းစနစ်ဖြစ်သည်။ အထူးသဖြင့် တောင်တန်း ထူထပ်သည့် တောင်ပေါ် ဒေသများတွင် ပိုမို ကျင့်သုံးသင့်သည်။ မီးရှို့ထွန်ယက်ကြသဖြင့် မြေဆီလွှာတိုက်စားဆုံးရှုံးမှုများ ဖြစ်နေကြသည့် တောင်စောင်း စိုက်ပျိုးရေးများတွင် ဤစနစ်ကို ကျင့်သုံးခြင်းဖြင့် မြေဆီလွှာတိုက်စားမှုနှင့် မြေဆီသြဇာ ဆုံးရှံုးမှုကို ကာကွယ် ဟန့်တားနိုင်ပါသည်။ ကျွဲ၊နွား ထွန်ယက်မသုံးဘဲ စိုက်ကွက် တစ်ကွက်လုံးကို ပေါက်ပြားဖြင့်သာ တူးဆွ စိုက်ပျိုးနေကြသည့် ဒေသများတွင် လူလုပ်အားကို များစွာမှ သက်သာ စေမည် ဖြစ်သည်။

 လေ့လာရေးများဖိတ်ခေါ်ခြင်း

WHH လားရှိုးစီမံကိန်း၏ စီမံကိန်း ကျေးရွာ တစ်ခု ဖြစ်သည့် စံဖြတ်ကျေးရွာသည် မန္တလေး-လားရှိုးလမ်း မိုင်တိုင်(၁၆၃)ခန့်တွင် တည်ရှိနေသည့် ကားလမ်းဘေး ကျေးရွာ ဖြစ်ပါသည်။ မန္တလေးဘက်မှ လာခဲ့လျှင် အေးရှားဝေါလ် လမ်းခွန်ကောက်ဂိတ်၏ အလွန်ကလေးတွင် ရှိပါသည်။ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး စံပြကွက်သည် စံဖြတ်ရွာတွင် တည်ရှိပါသည်။ ဤစနစ်ကို ကျင့်သုံးလိုကြသူများ အနေဖြင့် လာရောက်လေ့လာလိုကြပါက အောက်တိုဘာလ မကုန်မီတွင် လာရောက် လေ့လာနိုင် ကြပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ WHH လားရှိုးစီမံကိန်းရုံး (ဖုံး-၀၈၂-၃၀၀၅၀/၀၉၄၇၃၀၂၄၅၇) သို့ဆက်သွယ် ၍ ကြိုတင် စုံစမ်းမှုများလည်း ပြုလုပ်နိုင်ပါသည်။ အတွေ့အကြုံများ မျှဝေခြင်း၊ အကြံဉာဏ်များ ပေးအပ်ခြင်း စသည်များ ဖလှယ်နိုင်ကြရန် အတွက် ဖိတ်ခေါ်လိုက် ရပါသည်။ ဘက်ပေါင်းစုံမှ ကောင်းမွန်နေဖြစ်သည့် ဤစိုက်ပျိုးရေး စနစ်ကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလုပ်ကိုင် နေကြပြီရာ မြန်မာနိုင်ငံတွင်လည်း နောင်လာမည့် စိုက်ပျိုးရာသီများတွင် အများအပြား ကျင့်သုံးနိုင် ကြရန် ပူးပေါင်း ဆောင်ရွက်ကြဘို့ ဖိတ်ခေါ်လိုက် ရပါသည်။ စံဖြတ်ကျေးရွာသို့ လေ့လာရေး လာခဲ့ကြပါက တီကောင်မွေး၍ တီမြေဆွေး ထုတ်လုပ်နေမှုများ၊ ထင်းသက်သာ အေဝမ်းမီးဖိုများ သုံးစွဲနေမှုများ ကိုပါ လေ့လာနိုင်ကြမည် ဖြစ်ပါသည်။

                                                                                                                                                                                                                                                                                                         

 

သိန်းစု(စိုက်ပျိုးရေးတက္ကသိုလ်)

 

ဆရာ ဦးသိန်းစု ရေးသားချက်မူရင်းအတိုင်းကူးယူဖော်ပြပါသည်။ ထို့ကြောင့် တစ်ချို့ စာပိုဒ်များတွင် ဆရာမှ ပုံနှင့် ညွှန်းဆိုထားသည်ဖြစ်ရာ ပုံများ ထည့်သွင်း ဖော်ပြပေးနိုင်ခြင်း မရှိသည်ကို သည်းခံ ခွင့်လွှတ်ပေးစေလိုပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်