အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ

20/07/2026 11:03 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ပြောင်းဖူးသီးနှံသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ အလားအလာကောင်းပြီး အကျိုးအမြတ် တွက်ခြေကိုက်သော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တစ်ဧကအထွက်နှုန်း တိုးမြှင့်နိုင်ပါက စုစုပေါင်းထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေကိုပါ တိုးတက်စေနိုင်မည် ဖြစ်သည်။ ထိုသို့ အထွက်နှုန်းမြင့်မားစေရန် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နည်းပညာများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

မျိုးရွေးချယ်ခြင်းနှင့် စိုက်ပျိုးရန် ပြင်ဆင်ခြင်း

အထွက်နှုန်းကောင်းစေရန် ဒေသနှင့်ကိုက်ညီသော အရည်အသွေးမြင့် F1 စပ်မျိုးစစ်စစ်ကိုသာ အသုံးပြုသင့်သည်။ မျိုးရောနှောခြင်း၊ မျိုးလွဲမှားခြင်း မဖြစ်စေရန် ယုံကြည်စိတ်ချရသော မျိုးစေ့များကိုသာ ရွေးချယ်အသုံးပြုရန် လိုပါသည်။

စိုက်ပျိုးမည့်မြေတွင် အစိုဓာတ်လုံလောက်မှုကိုလည်း စစ်ဆေးသင့်သည်။ မျိုးစေ့ ကျရောက်မည့် မြေအနက် ၂ မှ ၄ လက်မအတွင်းမှ မြေသားကို လက်ဖြင့်ဆုပ်၍ လုံးကြည့်ပါ။ မြေလုံးတစ်လုံးဖြစ်ပြီး လက်ဖြန့်လိုက်သည့်အခါ မပျက်ဘဲ တည်ရှိနေပါက စိုက်ပျိုးရန် သင့်တော်သော အစိုဓာတ်ရှိသည်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ မြေလုံးပြိုကွဲသွားပါက မြေအစိုဓာတ် မလုံလောက်သေးကြောင်း သိနိုင်ပါသည်။

အပင်ဦးရေနှင့် မြေဩဇာစီမံခန့်ခွဲမှု

အပင်ဦးရေပြည့်မီခြင်းသည် အထွက်နှုန်းကောင်းရန် အရေးကြီးသောအချက်ဖြစ်သည်။ မျိုးစေ့တိုင်း အပင်ပေါက်နိုင်အောင် စိုက်ပျိုးရမည်ဖြစ်ပြီး တစ်ဧကလျှင် အပင်ဦးရေ ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ ရရှိစေရန် ရည်ရွယ်သင့်သည်။ တန်းခြား ၂ ပေ ၆ လက်မ၊ ပင်ခြား ၉ လက်မဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် ၂၃,၂၃၂ ပင်ခန့် ရရှိနိုင်ပါသည်။

ထို့အပြင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို လုံလောက်စွာ အသုံးပြုရမည်။ နိုက်ထရိုဂျင်၊ ‌ဖော့စဖောရပ်စ်နှင့် ပိုတက်စီယံအာဟာရဓာတ်များအပြင် ဆာလဖာနှင့် ဇင့်တို့ကိုလည်း အချိုးကျ ထည့်သွင်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို မြှင့်တင်နိုင်ပါသည်။

ပေါင်းမြက်၊ ပိုးမွှားနှင့် ရောဂါကာကွယ်ရေး

ပြောင်းဖူးအပင် ကြီးထွားသည့်ကာလအတွင်း ပေါင်းမြက်ကင်းစင်အောင် အမြဲ ဆောင်ရွက်ရမည်။ အထူးသဖြင့် စိုက်ပြီး တစ်လအတွင်း ပေါင်းမြက်လုံးဝကင်းစင်စေရန် အထူးဂရုပြုသင့်ပါသည်။

ပိုးမွှားများအနက် အပင်ပေါက်ပြီး ၁၀ ရက်ခန့်မှစ၍ ငမြှောင်တောင်ပိုးကို အထူးသတိ ထားရမည်။ ပင်လုံးပြန့်အာနိသင်နှင့် ထိသေစားသေအာနိသင်ရှိသော ပိုးသတ်ဆေးကို အပင်၏ အလယ်ခေါင်ညွန့်သို့ ထိရောက်စွာ ဖျန်းပေးသင့်သည်။ ထို့ပြင် စိုက်ချိန်နှင့် နို့ရည်တည်ချိန်တို့ တွင် ကြွက်ဖျက်ဆီးမှုများ ဖြစ်တတ်သဖြင့် လယ်ယာသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကြွက်နှိမ်နင်း ရေးကိုလည်း ဆောင်ရွက်ရန် လိုပါသည်။

အရေးကြီးသောရောဂါများမှာ ပြောင်းဖူးရွက်ဖုံးခြောက်ရောဂါ (Banded Leaf and Sheath Blight) နှင့် ပြောင်းရွက်ခြောက်ရောဂါ (Leaf Blight) တို့ဖြစ်သည်။ မြေပြန့်ဒေသများ တွင် ပထမရောဂါ၊ တောင်ပေါ်ဒေသများတွင် ဒုတိယရောဂါ ပိုမိုတွေ့ရတတ်သဖြင့် ဒေသနှင့် ကိုက်ညီသော ရောဂါခံနိုင်ရည်ရှိသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။

ရေပေးသွင်းခြင်း

ပြောင်းဖူးသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း ရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေ သွင်းပေးရန် လိုအပ်သည်။ သို့ရာတွင် အပင်ခြေရေဝပ်ခြင်း မဖြစ်စေရန် ဂရုပြုရမည်။ မိုးမရွာ သောရာသီတွင် မြေအမျိုးအစားပေါ်မူတည်၍ ၄ ကြိမ်မှ ၆ ကြိမ်အထိ ရေသွင်းပေးသင့်သည်။

ရေအလိုအပ်ဆုံးအချိန်များမှာ (၁) အပင်ကြီးထွားချိန်၊ (၂) ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ (၃) နို့ရည်တည်ချိန်နှင့် (၄) အစေ့အဆံတည်ချိန်တို့ ဖြစ်ပါသည်။

အချိန်မီရိတ်သိမ်းခြင်းနှင့် အခြောက်ခံခြင်း

အထွက်နှုန်းနှင့် အရည်အသွေးကောင်းစေရန် ဇီဝကမ္မသဘောအရ ရင့်မှည့်ချိန် (Physiological Maturity) တွင် ရိတ်သိမ်းရန် အရေးကြီးသည်။ ရင့်မှည့်မှုကို စစ်ဆေးရန် ပြောင်းစေ့အရင်းပိုင်းမှ အစေ့ကိုချွေ၍ အတွင်းပိုင်းတွင် Black Layer (အမည်းရောင်အလွှာ) ပေါ်လာပါက ရင့်မှည့်ပြီးဖြစ်ကြောင်း သိနိုင်ပါသည်။

သတ်မှတ်ချိန်မတိုင်မီ ရိတ်သိမ်းပါက အစေ့အလေးချိန် လျော့နည်းနိုင်သည်။ ရိတ်သိမ်း ပြီးနောက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းအထိ စနစ်တကျ အခြောက်ခံထားရန် ဖြစ်သည်။ အစိုဓာတ် များနေပါက Aflatoxin မှိုအဆိပ် ဖြစ်ပေါ်နိုင်ပြီး အစေ့အရည်အသွေးနှင့် ဈေးကွက်တန်ဖိုးကို ထိခိုက်စေနိုင်ပါသည်။

ထို့ကြောင့် အရည်အသွေးမြင့်မျိုးရွေးချယ်ခြင်း၊ မှန်ကန်သော အပင်ဦးရေထားရှိခြင်း၊ မြေဩဇာနှင့် ရေကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပိုးမွှားနှင့် ရောဂါများကို အချိန်မီကာကွယ်ခြင်း၊ ရင့်မှည့်ချိန်တွင် စနစ်တကျရိတ်သိမ်းခြင်းတို့ကို ပြည့်စုံစွာ ဆောင်ရွက်နိုင်ပါက အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်စေပြီး အကျိုးအမြတ်ဝင်ငွေကိုလည်း ပိုမိုမြင့်မား စေနိုင်မည် ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်