ပေပင်သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများတွင်သာ ပေါက်ရောက်လေ့ရှိပါသည်။ ရှေးယခင်အခါက မြန်မာများစာပေရေးသားရာတွင် ပေရွက်၊ ထန်းရွက်ပေါ်တွင်သာ ရေးခဲ့ကြသော အလေ့အထရှိကြပါသည်။
ပေပင်သည် တစ်သက်တွင် တစ်ကြိမ်သာ အသီးသီးပြီး ထပ်မသီးတော့သော အပင်တစ်မျိုးဖြစ်သည်။ သက်တမ်းမှာ နှစ်(၃၀-၈၀)အတွင်းရှိကြသည်။ "ပေတစ်သီး၊ ကျီးတစ်သား" ဆိုသည့် စကားပုံအတိုင်း အသီးတစ်ကြိမ် သီးပြီးလျှင် သွေ့ခြောက်ကာ သေသွားတတ်ပါသည်။
ပေပင်သည် ထန်းပင်ထက် လုံးပတ်ကြီး၍ အရွက်လည်း ပိုကြီးပါသည်။ ပေပင်မှလည်း ပေရည်ထွက်ပြီး ငန်သော အရသာ ရှိသည်။
ပေသီးမှာ ထန်းသီးထက် ပိုသေးပြီး ထန်းသီးထက် အရသာပိုကောင်းပါသည်။ ပေသီးအဆံက ပိုနုပါသည်။ ပေသီး၏ ပင်ကိုယ်သဘာဝက ချွဲချွဲလေးဖြစ်နေသည့်အတွက် ရေဆေးစားစရာမလိုဘဲ သဘာဝအတိုင်း စားသုံးနိုင်ပါသည်။ ပေသီးကို နို့ဆီ၊ သကြား၊ ရေခဲ တို့ဖြင့် ပေသီးသုပ် လုပ်စားနိုင်သလို ရေခဲခြစ်၊ ဖာလူဒါ၊ ရေခဲမုန့်၊ နို့သစ်ခွတို့တွင်လည်း ထည့်၍ စားသုံးနိုင်ပါသည်။
သို့သော် "သပြေ ထန်းလျက်၊ ပေနဲ့ ဝက်" ဆိုသည့် စကားပုံလေးအတိုင်း ပေသီးနှင့် ဝက်သားသည် တွဲဖက်မစားသင့်သော အစားအစာဖြစ်ပြီး ခေါင်းကိုက်မူးဝေတတ်သောကြောင့် ပေသီးစားပြီး ဝက်သားမစားသင့်ပါချေ။
ပေပင်၏ ဆေးဖက်ဝင်ပုံ
အသည်း၊ အဆုတ်ရောဂါကြောင့် ဗိုက်ဖောင်းကားပြီး ရေဖျဥ်းစွဲကာ ဗိုက်ထဲမှ ရေများဖေါက်ထုတ်နေရသော ဝေဒနာရှင်များကို 'ပေအရွက်စိမ်းစိမ်း'ကို ထုထောင်း၊ ညှစ်ပြီး ရရှိလာသောအရည် လက်ဖက်ရည်အကြမ်းပန်းကန်တစ်လုံးစာကို လူနာအား တိုက်ပေးပါက ရောဂါသက်သာပျောက်ကင်းစေသည်ဟု မှတ်ရဖူးပါသည်။ ဆေးဖက်လည်းဝင်၊ အရသာလည်းကောင်းမွန်ထူးခြားပြီး တစ်ပင်လုံး အသုံးဝင်သည့်ပေပင်များ ဖြစ်ကြပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)