လူသားတို့စားသုံးရန်နှင့် ပြန်လည်စိုက်ပျိုးရန်အတွက် လည်းကောင်း၊ တိရစ္ဆာန်အစားအစာများအတွက်လည်းကောင်း၊ ရောင်းဝယ်ဖောက်ကားရန်အတွက်လည်းကောင်း၊ သီးနှံများမပျက်စီးစေရန်၊ စနစ်တကျ သိုလှောင်ကြရန် လိုအပ်သည်။
လယ်ယာသီးနှံများကို အချိန်ကြာမြင့်စွာ သိုလှောင်သော်လည်း မူလအရည်အသွေးနှင့်အရေအတွက် လျော့နည်းပျက်စီးခြင်းမရှိစေရန်၊ ခေတ်မီစနစ်ကျသော နည်းစနစ်များ အသုံးပြုကြရမည်ဖြစ်သည်။
လယ်ယာသီးနှံများကို ကြာရှည်စွာ သိုလှောင်ရာတွင် သက်ရှိများ၏ ပယောဂကြောင့်လည်းကောင်း၊ သက်မဲ့များ၏ ပယောဂကြောင့်လည်းကောင်း၊ လေလွင့်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ကြရသည်။
သက်မဲ့ပယောဂအမျိုးအစားတွင် အစိုဓာတ်၊ လေထုစိုထိုင်းဆ၊ အပူချိန်၊ အလင်းရောင်၊ လေဝင်လေထွက်၊ သီးနှံအမျိုးအစား၊ ထုတ်ပိုးစနစ်၊ သိုလှောင်မှုစနစ်နှင့် သန့်ရှင်းမှုစနစ်စသည်တို့ပါဝင်သည်။ သိုလှောင်ရာတွင် အဆိုပါအားလုံးနည်းစနစ်မှန်ရန်နှင့် ခေတ်မီစစန်ကျရန် လိုအပ်သည်။
သက်မဲ့ပယောဂများသည် သီးနှံပျက်စီးမှုကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အထောက်အကူဖြစ်စေသည်။ အင်း ဆက်ပိုးမွှားရောဂါများ၊ ကူးစက်ပျံ့နှံ့မှုကိုလည်း အားပေးသည်။ ပျက်စီးဆုံးရှုံးမှုလည်း များတတ်သည်။ သို့သော်လည်း ကုန်ကျစရိတ် သက်သာကာ ထိန်းသိမ်းရန် လွယ်ကူသည်။
သက်ရှိပယောဂအမျိုးအစားများမှာ ကျောရိုးရှိသတ္တဝါများ မှိုရောဂါများ အင်းဆက်နှင့် မွှား၊ ပင့်ကူအစရှိသည်တို့ဖြစ်သည်။
၎င်းတို့သည် အစေ့အဆံကို အဓိကဖျက်ဆီးကာ ကူးစက်ပျံ့နှံ့မှုလည်း မြန်ဆန်သည်။ အကယ်၍သာ သက်မဲ့ပယောဂများနှင့်ပါတွဲ၍ ဖြစ်ပေါ်ပါက ထိန်းချုပ်နှိမ်နင်းရန် ခက်ခဲလေ့ရှိသည်။ ပျက်စီးမှုလည်း များပြားသည့်အပြင် ကာကွယ်နှိမ်နင်းရေးအတွက် ကုန်ကျစရိတ်လည်းများပြားကာ ကိုင်တွယ်သုံးစွဲသူကိုပါ ကြီးမားသော အန္တရာယ်ဖြစ်စေသည်။
သက်ရှိပယောဂသည် သက်မဲ့ပယောဂကို အမှီပြု၍ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် သက်မဲ့ပယောဂများကို သတိမူကာ ကြိုတင်စီမံဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးသော ကာကွယ်နည်းဖြစ်သည်။
ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းတွင် အဓိကလုပ်ငန်းကြီး နှစ်ရပ်ကို သတိမှုကြရန် လိုသည်။
သီးနှံများမသိုလှောင်မီ သီးနှံများနှင့် သိုလှောင်ရုံများကို ကြိုတင်ပြင်ဆင်ခြင်းနှင့် သိုလှောင်ထားပြီးချိန်တွင် စနစ်တ ကျ ကာကွယ်စောင့်ရှောက်၊ နှိမ်နင်းခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန် ဖြစ်သည်။
သိုလှောင်ရုံများ စနစ်မကျလျှင် သိုလှောင်မှုစနစ် မည်မျှကောင်းစေကာမှု သီးနှံများပျက်စီးနိုင်သည်။ အလားတူပင် သိုလှောင်ရုံများ မည်မျှခေတ်မီစနစ်ကျစွာ တည်ဆောက်ထားစေကာမှု သိုလှောင်မှုစနစ်မကျပြန်လျှင်လည်း သီးနှံများပျက်စီးမည်သာ ဖြစ်သည်။
ထို့ပြင် သီးနှံအစေ့အဆံများ သိုလှောင်ပြီးချိန်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးအုပ်စုများကိုလည်း သတိမှုကာကွယ်ကြရန် လိုသည်။ အဆိုပါပိုးတို့တွင် ကနဦးကျရောက်ပိုးနှင့် ထပ်ဆင့်ကျရောက်ပိုးဟူ၍ ပိုးနှစ်မျိုးနှင့်လည်း ကြုံတွေ့နိုင်သည်။
သို့သော် ကနဦးကျရောက်ပိုးကို ထိရောက်စွာ နှိမ်နင်းပါက ထပ်ဆင့်ကျရောက်ပိုးကို နှိမ်နင်းပြီးဖြစ်သည်ဟု ပညာရှင်များက အကြံပြုထားသည်။
မည်သို့ဆိုစေ စိုက်ပျိုးရာသီတစ်ခုလုံး မိမိတို့အပင်ပန်းဆုံး အဆင်ရဲခံကာ ကြိုးပမ်းထားသမျှ ပါးစပ်နားရောက်ကာမှ ပုတ်ချခံရသကဲ့သို့ မဖြစ်စေရန် စိုက်ပျိုးရရှိလာသောသီးနှံများမှ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကာ လူနေမှုဘဝမြင့်မားလာရေးအတွက် သီးနှံများကို စနစ်တကျသိုလှောင်ထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပေသည်။
လယ်ယာစီးပွား(အယ်ဒီတာ့အာဘော်)