ပဲလွမ်း စိုက်ပျိုးနည်း

ko khun     08/12/2017 22:29 PM     Content Provider - Greenway
Photo - ပဲလွမ်း

ပဲလွမ်းအား အရောင်ကို လိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥ ဟုခေါ်ကြပြီး ပဲလွမ်းပြာကို ဘိုကိတ်ပဲ ဟုခေါ်ကြသည်။ အင်္ဂလိပ် အမည်အားဖြင့် Cow pea, Black Eyed Pea, Southern pea, Crowder pea, Rose Pelun ဟု ခေါ်ကြသည်။ မူရင်းပေါက်ရောက်ရာ နိုင်ငံသည် အာဖရိက အနောက်ပိုင်း နိုင်ငံများဟု သိရသည်။ သိပ္ပံ အမည်မှာ Vigna unguiculata L ဖြစ်သည်။

ပဲလွမ်းသည် ပင်ပြန့်နှင့် ပင်ထောင်ဟူ၍ (၂)မျိုး ရှိသည်။ ပဲလွမ်းသည် မြန်မာနိုင်ငံ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုတွင် အရေးပါသော ပဲမျိုးတစ်မျိုးပင် ဖြစ်သည်။ ပဲလွမ်းသည် ပဲပုပ်နှင့် ပဲတီစိမ်းထက် ရေငတ်ဒဏ် ခံနိုင်ရည်ရှိသည်။ မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တွင်ကျယ်စွာ စိုက်ပျိုးလျက် ရှိပါသည်။ အာဖရိကတိုက်ရှိ နိုက်ဂျီးရီးယားနိုင်ငံသည် ကမ္ဘာတွင် စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနှင့် စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။

မြေအမျိုးအစားနှင့် ရာသီဥတု

မြေနီခံသဲဝန်း နုန်းစနယ်မြေနှင့် ရေသွင်းရေထုတ်ကောင်းပြီး မြေသြဇာ ထက်သန်ရန်သောမြေများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ညံ့သောမြေများတွင်လည်း စိုက်ပျိုးနိုင်သည်။မြေခံအဖြစ် နွားချေး ၅စီး-၈စီး ခန့် ထည့်သွင်းပါ။ မြေချဉ်ငံကိန်း ၅.၅-၆.၈ ကြားတွင် ဖြစ်ထွန်းသည်။ မိုးရေချိန် ၂၅လက်မမှ ၂၀ဝ လက်မထိ ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ အပူချိန် အားဖြင့် ၂၅-၃၆ ဒီဂရီစင်တီဂရိတ် အတွင်းကောင်းစွာ ဖြစ်ထွန်းသည်။ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသော အပူချိန်တို့က ခံနိုင်သည့် ပဲတစ်မျိုး ဖြစ်သည်။

စိုက်ချိန်

ပဲလွမ်းအား ဇွန် မှအောက်တိုဘာအတွင်း မည်သည့် အချိန်မဆို စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရန် လွယ်ကူသည့် သီးနှံဖြစ်ပြီး အေးမြခြောက်သွေ့သော ရာသီကို ကြိုက်နှစ်သက်သည်။ မိုးလယ်တွင် မြေပဲ၊ နေကြာတို့ဖြင့် သီးညှပ် သို့မဟုတ် သီးထပ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးခြင်း

တန်ကြား ၁၈လက်မ၊ ပင်ကြား ၆ လက်မ ထားရှိပြီး စိုက်ပျိုးပါ။ ၁၂ လက်မ ပတ်လည်ထားပြီးလည်း စိုက်ပျိုးကြသည်။ မျိုးစေ့ကို တစ်ကျင်းလျှင် ၂ စေ့နှုန်းဖြင့် တစ်လက်မ (သို့) တစ်လက်မခွဲ အနက်တွင် စိုက်ပျိုးပါ။ မျိုးစေ့ အတိမ်အနက် မှန်ကန်မှု မရှိပါက အပင်ပေါက်နှုန်း ညီညာမှု မရှိနိုင်ပါ။ တစ်ဧကစာ အတွက် မျိုးစေ့ ရှစ်ပြည်ခန့်အထိ အသုံးပြုနိုင်ပါသည်။

ပဲလွမ်းအတွက် သီးသန့် နိုက်ထရိုဂျင် ဓါတ်မြေသြဇာ ထပ်မံ ဖြည့်စွက်ပေးရန် မလိုအပ်ပေ။ တစ်ဧကအတွက် သတ်မှတ်ထားသော နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက် (NPK) မြေသြဇာနှုန်းထားမှာ ၂၄ (၁၅ ပိဿ၊ -၁၂ ကီလို(၇ ပိဿ၊ ၁၂ ၁၂ ကီလို (၇ ပိဿနှုန်း ဖြစ်သည်။
စိုက်ပျိုးသင့်သော မျိုးများမှာ ရေဆင်း-၁ ပဲလွမ်း (အစေ့အရောင် အဖြူနှင့် မျက်ကွင်း အညိုရောင်)၊ ရေဆင်း-၂ ပဲလွမ်း (အစေ့အညိုရောင်)၊ ရေဆင်း-၃ ပဲလွမ်း ( အစေ့ အဖြူရောင်)နှင့် အမေရိကန် ပဲလွမ်းဖြူ (အစေ့အဖြူနှင့် မျက်ကွက်း အညို အနက်) မျိုးများ ဖြစ်သည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၃၀အတွင်း ပေါင်းမြက်များ နုတ်ခြင်း၊ သားခွဲခြင်း ဆောင်ရွက်ပါ။

အထွက်နှုန်းတိုးရန် စိုက်ပျိုးပြီး ၂ ပတ်သားမှ ပန်းပွင့်ချိန်နှင့် သီးကင်းဝင်ချိန်ထိ ယူရီးယားနှင့် လက်ချားဖျော်ရည်အား ရွက်ဖျန်းမြေသြဇာအဖြစ် တစ်ပတ်ခြား တစ်ကြိမ် ဖျန်းပေးပါ။ ရေ (၁) ဂါလံတွင် ယူရီးယား ဟင်းစားဇွန်း(၄)ဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း (၁)ဇွန်းကို ပျော်အောင်ဖျော်ပါ။ ပရဆေးဆိုင်မှ လက်ချားအား အပူပေးပြီး ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် ပုလင်း ဒလှိမ့်တုန်းဖြင့် အမှုန့် ပြုလုပ်ပြီးမှ အသုံးပြုပါ (သို့) လက်ချား အမှုန့်အား ဝယ်ယူ အသုံးပြုပါ။ တစ်ဧကလျှင် ၎င်းဆေးရည် ဂါလန် (၂၀)နှုန်းဖြင့် နံနက် (သို့) ညနေပိုင်းတွင် ဖျန်းပါ။ ပဲလွမ်း အထွက်နှုန်း (၂၀)ရာခိုင်နှုန်း ခန့်တိုးပါသည်။ ပဲလွမ်းအား နှံစားပြောင်း၊ လူး၊ ပြောင်း၊ ပီလောပီနံ၊ ဝါ တို့ဖြင့် တွဲဖက် စိုက်ပျိုးနိုင်သည်။

ရေသွင်းခြင်း

ပဲလွမ်းသည် ပုံမှန်အားဖြင့် သီးနှံ သက်တမ်း ကာလတလျှောက်တွင် ရေအနည်းဆုံး ၁၆လက်မမှ ၂၅လက်မ လိုအပ်သည်။ အလွန်ခြောက်သွေ့သော အနေအထားများတွင် ရေသွင်းပေးရမည်။ အထူးသဖြင့် အပင်ပေါက်ချိန်၊ အပင်ကြီးထွားချိန် အတောင့် စတင်ဖြစ်ပေါ်ချိန် အစေ့အဆံ တည်သော အချိန်သည် အလွန် အရေးကြီးသည်။ သီးနှံသက်တမ်း တလျှောက်တွင် စိုက်ခင်းတွင် အစိုဓာတ် လုံလောက် မျှတစွာ ရှိရန် အရေးကြီးသည်။

ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်း

ပိုးမွှားများ

စိုက်ခင်းတွင် ပျ၊ ဖြုတ်၊ ယင်ဖြူ၊ ခူမွှေးရှည်၊ သီးလုံဖောက်ပိုး၊ လှေးပိုးများ ကျရောက်တတ်သည်။ ၎င်းတို့အတွက် ပင်လုံးပြန့်နှင့် ထိသေ အာနိသင်ရှိသော ဒိုင်မီသိုအိတ် ၄၀% အီးစီ ကို အသုံးပြုနိုင်သည်။ ရွက်စားပိုး၊ စုပ်စားပိုး၊ သီးလုံးဖောက်ပိုးများအတွက် ဆိုက်ပါမီသရင် ၁၀ % အီးစီကို အသုံးပြုနိုင်သည်။ ထို့အပြင် ဘက်စုံသုံး အစွမ်းထက် အခြား မှိုသတ်ဆေး ပိုးသတ်ဆေးတို့နှင့်ရောနှော အသုံးပြုနိုင်ပြီး ထိသေ၊ စားသေ၊ ပင်လုံးပြန့် အာနိသင်ရှိသော အက်ဆီဖိတ် ၇၅% ရေဖော်ဆေးမှုန့် ကို အသုံးပြုနိုင်သည်။
မြေအောင်းပိုးများ၊ ပင်ခြေတွင် ကျရောက်တတ်သော ဖျက်ပိုးများ၊ နှံဖျက်ပိုး၊ ရွက်ထွင်းပိုး၊ သီးတောင့်ထိုးပိုး၊ အမြစ်ထွင်းပိုးများကို ကာကွယ်ရန် အဆိပ်ငွေ့ အာနိသင်ပါသော ကလိုပိုင်ရီဖေ့ ၄၀%ကို အသုံးပြုနိုင်သည်။ မြေတွင်းအောင်းပိုးနှင့် နီမတုတ်များ နှိမ်နင်းရန်အတွက် ကာဘိုဖြူရမ် ၃ ဂျီ ကို အသုံးပြုနိုင်သည်။

ရောဂါများ

ဖားဥမှိုရောဂါ၊ အရွက် သံချေးရောဂါ၊ ပင်စည်ပုပ်၊ ပင်ညှိုးရောဂါ၊ သီးတောင့်နှင့် ပင်စည်ခြောက်ရောဂါ၊ အနာချိုင့်ရောဂါ၊ မှဲ့ပျောက်စွန်းရောဂါတို့အတွက် ပင်လုံးပြန့် အာနိသင်ရှိသော ကြိုတင် ကာကွယ်ဆေး၊ ကုသဆေး၊ မျိုးစေ့ စီရင်ဆေးအဖြစ် Thiophenate-Methlye(သိုင်အိုဖီနိတ် မီသိုင်း) ၇၀ % ရေဖျော်ဆေးမှုန့်ကို အသုံးပြုနိုင်သည်။

မြေအောင်းမှိုရောဂါများအတွက် မျိုးစေ့လည်းစီရင်နိုင်သော ပင်လုံးပြန့် အာနိသင်ရှိသော မက်တယ်လက်ဇီး ၃၅ % ရေဖျော်ဆေးမှုန့်ကို အသုံးပြုပါ။

ရွက်ညိုပြောက်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ ဆာကိုစပိုရာ ရွက်ပြောက်၊ ဒေါင်းနီမှိုရောဂါ တို့အတွက် ထိသေ အာနိသင်ရှိ Chlorothalonil( ကလိုရို သာလိုနေး) ၇၅% ရေဖျော်ဆေးမှုန့်ကို အသုံးပြုနိုင်သည်။
ရွက်ပြောက်၊ ရွက်ခြောက်၊ အရွက်သံချေးမှိုရောဂါများကို ကာကွယ်နိုင်သော မျိုးစေ့အား လူးနယ်စီရင်နိုင်သော မက်ကိုဇက် ၈၀% ရေဖျော်ဆေးမှုန့်ကို အသုံးပြုပါ။

ဘက်တီးရီးယားနှင့် မှိုရောဂါများကို ကာကွယ်နိုင်သော အပင်အတွင်း လျှင်မြန်စွာ စိမ့်ဝင်နိုင်သော ပင်လုံးပြန့် အာနိသင်ရှိ ကာဆူကာမိုင်စင် ၂ % ရေဖျော်ဆေးရည်ကို အသုံးပြုနိုင်သည်။ ကော့ပါးဟိုက်ဒရောက်ဆိုဒ် ၇၇ % ရေဖျော်ဆေးမှုန့် တို့ကို အသုံးပြုနိုင်သည်။
ဓာတု ပိုးသတ်ဆေးများသည် အဆိပ်များ ဖြစ်ပြီး လူ၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်အား ဆိုးကျိုးများ သက်ရောက်သောကြောင့် လိုအပ်မှသာ သုံးစွဲပါရန်နှင့် တမာ ပိုးသတ်ဆေး၊ ဆပ်ပြာရည်၊ ဆေးရွက်ကြီး၊ ငရုတ် ပိုးသတ်ဆေး စသည့်သဘာဝ ပိုးသတ်ဆေးတို့ကို ကိုယ်တိုင်ဖော်စပ် အသုံးပြုသင့်သည်။ ဈေးကွက်ထဲတွင် ဇီဝပိုးသတ်ဆေးများလည်း ဝယ်ယူရရှိနိုင်သည်။

ရိတ်သိမ်းခြင်း

အပင်များ အဝါရောင်သန်းလာချိန်နှင့် သီးတောင့်များ ခြောက်လာချိန်တွင် ကောက်ယူ ခူးဆွတ်ပါ။ မျိုးအများစုသည် စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ ခန့်တွင် ရိတ်သိမ်းနိုင်သည်။ ထို့နောက် ၂ နေခန့် ခြောက်လှန်းကာ ချွေလှေ့ပါ။ အစေ့များကို သန့်စင်အောင် နေလှန်းခြောက်သွေ့စေကာ လေလုံအောင် ထားပြီး သိုလှောင် ထားပါ။ သိုလှောင် သိမ်းဆည်းချိန်တွင် အစိုဓာတ် ၁၂ ရာခိုင်နှုန်း ရှိနေရမည်။ ရေရှည် သိမ်းဆည်းမည် ဆိုပါက အစိုဓာတ် ၈ -၉ ရာခိုင်နှုန်း ရှိရန် လိုအပ်သည်။ အပင်ပြုစု စောင့်ရှောက်မှုကောင်းမွန်ပါက တစ်ဧက အထွက်နှုန်း ၁၀-၁၅ တင်း ခန့် ထွက်ရှိနိုင်ပါသည်။

မျိုးစေ့များကို သိမ်းဆည်းသည့်အခါ ခြောက်သွေ့အေးမြသော မီးဖိုပြာနှင့် ဆတူ (ဥပမာ-မီးဖိုပြာ တစ်ပြည်နှင့် မျိုးစေ့တစ်ပြည်) သမအောင်မွှေကာ လေလုံအိတ်ဖြင့် ထည့်ကာ ထားနိုင်သည်။ အကယ်၍ မျိုးစေ့ပမာဏ များပါက နေပူချိန်အခါ ညီညာသော မြေပြင်ပေါ်တွင် ၁၅ ပေ ပတ်လည် အနက်ရောင် ပလပ်စတစ် အစကို ခင်းကာ မျိုးစေ့ (၂)တင်းခန့် ဖြန့်ချလိုက်ပါ။ ထို့နောက် ပလပ်စတစ် အကြည်စဖြင့် အုပ်ပါ အနားများကို လိပ်ပြီး ခဲဖြင့် ဖိထားကာ နေပူတွင် (၂)နာရီခန့် ထားပါ။ ထို့နောက် လေလုံအိတ်တွင် ထည့်ကာ သိမ်းဆည်းပါ။ ဤနည်းများဖြင့် သိုလှောင်ချိန်တွင် ဒုက္ခပေးတတ်သော ပိုးများကို သတ်နိုင်သည်။ ဤနည်းသည် မျိုးစေ့များ ပြန်စိုက်ပျိုးချိန်တွင် အပင်ပေါက်နှုန်းကို မထိခိုက်ပါ။ ပဲလွမ်း တစ်တင်းသည် ၇၂ ပေါင်(သို့) ပိဿာ(၂၀) (သို့) ၃၂.၇ ကီလိုဂရမ် အလေးချိန် ရှိသည်။ တစ်တန်တွင် ၃၁ တင်းခန့် ပါရှိသည်။

စားသုံးခြင်း

အရွက်နု၊ အသီးနုများအား ချက်ပြုတ် စားသုံး၍ ရင့်မှည့်ချိန်တွင် ကောက်ညှင်းပေါင်းနှင့် ပေါင်းစားခြင်း အစေ့ကို လှော်စားခြင်း အညှောင့်ဖောက်စားခြင်း ပဲစာဥ ကြော် တဖြစ်လည်း စားသုံးကြသည်။

ဖျက်ပိုးများကို ကာကွယ်ရန် အောက်ပါတို့ကို ဆောင်ရွက်သင့်သည်

၁။ မသန်စွမ်းေ သာအပင်များကို နှုတ်ပစ်ပြီး စိုက်ခင်းနှင့်ဝေးရာတွင် စွန့်ပစ်ပါ။ ၎င်းအပင်များသည် အင်းဆက်နှင့် ရောဂါများကို ဖိတ်ခေါ်နေလေသည်။

၂။ စိုက်ပျိုးမြေအား သဘာဝမြေသြဇာ၊ သဘာဝမြေဆွေးများ၊ နွားချေးဆွေး၊ တီကျစ်မြေသြဇာ၊ အီးအမ် ဘိုကာချီ စသည်) များဖြင့် အာဟာရ ကြွယ်ဝအောင် လုပ်ဆောင်ပါ။

၃။ ဇီဝမြေသြဇာ ကဲ့သို့သော အရာများ(စိမ်းပြာရေညှိ၊ ရိုက်ဇိုဘီယံ၊ အေဇိုတိုဘတ်တာ၊ အေဇိုစပီရီယံ၊မိုက်ကိုရိုက်ဇာ စသည့်သက်ရှိများပါဝင်သော မြေသြဇာအရည်၊ အမှုန့်၊ အခဲ ဥပမာ-ဘိုင်အိုစူပရင်းမှ ထုတ်လုပ်သော ဇွတ်ထွား ဇီဝမြေသြဇာ၊ သိပ္ပံနှင့်နည်းပညာကျောက်ဆည်မှ ထုတ်လုပ်သောရွှေဇီဝ သဘာဝဇီဝမြေသြဇာ) အား ဘောင်တင်ချိန် ထည့်ပေးခြင်း၊ အပင်ခြေတွင် ဖြန့်ကျက်ကာ ဖုံးထားတို့ ဆောင်ရွက်ပါ။

၄။ စိုက်ခင်းတွင် ပေါင်းများနှင့် အမှိုက်များကို ရှင်းလင်းပါ။ င်းတို့သည် ဖျက်ပိုးများ ပေါက်ဖွားရာ၊ ခိုအောင်းရာနေများ ဖြစ်သည်။

၅။ သီးလှည့် သို့မဟုတ် သီးညှပ်စိုက်ပျိုးပါ။ အင်းဆက်ဖျက်ပိုးများ ကျရောက်တတ်သော၊ ကြိုက်နှစ်သက်သော အပင်များ မတူသောကြောင့် ဖြစ်သည်။

၆။ အရွက်များကို ခြောက်သွေ့အောင်ထားပါ။ အရွက်များ ရေစိုနေခြင်းသည် အင်းဆက်နှင့် ရောဂါများကျ ရောက်နိုင်မှုကို တွန်းအားပေးသောကြောင့် ဖြစ်သည်။

၇။ စိုက်ခင်းတွင် အသုံးပြုသော ကိရိယာ (ပေါက်ပြား၊ ခက်ရင်းခွပါင်းလိုက် ကိရိယာ၊ လက်ထွန်းထွန်စက်၊ ထွန်၊ ထယ် စသည်) များကို သန့်ရှင်းစွာထားပါ။ စိုက်ခင်းတခုမှ နောက်တခုသို့ ပြောင်းရွေ့ အသုံးမပြုခင် သန့်ရှင်းရေး လုပ်ပါ။ ထိုသို့ မဟုတ်ပါက စိုက်ခင်းတခင်းနှင့် တခင်း ရောဂါများ(ဘတ်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်ကြောင့် ဖြစ်ပွားသော ရောဂါများ) အလွယ်တကူ ကူးဆက်နိုင်သည်။

နိုင်ငံတကာဈေးကွက်တင်ပို့ရန် ရှိရမည့် အရည်အသွေးများ

အမှိုက်သရိုက် ၁% အများဆုံး၊ ပိုးထိုးစေ့ ၃ % အများဆုံး၊ ရောဂါကြောင့် ပျက်ဆီး ၃%အများဆုံး၊ အခြားပဲပါဝင်မှု ဝ.၅ % အများဆုံး၊ အကျိုးအပဲ့ ၁ % အများဆုံး၊ ပုံတူအရောင်ကွဲပဲများပါဝင်မှု ၂ % အများဆုံး၊ အစိုဓာတ် ၁၄ % အများဆုံးတို့ ဖြစ်ပါသည်။ (အလေးချိန်ပေါ်မူတည်၍ တွက်ချက်ပါသည်။)

ကိုခွန် (စိုက်ပျိုးရေး)

 

ကျမ်းကိုး
www.iita.org/cowpea
https://en.m.wikipedia.org/wiki/cowpea
https://csirsavannah.wordpress.com/production-guide-on-cowpea
thefarmerjournal



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)