ပဲစင်းငုံသီးနှံ စိုက်ပျိုးရေး နည်းပညာ

08/12/2017 22:29 PM တွင် ko khun ko khun မှ ရေးသား

ပဲစင်းငုံ သီးနှံကို အပူပိုင်းနှင့်သမပိုင်းနိုင်ငံများတွင် စိုက်ပျိုးကြပါသည်။ ဒေသအခေါ်မှာပဲစင်းငုံ၊ ပဲစင်းခုံ၊ ပဲရင်ချောင် တို့ဖြစ်သည်။ အင်္ဂလိပ်အမည်များမှာ Pigeon Pea, Congo pea, Red gram, No-eye pea, Gungo pea, Angola pea၊ သိပ္ပံအမည်မှာ Cajanus cajan (L) Millsp ဖြစ်သည်။ ကမ္ဘာတွင် ပဲစင်းငုံ သီးနှံကို လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ဝ ခန့်ကပင် စိုက်ပျိုးခဲ့ကြသည်။ ပဲစင်းငုံပင်သည် နှစ်ရှည် ခြံပင်မျိုး ဖြစ်သော်လည်း တစ်နှစ်ခံ သီးနှံပင်အဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ ပဲစင်းငုံကို မိုးသီးနှံ အဖြစ် အထက်မြန်မာပြည် အပူပိုင်းခြောက်သွေ့ဒေသများဖြစ်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မျိုးများမှာ သက်ကြီးမျိုးများ ဖြစ်ကြပြီး သီးညှပ် စိုက်ပျိုးကြသည်။

ရာသီဥတုလိုအပ်ချက်

 

အသင့်တော်ဆုံး အပူချိန်မှာ (၁၈-၃၈) ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ ပဲစင်းငုံပင်သည် နှင်းခါးရိုက်မှုဒဏ်နှင့် ရေဝပ်ဒဏ်ကို ခံနိုင်ရည် မရှိပါ။ ပင်လယ်ရေ မျက်နှာပြင်ထက် ပေ(၆၀ဝဝ) အမြင့်ထိ စိုက်ပျိုးနိုင်ပါသည်။ တစ်နှစ် ရွာသွန်းသော မိုးရေချိန် (၂၄-၃၈) လက်မ ကြားတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မိုးရေချိန် လက်မ (၁၀ဝ) ခန့် ရွာသွန်းသော ဒေသများတွင် ရေမဝပ်ပါက စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးမှု၏ ပထမပိုင်း နှစ်လတွင် အစိုဓာတ် ရရှိမှုသည် အရေးကြီးသည်။ ပဲစင်းငုံပင် ဒေသမျိုး အများစုသည် လင်းတာတို အပင် ဖြစ်သည်။ ရေဆင်း စိုက်ပျိုးရေး သုတေသနမှ ထုတ်လုပ်သော မျိုးများသည် လင်းတာနှင့် အပူချိန်ကို တုန့်ပြန်ခြင်း မရှိပါ။ ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အစိုဓာတ် နည်းခြင်း၊ အပူချိန် မြင့်ခြင်း ကြုံရပါက အထွက်လျော့နိုင်ပြီး ထိုအခြေအနေကို လွတ်အောင် စိုက်ပျိုးသင့်သည်။ ပဲစင်းငုံသည် ပင်တည်း၊ ပင်ခြား ဝတ်မှုန်ကူးခြင်း နှစ်မျိုးလုံးဖြစ်သည်။ ပျားစသည့် အင်းဆက်များကြောင့် (၂၀-၄၀)ရာခိုင်နှုန်း ပင်ခြား ဝတ်မှုန်ကူးနိုင်သည်။ ၂မိုင်-၃မိုင် အကွာမှ စိုက်ပျိုးထားသည့် မျိုးသည်ပင် အခြားမျိုးများနှင့် ရောနိုင်သည်။

 

မြေအမျိုးအစား

 

မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး နုန်းမြေများနှင့် မြေဆီ ထက်သန်သောမြေများတွင် ပိုမို ဖြစ်ထွန်းသည်။ မြေချဉ်ငံကိန်း (၅.ဝ-၈.ဝ) ကြားတွင် စိုက်ပျိုးနိုင်သည်။ ပဲစင်းငုံ အထွက်နှုန်းကောင်းရန် ပိုတက် (K) ၊ ကယ်စီယမ် (Ca)၊ ဇင့် (Zn) နှင့် မဂ္ဂနီစီယမ် (Mn) တို့အထူးလိုအပ်သည်။

စိုက်ပျိုးလျှက်ရှိေသာမျိူးများ

ပဲစင်းငုံမျိုးတွင် ပင်ထောင်နှင့် ပင်ပြန့် ဟူ၍ နှစ်မျိုးရှိပြီး အသက်ရက် အလိုက် သက်လျင်၊ သက်လတ်၊ သက်ကြီး ဟူ၍ ခွဲခြားပြန်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ရွှေဒင်္ဂါးနှင့် ငါးဆံပဲ စသည့် မျိုးများကို စိုက်ပျိုးကြသည်။ စိုက်ပျိုးရေး သုတေသနမှ ထောက်ခံသော မျိုးများနှင့် ဒေသမှ စိုက်ပျိုးလေ့ရှိသော မျိုးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

 

မှတ်ချက်။ သက်လျင်-ရက် (၁၆၀)အောက်၊ သက်လတ်-ရက် (၁၆၀-၂၀ဝ)၊ သက်ကြီး ရက် (၂၀ဝ)အထက်

မျိုးစေ့နှုန်းထား

 

မျိုးစေ့နှုန်းထားသည် စိုက်ပျိုးနည်းစနစ်ပေါ် မူတည်ပြီး တစ်ဧကလျှင် (၄-၆) ပြည်နှုန်း အသုံးပြုပါ။ မျိုးစေ့ပေါက် ရာခိုင်နှုန်း (၈၅)အထက်ရှိသော မျိုးသန့် မျိုးစေ့များကို အသုံးပြုပါ။

စိုက်ပျိုး နည်းစနစ်

 

ပဲစင်းငုံ သီးနှံအား သီးသန့် (သို့) သီးညှပ်စိုက်ပျိုးလေ့ ရှိပါသည်။ သီးသန့် စိုက်ပျိုးရာတွင် သက်တန်း အလိုက် သက်မှတ်ထားသော အပင် အရေအတွက် ဝင်အောင် စိုက်ပျိုးရမည်။ သီးညှပ် အဖြစ် ပဲစင်းငုံ တစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း၊ နှမ်း၊ မြေပဲ ၊ ဝါ၊ နေကြာ နှင့်နှံစားပြောင်း ၃ တန်းမှ ၅ တန်းထိ ညှပ်၍ စိုက်ပျိုးကြသည်။ ပင်ကြား၊ တန်းကြား အနေဖြင့် သက်ကြီး မျိုးဖြစ်ပါက (၁ x ၅) ပေ၊ သက်လတ် မျိုးဖြစ်ပါက (၁ x ၃)ပေ၊ သက်လျင် မျိုးဖြစ်ပါက (၆လက်မ x ၂ ပေ) အကွာအဝေးများဖြင့် စိုက်ပျိုးကြသည်။ သီးညှပ် အနေဖြင့် ပင်ကြား(၁-၃)ပေနှင့် တန်းကြား (၇-၁၀)ပေထိ ထား၍ စိုက်ပျိုးကြသည်။ ပင်ကြား၊ တန်းကြား အကွာအဝေးများသည် စိုက်ပျိုးသည့် ရည်ရွယ်ချက်၊ မျိုး၊ မြေ အမျိုးအစားအပေါ် မူတည်၍ ကွာခြားနိုင်သည်။

ရေသွင်းခြင်း

 

ပဲမျိုးနွယ်ဝင် အပင်များတွင် ပဲစင်းငုံသည် မိုးခေါင်ဒဏ်ကို အလွန်ခံနိုင်သော ပဲမျိုး ဖြစ်သည်။ သို့သော် မိုးရေချိန် ၁၆ လက်မအောက် နည်းသောဒေသများတွင် ရေသွင်းခြင်းဆောင်ရွက်သင့်သည်။ ပထမ (၂)လတွင် မြေတွင် အစိုဓာတ် ကောင်းစွာ ရှိနေရမည် ဖြစ်သည်။

ပေါင်းနှိမ်နင်းခြင်း

ပေါင်းပင်များသည် သီးနှံ အထွက်ကိုကောင်းစွာ ထိခိုက်စေသည်။ ပဲစင်းငုံပင်သည် အစပိုင်း ကြီးထွားမှုနှေးသောကြောင့် ပေါင်းမြက်များကို ယှဉ်ပြိုင်နိုင်စွမ် းမရှိပါ။ သီးနှံကာလ ပထမ(၂)အတွင်း ပေါင်းများကို ကောင်းစွာ နှိမ်နှင်းထားရမည်။

ကျရောက်တတ်သော ပိုးမွှားများနှင့်ရောဂါများ

 

၁။ ငမြှောင်တောင်၊ လှေးကျိုင်း၊ ပင်စည်ထိုးယင်၊ ပဲကြမ်းပိုးစိမ်း၊ ပျပိုး၊ပုရစ်၊ထွာကောင်၊ ရွက်စုံစားဖလံများ၊ သီးတောင့်ထိုးပိုး။

၂။ ပင်ညှိုး၊ မြစ်ခြောက်ဆွေး၊ ပင်ခြေပုပ်၊ မှဲ့ပြောက်စွန်း၊ သံချေး၊ ပင်ဖိုမိုစေ့ရောဂါ၊ ပဲရွက်ပြောက်ရောဂါ။

၃။ မြစ်ဖုနီမတုတ်၊ မြစ်ထွေးနီမတုတ်။

ရိတ်သိမ်းခြင်း

 

အများစုသည် လက်ဖြင့် ခူးဆွတ်ကြသည်။ အချို့သည် အသီးခိုင်များကို ဖြတ်ယူပြီး ကျန်အပိုင်းကို တိရိစ္ဆာန် အစာအဖြစ် အသုံးပြုလိုက်ကြသည်။ နောက်တသီး(လမိုင်း) ယူရန်အတွက် အပင်ခြေမှ ၆လက်မခန့်ခွာ၍ ဓါးဖြင့်ခုတ်ကာ ရိတ်သိမ်းသည်လည်း ရှိသည်။

ပဲစင်းငုံသီးနှံ တစ်ဧက (၂၅) တင်း ထွက်ရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်

 

(၁) ကြိုတင် ပြင်ဆင်ခြင်း

တစ်ဧက သဘာဝမြေဆွေး၊ နွားချေး တင်း (၁၀ဝ)မှ (၁၅၀) ထိ စိုက်ခင်းတွင် နေရာနှံ့အောင် ချပါ။ နွားထယ် (သို့) ထွန်စက်ကြီးဖြင့် (၆-၈)လက်မ အနက်ရအောင် ထယ်ထိုးပါ။ မြေခံ အဖြစ် ယူရီးယား (၈)ပြည်၊ တီစူပါ (၂၄)ပြည်၊ ပိုတက်(၁၂)ပြည် ထည့်သွင်းပါ။ ထွန်ရေးကောင်းစွာ ညက်ရန် သုံးစပ်ခန့်မွှေပေးပြီး မြေပြင် ညီညာအောင် ညှိပါ။ သို့မှသာ ရေဝပ်ခြင်း ကင်းဝေးပြီး ရေ အသွင်းအထုတ် လွယ်ကူမည် ဖြစ်သည်။ မြေတွင်းအောင်းပိုးများ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ဆေးရွက်ကြီးမှုန့် (သို့) တမာကြိတ်ဖတ်အား တစ်ဧကလျှင် ၂၂၄ ပေါင် (၆၃ ပိဿ)နှုန်း ထည့်ပါ။

(၂) စိုက်ပျိုးခြင်း

၁ရက်- အပင်ပေါက်ကောင်း၍ အပင်ပေါက် ညီညာစေရန် မျိုးစေ့ကို နာရီဝက်ခန့်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုပ်နှင့် သမအောင်ရောမွှေပြီး စိုက်ပါ။ ညှိုးသေရောဂါကျရောက် တတ်သောကြောင့် မှိုသတ်ဆေး တစ်မျိုးမျိုးကို အညွှန်းပါ အတိုင်း လူးနယ်ပါ။ မျိုးစေ့အား (၁-၂)လက်မ အနက် အတွင်း ရအောင် စိုက်ပါ။

(၄) ရက်- အစေ့မှ အပင်ပေါက်ခြင်း

(၁၅) ရက် - အပင်ပေါက် စုံသည်။ ပင်လုံးပြန့် အာနိသင်ရှိသော မှိုသတ်ဆေး၊ ပိုးသတ်ဆေး ပက်ဖျန်းပါ။

(၁၅ - ၆၀) ရက်- အမ်ပီကေ (N,P,K )နှင့် အနည်းလို အာဟာရဓာတ်ပါဝင်သော ရွက်ဖြန်းမြေသြဇာကို (၁၅)ရက်ခြား တစ်ကြိမ်ဖြင့် (၃) ကြိမ်ပက်ဖျန်းပါ။ ပေါင်းမြက် ကင်းစင်စေရန် ကြားထွန် ဝင်ပါ။

(၆၀- ၉၀)ရက်- ပန်းပွင့်ချိန်တွင် အပွင့်အသီးကောင်းစေရန် ရွက်ဖျန်းမြေသြဇာ (၁၀)ရက်ခြား (၂)ကြိမ် ဖျန်းပါ။ ပွင့်ထွေး၊ ရွက်ထွေးပိုးကျရောက်တတ်သဖြင့် တမာ ပိုးသတ်ဆေး(သို့) ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ဖျန်းပါ။

(၉၀-၁၄၀) ရက်- တစ်ထောင့်ပါ အောင်စေ့ အရေအတွက် သတ်မှတ်ချက် အတိုင်း ရရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် သီးလုံးဖောက်ပိုးနှင့် မြေအစိုဓာတ်ကို ဂရုစိုက်ရမည်။ ပင်လုံးပြန့်နှင့် ထိသေ အာနိသင်ရှိသော ပိုးသတ်ဆေး တမျိုးမျိုးကို အသုံးပြု နိုင်သည်။

(၁၈၀)ရက်- အတောင့်များ (၈၅)ရာခိုင်နှုန်းခန့် ရင့်မှည့်ချိန်တွင် ခူးဆွတ် ရိတ်သိမ်းပါ။ အစိုဓါတ် (၈-၁၀) ကြားရောက်သည့် အထိ နေလှန်း၍ သိုလှောင်ပါ။

ပန်းဖြိုင်ဖြိုင် ပွင့်ချိန်တွင် ယူရီးယားနှင့် လက်ချား(ဘိုရွန်) ရောစပ် အရည်ကို တစ်ကြိမ် ပက်ဖျန်းပေးပါ။ တစ်ဧကစာ အတွက် ယူရီးယား ၁ ပြည်နှင့် လက်ချားမှုန့်၂၀ ကျပ်သား လိုအပ်ပါသည်။ တစ်ဧကလျှင် ဂါလံ (၂၀)နှုန်းကို နံနက်စောစော သို့ ညနေစောင်း နေအေးသော အချိန်တွင် ဖျန်းပါ။ ရေ(၁)ဂါလံတွင် ယူရီးယား ဟင်းစားဇွန်း (၄)ဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း (၁)ဇွန်း ပျော်အောင်ဖျော်ပါ။ လက်ချား အမှုန့်ကို ပရဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည် (သို့) လက်ချားသည် အမှုန့် မဟုတ်ပါက ပေါက်ပေါက်ဖြစ်အောင် မီးပူပေးပြီး အမှုန့် ပြုလုပ်ပါ။ ဤဖျော်ရည်သည် ကုန်ကျစရိတ် သက်သာပြီး အထွက်နှုန်းအား (၂၀-၃၀)ရာခိုင်နှုန်းခန့် တိုးစေသည်။

ပဲစင်းငုံ စိုက်ပျိုးသင့်သည့် အကြောင်း(၁၄)ချက်

 

၁။ မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ခြင်း။

၂။ ပရိုတင်း၊ အမိုင်နိုအက်စစ်၊ သတ္တုဓာတ်များ၊ ဗိုက်တာမင် အေ ၊ ဗိုက်တာမင် ဒီနှင့် ကာဗိုဟိုက်ဒရိတ် တို့ ပါဝင်မှု များသောကြောင့် နွမ်းပါးသူများအတွက် အသားဟင်း အဖြစ် တင်စားခြင်း။

၃။ ကျွဲ၊ နွား၊သိုး၊ ဆိတ်၊ ဝက်နှင့် ကြက်၊ ငှက်များအတွက် တိရစ္ဆာန်အစာအဖြစ် အသုံးဝင်ခြင်း။

၄။ မြေကြီးအား နိုက်ထရိုဂျင် ကြွယ်ဝစေခြင်းနှင့် ဖော့စဖိတ်ဓာတ်များရရှိအောင် စွမ်းဆောင်နိုင်ခြင်း

၅။ သန်မာသေးသွယ်သော ရေသောက်မြစ်သည် မာကြောသောမြေကြီးအတွင်း (၆) ပေခန့် တိုးဝင်ခြင်းနှင့် ဘေးထွက် မြစ်ဖွာအားကောင်းသောကြောင့် နောက်သီးများ စိုက်ပျိုးနိုင်ရန် ကောင်းမွန်သော မြေလွှာဖွဲ့စည်းမှုကို ရရှိစေခြင်း။

၆။ အခြား သီးနှံများ အတွက် လေကာပင်များအဖြစ် စိုက်ပျိုးနိုင်ခြင်း။

၇။ အပင် အမြင့် (၁၂)ပေခန့်ထိ မြင့်သောကြောင့် အခြား အပင်များအတွက် အရိပ်ရစေခြင်း။

၈။ ပျားများ ကြိုက်နှစ်သက်သော အပင်ဖြစ်ခြင်း။

၉။ ချယ်ရီခရမ်းချဉ်ကဲ့သို့ခရမ်းချဉ်ပင်များအား နေရောင်ကောင်းစွာရသည့်ဘက်တွင် စိုက်ပျိုးကာ ပဲစင်းငုံပင်ပေါ် တင်ပေးနိုင်သည့် အတွက် သက်ရှိစင်များဖြစ်ခြင်း။

၁၀။ အခြား သီးနှံများစွာနှင့် အလွယ်တကူရောနှော စိုက်ပျိုးနိုင်ခြင်း

၁၁။ သန်မာသော အမြစ်များ ရှိခြင်းနှင့် နှစ်ရှည်ပင်ဖြစ်ခြင်းတို့ကြောင့် တောင်စောင်းနေရာများတွင် မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်နိုင်ခြင်း။

၁၂။ ရိတ်သိမ်းရ လွယ်ကူသည့် သီးနှံဖြစ်ခြင်း။

၁၃။ မိုးခေါင်ဒဏ်ခံနိုင်သည့် ပဲမျိုးဖြစ်သောကြောင့်ရေ လိုအပ်ချက် နည်းပါးခြင်း။

၁၄။ ခြောက်သွေ့နေသော ပဲစင်းငုံကိုင်းများကို ထင်းအဖြစ်သော်လည်းကောင်း၊ ခြံစည်းရိုး အဖြစ် သော်လည်းကောင်း အသုံးပြုနိုင်ခြင်း။

ကိုခွန် (စိုက်ပျိုးရေး)

ကျမ်းကိုး_

1. ပဲစင်းငုံစိုက်ပျိုးနည်းစနစ် တောင်သူပညာပေးစာစောင်၊ စိုက်ပျိုးရေးဦးစီးဌာန

2. www.infonet-biovision.org/plathealth/crops/pigeon-pea

3. www.homeguide.sfgate.com

4. www.plantvillage.org/eng/topics/pigeonpea

5. https://en.m.wikipedia.org/wiki/pigeon_pea

6. www.tropicalforages.info/key/forages/media/html/cajanus_cajan.htm

7. www.awildgreenlife.com/15reasons-to-grow-pigeon-pea/

8. www.Greenharvest.com.au


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်