ကုလားပဲ စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် ko khun ko khun မှ ရေးသား
သိပ္ပံ အမည် (Cicer arietunum) သည် လက်တင် ဘာသာမှ ဆင်းသက်လာပြီး “အား (သို့) ခွန်အား”ဟု အဓိပ္ပါယ်ရသည်။ အိန္ဒိယ၊ ပါကစ်စတန်၊ တူရကီ၊ အီသီယိုးပီးယားပြီးလျှင် မြန်မာသည် ပဥ္စမမြောက် စိုက်ဧက အများဆုံး ဖြစ်သည်။ ထုတ်လုပ်မှုတွင်လည်း မြန်မာနိုင်ငံသည် ထိုအတိုင်းပင်ဖြစ်သည်။ ကုလားပဲသည် ကမ္ဘာတွင် တတိယ အရေးကြီးသော ပဲတစ်မျိုး ဖြစ်သည်။ 
ကုလားပဲအား အစေ့ အရွယ်အစားနှင့် အရောင်ပေါ် မူတည်ပြီး “ဒေစီနှင့် ကာဘူလီ”ဟူ၍ (၂)မျိုး ခွဲခြားထားသည်။
(၁) “ဒေစီ”သည် လုံးဝန်းပြီး အရွယ်ကြီးကာ အစေ့အရောင်မှာ နို့နှစ်ရောင်ဖြစ်သည်။ အပင်မြင့်၊ အရွက်ကြီးပြီး အပွင့်မှာ အဖြူရောင် ဖြစ်သည်။
(၂) “ကာဘူလီ”သည် အစေ့အရွယ်သေးကာ စောင်းများပါသည်။ အရောင်မှာ နို့နှစ်၊ အညို၊ အဝါ၊ အစိမ်း ဟူ၍ အမျိုးမျိုးရှိနိုင်သည်။ ဤမျိုးတွင် သီးတောင့် (၁)တောင့်တွင် အစေ့ (၂)စေ့ခန့်သာ ပါဝင်လေ့ရှိပြီး အပင်ပုသည်။ အရွက်သေးပြီး အပွင့်သည် ခရမ်းရောင်ဖြစ်သည်။
 
 စိုက်ပျိုးရာဒေသများ
 ကမ္ဘာတွင် ကုလားပဲအား မြောက်လက်တီတွဒ် ၂၀ ဒီဂရီမှ ၄၀ ဒီဂရီကြားတွင် စိုက်ပျိုးမှုများပြီး မြောက်လက်တီတွဒ် ၁၀ ဒီဂရီမှ ၂၀ ဒီဂရီ ကြားဒေသများတွင်လည်း အနည်းငယ် စိုက်ပျိုးကြသည်။ စိုက်ပျိုးနိုင်သည့် ဒေသများ အမျိုးမျိုး ကွဲပြားမှုကြောင့် အပင် အတွက် အပူချိန်၊ လင်းတာနှင့် မိုးရေရရှိမှုများသည် ကွာခြားသွားသည်။ ကုလားပဲကို မြန်မာနိုင်ငံတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးသည်။
 
 ရာသီဥတု လိုအပ်ချက်
ည် ၈ ကုလားပဲသည် မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိပြီး တနှစ်ရွာသွန်းသော မိုးရေချိန်သလက်မနှင့် ၁၆ လက်မကြား ရှိလျှင်ပင် စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံး မိုးရေချိန်သည် ၂၄ လက်မနှင့် ၃၆ လက်မကြား ဖြစ်သည်။ ပျမ်းမျှနေ့ အပူချိန် ၂၁ ဒီဂရီ စင်တီဂရိတ်မှ ၃၃ ဒီဂရီ စင်တီဂရိတ်ကြားတွင် ကောင်းစွာ ဖြစ်ထွန်းပြီး အကောင်းဆုံး ညအပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်မှ ၂၁ ဒီဂရီ စင်တီဂရိတ်ကြား ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် အောက်တိုဘာ၊ နိုဝင်ဘာတွင် စိုက်ပျိုးပြီး ဇန်နဝါရီနှင့် ဧပြီလ အတွင်း ရိတ်သိမ်းကြသည်။
 
 မြေပြုပြင်ခြင်း
 ကုလားပဲ စိုက်ပျိုးမည့် ပုံစံ (သီးညှပ်-သီးထပ်) နှင့် မြေအမျိုးအစားအပေါ် မူတည်၍ မြေပြုပြင်ရန် လိုအပ်သည်။ ထယ်ရေး နက်နက်ကို မိုးမရွာခင် ကြိုတင်ဆောင်ရွက်ခြင်းဖြင့် အောက်ခံမြေမာလွှာကြောင့် အပင်ညှိုးခြင်း ကင်းဝေးကာ မြေတွင်း အစိုဓာတ်ကိုလည်း ကောင်းစွာ ထိန်းထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ပေါင်းအန္တရာယ် ကင်းဝေးကာ မြေတွင်လည်း သိပ်သည်းမှု လျော့သွားကာ အမြစ်များကောင်းစွာ ဆင်းနိုင်မည်။ ကုလားပဲသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုံးမြေများနှင့် နုံးရောသောမြေစေးများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ကုလားပဲ အတွက် အကောင်းဆုံး အာဟာရစုပ်ယူနိုင်သော မြေချဉ်ငံကိန်းမှာ (၅.၇-၇.၂) အတွင်း ဖြစ်ပါသည်။ လေဝင်လေထွက် ကောင်းသောမြေမျိုး လိုအပ်သောကြောင့် မြေစေးများတွင် စိုက်ခင်းကို ကောင်းစွာ ပြင်ရန် လိုအပ်ပါသည်။ ဆားပေါက်မြေများသည် ကုလားပဲ သီးနှံအား ဆိုးရွားစွာ ထိခိုက်စေပြီး ဖော့စပရပ်၊ ဇင့်နှင့် သံဓာတ်များ ရရှိမှုကိုလည်း အနှောင့်အယှက် ဖြစ်စေသည်။
 
 သီးညှပ် စိုက်ပျိုးခြင်း
 ကုလားပဲပင်အား အခြား အပင်များနှင့် ရောနှော စိုက်ပျိုးနိုင်ပါသည်။ အကောင်းဆုံးရောနှောမှုများမှာ ဂျုံနှင့် ကုလားပဲ (၅၀+၅၀)နှင့် ပြောင်းနှင့် ကုလားပဲ (ပြောင်း(၁)တန်း+ကုလားပဲ(၂)တန်း) တို့ ဖြစ်သည်။
 
အစေ့နှင့် အညှောင့်ပေါက်ခြင်း
ကုလားပဲစေ့တွင် အစေ့ခွံ၊ အစေ့ရွက် (၂)ခုနှင့် သားလောင်း တစ်ခုပါသည်။ အစေ့ခွံတွင် အလွှာ(၂)ခု ပါဝင်သည်။ မြေတွင် အစိုဓာတ် လုံလောက်စွာရှိပြီး အပူချိန်သည် (၁၈-၃၃)ဒီဂရီရှိသော အခါတွင် ကောင်းစွာ အညှောင့်ပေါက်သည်။
 
 ကုလားပဲသီးနှံ တစ်ဧက တင်း(၂၀)ထွက်ရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့် 
(၁) ကြိုတင် ပြင်ဆင်ခြင်း
 သဘာဝမြေသြဇာ၊ နွားချေး (၁)ဧက တင်း (၁၀ဝ-၁၅၀)ကို နေရာအနှံ့ ချပါ။ မြေခံ အဖြစ် ယူရီးယား (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက် (၁၂) ပြည် ထည့်ပါ။ အနည်းဆုံး ထယ် ၁ စပ်၊ ထွန် ၂စပ် ဝင်ပါ။ ရေဆင်း ကုလားပဲ နီ(၆)၊ ရေဆင်း ကုလားပဲဖြူ (၈)၊ ရွှေနီလုံးကြီး၊ ရေဆင်း ကုလားပဲဖြူ (၉) တို့ကို အသုံးပြုပါ (သို့မဟုတ်) ဒေသ အထွက်ကောင်းမျိုးများကို အသုံးပြုပါ။
(၁)ဧက အပင်ဦးရေ တစ်သိန်းသုံးသောင်း ရရှိရန် ပင်ကြား (၄)လက်မ၊ တန်းကြား (၁၂) လက်မ ထား၍ မျိုးစေ့ (၁)တင်းထိ အသုံးပြုနိုင်သည်။ မျိုးစေ့ကို မျိုးစေ့ လူးနယ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်ပါ။
 
 (၂) စိုက်ပျိုးခြင်း
ကုလားပဲ မျိုးစေ့များကို ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှင့် သမအောင်ရောနယ်ပါ။ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်း အတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၃ လက်မ အတွင်း ချ၍ စိုက်ပျိုးပါ။ အပင်ငယ်စဉ် အတွင်း လှေး၊ ကျိုင်း၊ ပျ၊ ရွက်စားပိုး၊ မွှားပင့်ကူနီများ ကျရောက်တတ်သောကြောင့် ပင်လုံးပြန့် အာနိသင်ရှိသော တစ်မျိုးမျိုး ဖျန်းပါ။ ညှိုးသေရောဂါ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တမျိုးမျိုး ဖျန်းပါ။ ပေါင်းမြက် ကင်းစင်အောင် ၁၅ ရက်ခြားပြီး ၂ ကြိမ်ဆောင်ရွက်ပါ။ ရွက်ဖျန်းမြေသြဇာ အရည်ကို ၁၅ရက် ခြားပြီး ဖျန်းနိုင်သည်။ ပန်းစပွင့်ချိန်တွင် အစိုဓာတ်နှင့် အာဟာရဓာတ်များ မပြတ်စေရန် အရေးကြီးသည်။ ပန်းများ ပွင့်အားကောင်းစေရန် တီစူပါနှင့် ပိုတက် (P & K) ပါဝင်မှု များသော ရွက်ဖျန်းမြေသြဇာကို အသုံးပြုပါ။ သီးနှံသက်တမ်း တလျှောက်တွင် ပင်ညှိး၊ မြစ်ခြောက်ဆွေး၊ ပင်ခြေပုပ်ရောဂါများ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တစ်မျိုးမျိုးကို (၁၅)ရက်ခြား ဖျန်းနိုင်သည်။ ရက် ၆၀နှင့် ၈၀ ဝန်းကျင်တွင် အသီးနှင့် အစေ့အဆံ တည်သော အချိန်ဖြစ်သောကြောင့် သီးလုံးဖောက်ပိုးကိုလည်း ဂရုစိုက်ရမည်။ ဤအချိန်တွင် အပင်သည် စိမ်းစိုပြီး ကျန်းမာနေရမည်။ အပင် အတွက် အာဟာရ လိုအပ်ချက်သည်လည်း အမြင့်ဆုံး ဖြစ်သည်။
 
 (၃) ရိတ်သိမ်းခြင်း
 ကုလားပဲမျိုး၊ ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ပြုစုစောင့်ရှောက်မှုပေါ် မူတည်၍ ရက် (၉၀-၁၂၀) အတွင်း ရင့်မှည့်လေ့ ရှိကြသည်။ သီးတောင့် အရောင် ကောက်ရိုးရောင်၊ အညိုဖျော့ရောင် ပြောင်းသွားချိန် (သို့) ၈၀ ရာခိုင်နှုန်းသော သီးတောင့်များ ရင့်မှည့်သော အချိန်တွင် ရိတ်သိမ်းနိုင်သည်။ သီးတောင့်များအား နယ်လှေ့၊ သန့်စင်ပြီး ၂ နေ၊ ၃ နေပြကာ အစိုဓာတ် ၈-၉ ရာခိုင်နှုန်း ရှိချိန်တွင် သိုလှောင်ပါ။
 
ကိုခွန် (စိုက်ပျိုးရေး)

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်